Page 36

15.2K 2.3K 85
                                    

အရှိန်ပြင်းစွာ မောင်းနှင်နေသော ကားတွေနှင့် ဝေးသည်ထက် ဝေးအောင်  လူသွားစင်္ကြန်၏ ဘေးစွန်းနား၌ ကပ်၍ ခေါင်လွမ်း လမ်းလျှောက်နေမိသည်။ သည်ကားကြီးတွေက ကိုကို့, ကို ထိခိုက် နာကျင်စေခဲ့သည်မလား။ ဘယ်အရပ်ဆီသို့ ဦးတည်၍ သွားနေမှန်း မသိသည့် ခြေလှမ်းတွေသည် တကယ်ကို ဖြည်းဖြည်းချင်းသာ လျှောက်လှမ်းနေ၏။
ခဏတာ ခိုလှုံခဲ့ရသော အိမ်လေးမှနေ ဝေးလာသည်နှင့် အမျှ ခေါင်လွမ်း၏ နှလုံးသားလေးမှာ တဖြည်းဖြည်း
နာကျင်လာရသည်။ ရှေ့သို့ မကြည့်ဘဲ ခေါင်းကို ငုံ့ကာ
လျှောက်မိတော့ လမ်းသွားလမ်းလာတွေနှင့် တိုက်မိကုန်၏။ အများစုမှာ သည်အတိုင်းသာ
ကျော်သွားကြပေမဲ့ တစ်ချို့သော လူတွေကတော့ ခေါင်လွမ်းကို ဆဲဆိုသွားကြသည်။

ထိုသို့ ဆဲဆိုသံတို့ကို ကြားလိုက်ရချိန်တိုင်း ခေါင်လွမ်း၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရ၏။ ရင်တွင်းမှ နာကျင်လာမှုနှင့်အတူ ဆတက်ထမ်းပိုး တိုးလာသည်က မွန်းကြပ်မှုဟူသော အစိုင်အခဲပင်။

"ကိုကိုနဲ့ အဝေးကြီးကို သွားနေပြီမို့လို့ ကိုကို အသက်အရှည်ကြီး နေရပါစေနော်"

ငွေ့ရည်တို့ကြောင့် တဖြည်းဖြည်း ဝေဝါးလာသော မျက်လုံးကို ပွတ်သပ်ရင်း ခေါင်လွမ်း တိုးတိုးလေး ရေရွတ်မိသည်။ ဇူလိုင်လ၏ ရာသီဥတုမှာ စိတ္တဇဆန်လွန်း၏။ တိမ်ကင်းစင်သော ကောင်းကင်ပြာသည် ယခုတော့ အုံ့မှိုင်းနေသော တိမ်တိုက်တို့၏ သားကောင်အဖြစ်သို့ သက်ဆင်းရလေသည်။ နေမင်းကို အနိုင်ရသော မိုးရေစက်တို့သည် ဤကမ္ဘာမြေကြီးပေါ်သို့ အညှာအတာ
ကင်းမဲ့စွာ ကျဆင်းလာကြ၏။ ဖြည်းဖြည်းချင်းသာ တိုက်ခတ်ခဲ့သော လေပြည်လေညင်းတို့သည်လည်း
ယခုတော့ ပြင်းထန်သော လေရှုးတို့ပမာပင်။
မိုးသည်းထန်နေသော ဤလမ်းမထက်၌ ထီးများကို ကိုယ်စီဆောင်းကာ သွားလားနေကြသော လူတွေကြား
ခေါင်လွမ်းသည် ခပ်နှေးနှေးလေးသာ လမ်းလျှောက်နေမိသည်။ ဘယ်နေရာသို့ ကြည့်ကြည့် တောင်တန်းတွေ အစား မြင့်မားလွန့်သည့် အိမ်အကြီးကြီးတွေ၊ များပြားလွန်းသည့် ကားကြီးတွေသည် ခေါင်လွမ်း၏ စိတ်အာရုံကို တရိပ်ရိပ် မူးနောက်စေ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now