Page 6

22.4K 3.3K 51
                                    

လူတစ်ရပ်ကျော်လောက် မြင့်မည့် ချုံနွယ်တို့ကြား၌ လူတစ်ယောက်စာသာ လျှောက်လို့ရနိုင်မည့် လမ်းကျဉ်းလေးကို ဖောက်ထားသည်။ ပလိုင်းကို ကျော၌ သိုင်းလွယ်ထားသော ခေါင်လွမ်းသည် ခြေလှမ်းကျဲကျဲဖြင့် ရှေ့မှ ခပ်သွက်သွက် လျှောက်နေ၏။

ယုန်ငယ်လေးလို အပြေးနှင်နေသည့် ကောင်လေး၏ အနောက်သို့ မိုင်စိုင်းခမျာ မနည်း အမီ,လိုက်နေရသည်။ အရှေ့သို့သာ စိုက်စိုက်မတ်မတ် လျှောက်နေသည့် ကောင်လေးသည် အနောက်ဘက်သို့ တစ်ချက်လေးမျှတောင် လှည့်ကြည့်မလာပါ။ ပြေးမတတ်သွားနေရင်း စမ်းချောင်းလေးနားသို့ ရောက်တော့မှ ခေါင်လွမ်း၏ ခြေလှမ်းတို့သည်
ရပ်တန့်သွားတော့၏။ ထိုအခါမှ မိုင်စိုင်းလည်း သက်ပြင်းချနိုင်တော့သည်။

နာရီဝက်ကျော် တစ်နာရီနီးပါ လမ်းလျှောက်ရတုန်းကဖြင့် စာမဖွဲ့လောက်ပေမဲ့ တစ်နာရီခွဲလောက်ကျတော့ မြေပြန့်သားဖြစ်သူ မိုင်စိုင်းခမျာ မောလာရသည်။ ထို့ကြောင့် နီးစပ်ရာ ကျောက်တုံးကြီးပေါ်သို့ အပြေး ထိုင်ချလိုက်ရင်း လေကို တဝကြီး ရှုရှိုက်ရင်း အမောဖြေလိုက်ပါမှ သက်သာရာ ရလာသည်။ လေပြည်နုနုတို့သည် နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည် သာမက ပါးပြင်ထက်မှပင်
ဖြည်းညင်းစွာ ဖြတ်သန်းသွားကြ၏။

ရာသီဥတုသည် လူကို ချမ်းအေးစေပေမဲ့ ထိုလေညင်းတို့ကတော့ စိတ်ကို လန်းဆန်းစေသည်။ ခေါင်လွမ်းကို ကြည့်လိုက်တော့ သူနှင့် ခပ်လှမ်းလှမ်း တစ်နေရာ၌ ထိုင်နေ၏။ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောမိကြသည့် သူတို့နှစ်ဦးသည် ယခုလည်း စကားစ၍ မပြောမိကြ။

ကျော်နေသာ ပါလာလျှင်တောင် ယခုလောက်
အေးစက်စက်နိုင်မည့် အခြေအနေမျိုးနှင့်
ကြုံတွေ့ရမည် မဟုတ်။ ထိုသူက ကျောင်းကိစ္စရှိသည်ဟုဆိုကာ မိုင်စိုင်း တစ်ယောက်တည်းကိုသာ ခေါင်လွမ်း ဟင်းစားရှာမည့် နောက်သို့ လိုက်စေခဲ့သည်။ ယခုတော့ မိုင်စိုင်းခမျာ ရေဆာနေသည်တောင် စကားကို မည်သို့ စပြောရမည်မှန်း မသိ။ မျက်စိရှေ့ရှိ စမ်းချောင်းလေးမှ ရေကြည်ကြည်တို့ကိုလည်း သူမသောက်ရဲ။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now