Part 2

20K 2.4K 214
                                    

မြစ်ကမ်းစပ်သို့ ရောက်အောင် ပြေးသွားပြီး သေချာကြည့်လိုက်တော့မှ လူနှစ်ယောက်ဖြစ်နေမှန်းသိလိုက်ရတော့သည်။
တစ်ယောက်က ပက်လက်လန်နေပြီး နောက်တစ်ယောက်ကမူ မှောက်လျက်သား ဖြစ်နေသည်။

"ဟာ...လူကွ။"

"ကြည့်ရတာ လှေမှောက်ပြီးမျောလာတာ ထင်တယ်။"

မိုးရေထဲ ကြောင်တောင်တောင်ဖြစ်နေသော ရောင်နီမှာ ပက်လက်လန်နေသော ထိုလူဆီမှ အကြည့်မခွာနိုင်ဖြစ်နေသည်။
ဖြူဖွေးလှသော အသားအရေရှိပြီး လက်ဖမိုးနှင့် လက်ပျံရိုးအပေါ်ဘက်တွင် အမွှေးနုနုလေးများ ပေါက်နေသည်။ မြစ်ကမ်းစပ်ဖြစ်နေတာကြောင့် ရွှံ့များပေကျံနေသော်လည်း သတိမေ့နေသော မျက်နှာလှလှမှာ လဝန်းနှင့်တူသည်။

"ချောရက်လိုက်တာ။"

"ဘာတွေပြောနေတာလဲ ငနီ။"

"ရွာထဲသယ်ဖို့ လုပ်ရမယ်ဟ။"

လူနှစ်ယောက်ကို မိုးရေထဲသယ်သွားဖို့ရာ ကိုခွေးအကြံထုတ်နေတော့သည်။ သကောင့်သား ရောင်နီ မှာတော့ ငေးကြည့်နေလို့ကို မပြီးနိုင်။

ရောင်နီငေးကြည့်နိုင်လောက်အောင် ထိုလူသားလေးမှာ ချောရက်လှသည်။ မထူမပါး နှုတ်ခမ်း၊ သွယ်လှနေသော မျက်နှာနုနု၌ မေးရိုးတို့က ထင်ရှားနေသည်။ နှာတံလေးမှာတော့ မြှားတံတစ်ချောင်းတင်ထားသကဲ့သို့။

"ဟိတ်ကောင်။
မ စမ်းပါဟ။
ငါတစ်ယောက်တည်းမနိုင်ဘူး။"

"သြော်...အင်း...အင်း။"

ကိုခွေးက မှောက်နေတဲ့လူကို ချီပြီးသယ်နေတာမြင်မှ ရောင်နီလည်း မျက်စိရှေ့က ကောင်လေးကို ချီဖို့သတိရသည်။
လယ်တောထဲ၊ကိုင်းတောထဲ ကြီးပြင်းလာရတဲ့ ခွန်အားများအား ထိုကောင်လေးကို မ လိုက်တဲ့အခါမှာတော့ ငှက်မွှေးတောင် တစ်ခုလိုခံစားရသည်။

"ပေါ့လိုက်တာ။"

"ငါတို့ ဘုန်းကြီးကျောင်း ပို့ကြမှာလား။"

"ကောင်းတယ်လေ။"

ကိုခွေးနှင့် ရောင်နီနှစ်ယောက်သား လူနှစ်ယောက်အသက်ကိုကယ်ဖို့ရာ မိုးထဲ၊လေထဲ ဘုန်းကြီးကျောင်းဆီ ပြေးရတော့သည်။
ရွှံ့ဗွက်တွေထနေတာမို့ ဖိနပ်တောင် ဘယ်နားချွတ်ခဲ့မှန်းမသိ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now