Part 1

57.4K 3.2K 345
                                    

မိုးဦးလေပြင်းကျချိန်ဖြစ်သောကြောင့် ရာသီဥတုကား ကိုယ့်ဘက်မပါ။
ကောင်းကင်၌ တလက်လက်တောက်နေသော မိုးကြိုးလျှပ်စီးများကြား လှေငယ်တစ်စင်းဟာ လှုပ်ယိလှုပ်ရွှဲ့။

"ဦးဇော်ရေ...ကျွန်တော်တို့အဆင်ပြေပါ့မလား။"

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက် လှိုင်းများ ယိမ်းထိုးနေသည်။ ထိုနည်းတူ လှေငယ်လေးပေါ်၌ ပါလာသော လူနှစ်ဦးမှာလည်း အသက်ဘေးအတွက် စိုးရိမ်နေရသည်။

"သိပ်တော့မသေချာဘူး။
အရုဏ်ရေ..ကိုယ့်အသက်သာလွတ်အောင်ရှောင်ထား။"

"ဟူး~"

တကိုယ်လုံးစိုရွှဲနေပြီဖြစ်တာကြောင့် မထူးဇာတ်ခင်းကာ ပေါင်းမိုးထဲမှ ထွက်၍ ရာသီဥတုအခြေအနေကို ကြည့်ရသည်။
လှေထဲ ရေတွေ တဖြည်းဖြည်းဝင်လာတာကြောင့် မကြာခင် မြုပ်တော့မည့်ဆဲဆဲ။

တလက်လက်တောက်နေတဲ့ လျှပ်စီးကြောင်းတွေကို မကြောက်မရွံ့ ကြည့်ရှုနေသူ၏ နာမည်မှာ အရုဏ် ဟုခေါ်သည်။
အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကုန်သည်လေးတစ်ဦးဖြစ်သည်။
ဖခင်ဖြစ်သူ ဦးကောင်းစည်၏ ခိုင်းစေမှုကြောင့် အထက်ဘက်သို့ ကုန်စည်တွေသွားပို့ပေးပြီး အပြန်လမ်းတွင် ရာသီဥတုကြောင့် အသက်ဘေးနှင့် ကြုံနေရသည်။

"ရေတွေဝင်လာပြီ။
ခပ်ထုတ်..ခပ်ထုတ်။"

"ဟုတ်..ဟုတ်။"

ယောပုဆိုးအား တိုတိုဝတ်၊ကော်လံကတုံးအင်္ကျီအား လက်တိုသွားအောင် ခေါက်တင်လိုက်ပြီးနောက် တွေ့ရာ ခွက်ကိုယူကာ ခပ်ထုတ်နေရတော့သည်။ အရုဏ်နှင့် လိုက်လာသူ ဦးဇော်မှာ ဦးကောင်းစည်၏ လူယုံတော်ဖြစ်သည်။ ခရီးသွားရာတွင် ကျွမ်းကျင်တာကြောင့် ဖခင်ဖြစ်သူက အကူအညီဖြစ်အောင် ထည့်ပေးလိုက်ခြင်းဖြစ်သည်။

"အဆင်​မပြေတော့ဘူးဗျာ။"

"ဟုတ်တယ်ကွာ..။
လှေမမြုပ်ခင် လိုတာယူပြီး ကမ်းဘက်ကို ကူးရမယ်။"

မိုးစက်၊မိုးပေါက်များသည်းထန်လာတာကြောင့် ပတ်ဝန်းကျင်ကို သိပ်မမြင်ရ။
လေတိုက်သံတရှူးရှူးကြောင့် နားတွေအူလာသည်။ အနည်းငယ်ဝပြီး အရပ်ရှည်သော ဦးဇော်က အရုဏ်အား ဦးဆောင်၍ လှေပေါ်မှ အရင်ခုန်ချသည်။ အရုဏ်နှင့် ဦးဇော်ခုန်ချပြီး သိပ်မကြာလိုက်ပါ။ ပေါင်းမိုးနှင့်လှေလေးမှာ ဧရာဝတီမြစ်၏ အလှတရားကြား၌ စားသုံးခံလိုက်ရသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now