Part 22

10.8K 1.5K 140
                                    

"ကျုပ်တို့ရွာက ခေါင်ပါတယ်ဗျာ။"

"ခေါင်ပေမဲ့ သဘာဝတရားကြီးရှိတယ်လေ အစ်ကိုရယ်။"

တဖြည်းဖြည်းမောင်းလာသောနွားလှည်းကလေးဟာ လယ်ကွင်းအစပ်နားတွင် ရပ်တန့်သွား၏။
ညနေ နေဝင်ရီတရော အချိန်အခါမို့ လယ်ယာလုပ်သားများ အိမ်ကိုပြန်ကြပြီ။
လယ်ကန်သင်းရိုးတွင် ပုစွန်လုံးနှိုက်နေသော ကလေးငယ်များ ပုဆိုးကွင်းသိုင်း၍ ပျော်မြူးကာ ညစာကိုပိုက်ရင်း အိမ်သို့ပြေးကြပြီ။

"အစ်ကိုတို့ရွာကအေးချမ်းတာပဲ။"

"ဧရာဝတီမြစ်ရေဝင်တော့ နည်းနည်းစိမ်းစိမ်းစိုစိုရှိတာပါ။"

နွားလှည်းပေါ်က ခုန်ဆင်းပြီး လယ်ကွင်းအစပ်နားက တရုတ်စံကားပင်ကြီးအောက်သို့ အရိပ်ဝင်ခိုလိုက်သည်။ လေတဖြူးဖြူးတိုက်ခတ်နေမှုကြောင့် သစ်ကိုင်းများဟာ ဘယ်ညာယိမ်းနွဲ့နေဟန်။ ရေတွေပြည့်နေသော လယ်ကွင်းထဲ၌ နေလုံးနီနီရဲ့အရောင်အဝါက ပတ္တမြားတစ်ခဲရေထဲကျနေသလိုပင်။

"ဒါတရုတ်စံကားပင်မဟုတ်လား။"

"ဟုတ်တယ်လေ....ဘာဖြစ်လို့လဲ။"

ယိမ်းထိုးနေသော သစ်ကိုင်းများကြောင့် အဖြူရောင်တရုတ်စံကားပွင့်လေးဟာ အညှာမှကြွေပြီး မြေပြင်ပေါ်သက်ဆင်းရတော့မည်။ ထိုစဥ် အရုဏ်က လက်ဖြင့်ခံထားလိုက်ကာ မျက်နှာနားကပ်၍ ရှုရှိုက်ပြီးနောက် ရောင်နီ့ကိုပြန်ပြုံးပြပြန်သည်။

"တရုတ်စံကားပန်းလေးတွေက ခက်ခဲတဲ့အရာတွေ၊စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်အောင်ကူညီပေးတဲ့စွမ်းအင်ရှိတယ်လို့ ပြောဖူးကြတယ်။"

အရုဏ်ပြောပြတာကို ရောင်နီက အပင်ကိုမှီ၍ နားထောင်နေသည်။ ကိုင်းရွာမှာတော့ တရုတ်စံကားပွင့်ဆိုလျှင် ရေနွေး​ဖျော၊နုတ်နုတ်စင်းပြီး မြေပဲနှင့်သုပ်စားဖို့သာ သိကြသည်မဟုတ်လား။ အရုဏ်ပြောမှပဲ ရောင်နီပါးစပ်အဟောင်းသားဖြစ်နေပြန်ပြီ။

"ဟုတ်လား။"

"အင်း...သူတို့က ဝိဥာဥ်တွေနဲ့လည်းဆက်သွယ်ပေးနိုင်တယ်။ ဧည့်သည်တွေကို တည်းခိုဖို့ကြိုဆိုတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရှိတယ်တဲ့။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now