Part 4

16.5K 2.3K 154
                                    

"ဒီညတော့ သူတို့နိုးလာဦးမယ်မထင်ဘူး။"

ကပ္ပိယကြီးမှ ရောင်နီ့အား အသံနိမ့်၍ ပြောနေသည်။ နေဝင်ချိန်၏ သက်တံ့ဟာ မိုးရေကြောင့် စိုစွတ်လာသော လယ်ကွင်းများကြား တံတားထိုးနေသည်။ ကိုင်းရွာသူ၊ရွာသားများ ညနေစာအတွက် ချက်ပြုတ်နေကြသော အချိန်ဖြစ်သည်။ ထန်းတောထဲက ထန်းရည်သမားတို့လည်း ခြေလှမ်းများ ရွဲ့စောင်းကာ အိမ်ပြန်လာကြလေပြီ။ တောထဲမှ ကျေးငှက်အပေါင်းသည်လည်း အိပ်တန်းတက်၍ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စေသည်။

"သူတို့ကြည့်ရတာ မြို့သားတွေထင်တယ်။"

"ဟုတ်တယ်...ဝတ်စားထားတာ သန့်သန့်ပြန့်ပြန့်လေးတွေ။"

ကပ္ပိယကြီးဆိုလိုသည်က မြို့သူ၊မြို့သားတွေဟာ အညာဒေသလို ချည်အင်္ကျီတစ်ထည်၊ဖျင်ပုဆိုးနဲ့ ပြီးသွားသည်မဟုတ်ပေ။
အဝတ်အစားတစ်စုံပြီးတစ်စုံ ထပ်ဝတ်ကြပြီး မျက်နှာများကို ဆေးဆိုးပန်းရိုက် အလှဖြင့် ပုံဖော်ကြသည်။ ထိုသို့အလှများကိုပင် ရွာသူ၊ရွာသားတချို့က အားကျနေတက်သည်။

"ကျုပ်ကိုလိုရင်ခေါ်လိုက်နော် ကပ္ပိယကြီး။"

"ခေါ်တော့ရော မင်းက အားလို့လားဟ။"

"အားပါတယ်ဗျာ။
ကျူပ်ဒီနေ့ ထန်းရည်လျှော့သောက်မယ်။"

"အနောက်အရပ်က နေထွက်တော့မှာပဲ။"

ရောင်နီတစ်ယောက် အင်တင်တင် မျက်နှာထားဖြင့် ဘုန်းကြီးကျောင်းပေါ်က ဆင်းလာသည်။ ကပ္ပိယကြီးကတော့ စာဖတ်ရင်း လူနာစောင့်လုပ်ပြီး ကျန်ခဲ့လေသည်။
တောရွာဒေသများ၏ ထုံးစံမှာ ည ကိုးနာရီလောက်ဆိုလျှင် တစ်ရွာလုံး တိတ်ဆိတ်သွားကြသည်။ မနက်ဆိုလျှင် လေးနာရီလောက်ထကာ ယာခင်းထဲ သွားသည့်သူကသွား၊ လှေဆိပ်ဆင်းသူကဆင်းနှင့် အလုပ်ကိုယ်စီရှိကြသည်။

"ငနီရေ...ထတော့ ငါးနာရီထိုးပြီ။"

"ဗျာ...ဟုတ်...ဟုတ်။"

မနက်စောစောတွင် ရောင်နီတို့အိမ်၌ ဘကြီးမိုး၍ ဘုရားဝတ်ပြုသံကို သာယာနာပျော်ဖွယ် ကြားရသည်။ နေလုံးနီနီကြီးဟာ အရှေ့အရပ်မှနေ၍ အားကောင်းစွာ ထိုးထွက်လာပုံဟာ ပန်းချီကားတစ်ချပ်ပမာ။
ခြံဝင်ထဲက သရက်ပင်ပေါ်မှ လာသော ငှက်သံလေးသည် ရောင်နီ့အား မနက်စောစောတွင် နားဝင်ချိုစေသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now