Page 9

20K 2.8K 26
                                    

"ဒို ရေ မီး ဒို ~~~ ဒို ရေ မီး ဒို"

စာသင်ခန်းငယ်လေးအတွင်း၌ ပုလွေသံမှာ စည်းချက် မှန်မှန်လေး ထွက်လာသည်။ ထိုအခါမှ မိုင်စိုင်း ပြုံးကာ
သက်ပြင်းချနိုင်သွားတော့၏။ သူသည် ဆရာတစ်ယောက် မဟုတ်သလို စာအသင်အပြ၌လည်း မကျွမ်းကျင်ပါ။
သို့သော် ဂီတနှင့် ရင်းနှီးခဲ့သော သူ့အဖို့တော့ ကလေးတွေကို တူရိယာလေးတွေ တီးမှုတ်တတ်ရန်အတွက် ကောင်းစွာ သင်ပြပေးနိုင်သည်။

သူရေးမည့် ဇာတ်ကောင်မှာ ဆရာတစ်ယောက် ဖြစ်နေသည်ရော သူကိုယ်တိုင်ကပါ သင်ပေးဖို့အတွက် စိတ်အားထက်သန်မှုတို့ပါ ရောပေါင်းတော့ တစ်ပတ်ကို နှစ်ရက်ကျ ယခုလို ကျောင်းဆင်းချိန်တိုင်း ကျော်နေသာတို့
တာဝန်ကျရာ ကျောင်းလေး၌ ပုလွေမှုတ်နည်းကို လာသင်ပေးဖြစ်ပါသည်။ ဗမာစကားကို သိပ်နားမလည်သည့် ကလေးတွေကြောင့် အစပိုင်း၌ အခက်တွေ့ခဲ့ရပေမဲ့ ယခုတော့ အတော်လေးကို အဆင်ပြေနေပြီ ဖြစ်သည်။ ဘာသာစကား တစ်မျိုးတည်းဖြင့်ပဲ လူသားတွေ အချင်းချင်း ဆက်သွယ်နိုင်ကြသည် မဟုတ်။ နှလုံးသားတွေ၊ အကြည့်ချင်းတွေဖြင့်လည်း ဆက်သွယ်နိုင်သည် မဟုတ်လား။

များသောအားဖြင့် မိုင်စိုင်းသည် ကလေးတွေနှင့် ဆက်သွယ်ရာ၌ အမူအရာကို အဓိကထား၍ အသုံးပြုသည်။ တစ်ခါတလေ ဗမာစကားတွေ တတ်သလောက် ပြောဖြစ်ကြသည်။ အလွဲတွေ ဖြစ်တဲ့အခါတိုင်း သူတို့အားလုံး ရယ်မောကြသည်။ တစ်ခါတလေမှာတော့ အူကြောင်ကြောင်တွေလည်း ဖြစ်ခဲ့ကြသေး၏။ အချိန်နှစ်ပတ်လောက် အခက်အခဲတွေကို ကျော်လွန်ခဲ့ပြီးနောက် ကလေးတွေနှင့် မိုင်စိုင်းကြား အဆင်ပြေမှုလေးတွေက စတင်လာတော့သည်။

ဂီတနှင့် ထိတွေ့ခွင့်မရခဲ့သည့် ကလေးငယ်တို့မှာ ယခုတော့ မိုးရေစက်တို့နှင့် ထိတွေ့လိုက်ရသော ပန်းပွင့်တို့နှယ် တက်ကြွလန်းဆန်းနေကြသည်။ ကလေးငယ် ဆယ်ယောက်လောက်သာ ရှိသော စာသင်ခန်းလေး အတွင်း၌ ရောင်စုံဘောလုံး သီချင်းသည် မြိုင်မြိုင်ဆိုင်ဆိုင်လေး ထွက်လာတော့၏။ သီချင်းသံ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် မိုင်စိုင်းမှာ
လက်ခုပ်တီး၍ လက်မနှစ်ချောင်းကို ထောင်ပြလိုက်တော့ ထိုကလေးငယ်တို့သည်လည်း အပြုံးလေးတွေဖြင့် လက်မကိုယ်စီ ပြန်ထောင်ပြလာကြသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now