Page 4

24K 3.3K 17
                                    

မိုင်စိုင်း အတွက်တော့ အချိန် တစ်ပတ်ကျော်သည်အထိ ပန်နန်းဒင်၌ နေရသော နေ့ရက်များကို အသားကျအောင်
ကြိုးစားနေရဆဲပင် ဖြစ်သည်။ ကြွေပန်းကန်ထဲ၌ ကိတ်မုန့်နှင့် ကော်ဖီပူပူတို့အစား ယခုတော့ ထမင်းကြမ်းကြော်နှင့် ရေနွေးကြမ်း
ပူပူနွေးနွေးတို့သည် နေရာယူထား၏။

အားပြင်းပြင်းဖြင့် ရေနွေးပူပူတို့ကို မှုတ်လိုက်တော့ ရေနွေးငွေ့တို့သည်
သူ၏ မျက်တောင်ထူထူတို့ကို ရိုက်ခတ်သွားသည်။ မျက်ခုံး၊ မျက်လုံး အပြစ်ပြောစရာ မရှိသည့် မိုင်စိုင်း၏ သွင်ပြင်သည် တစ်ခါ မြင်မိလျှင်
နောက်ပြန် ကြည့်ရလောက်သည် အထိ စန်းထသော ရုပ်ရည်မျိုးတော့ မဟုတ်။
ထို့ကြောင့် အနုပညာလောက၌ မှေးမှိန်နေသူများထဲမှ တစ်ဦး အပါအဝင် ဖြစ်သည်။

ဝါသနာ မပါသည့် အလုပ်ကိုမှ စန်းထမနေပြန်တော့လည်း သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ မေမေ၏ တိုက်တွန်းမှုကြောင့် ဖြစ်လာရသော အနုပညာရှင် အလုပ်သည်
မအောင်မြင်သဖြင့် သူဝါသနာပါရာ စာရေးဆရာ ဖြစ်ခွင့်ရသည်။ သို့သော် စာပေလောက၌လည်း မအောင်မြင်ပါက အနုပညာ အလုပ်ကို ပြန်လုပ်ရမည်တဲ့။

မေမေ၏ စိတ်ထဲ၌ မိုင်စိုင်းသည် မည်သည့်နေရာမျှ အသုံးကျလာမည် မဟုတ်သော သားတစ်ယောက်ဟု မှတ်ယူထားပုံရသည်။ မေမေမွေးသည့်
သူ့ဘဝက မေမေ့ စိတ်ကြိုက်သာ စီရင်ချက် ချပိုင်ခွင့်ရှိသည်။

မေမေ၏ အရိပ်အောက်၌ နေရသည့် မိုင်စိုင်း၏
ဘဝသည် လှောင်အိမ်ထဲ၌ မကြောင့်မကြ နေရသည့် ငှက်ငယ်ဟုဆိုလျှင် ယခုတော့ လေဆန်ကို တိုးရတော့မည့် ငှက်ငယ်ပမာ ဖြစ်လိမ့်မည်။

အနည်းငယ်သာ ကျန်တော့သော လက်ကျန် ရေနွေးကြမ်းကို တစ်ကျိုက်တည်း မော့ချပြီးသည်နှင့် နဖူးပေါ်သို့ ကျနေသော ဆံပင်တို့ကို အနောက်ဘက်သို့ သပ်တင်လိုက်၏။

နဖူးပြင် ကျယ်ကျယ်နှင့် မိုင်စိုင်းသည်
သူ၏ အစိတ်အပိုင်း တစ်ခုချင်းစီကို ကြာကြာ စိုက်ကြည့်မိလျှင်တော့ တစ်သက်တာလုံး ပိုင်ဆိုင်ချင်မိလောက်သည်အထိ
ပြီးပြည့်စုံသောသူ ဖြစ်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now