Season 2- Chapter (42)_ နဂါးဖြူနှင့် နဂါးနက်တို့ဆုံတွေ့ချိန်

1K 132 7
                                    

(ေဇာ္ဂ်ီသမားမ်ား အောက္ကို ဆြခ်ေပးပါ)


စစ်နတ်ဘုရား၏အချစ်ဥယျာဉ်

Season 2- Chapter (42)_ နဂါးဖြူနှင့် နဂါးနက်တို့ဆုံတွေ့ချိန်


နန်ကျောင်နန်းတော် ထဲတွင် လျှို့ဝှက် အထောက်တော်များ၊ ခြေမြန်တော်များ၊ စာပို့ သိမ်းဌက်များက ဝင်လာမစဲ ဖြစ်နေသည်။ ထိုစာများကို စီစစ်လက်ခံရသည့် အရာရှိသည် မိမိတို့ အရှင်ငယ်ထံ ထိုစာကို သွားပို့ရပြီး အချိန်ကြာ လာသည်နှင့်အမျှ ပိုပိုကြောက်လာခဲ့သည်။

"တထန်ပြည်ကို တိုက်ခိုက်သည့် တပ်မဟာနှစ်ခု ရှုံးနိမ့်သွား....ကိုယ့်လက်နက်နှင့်ကိုယ်ပြန်မိပြီး တပ်မဟာ နှစ်ခုလုံးပြုတ်  "


ထိုစာလွှာကို လက်ခံရရှိတော့ ယွမ်ချူးခန်သည် လက်ထဲတွင် ကိုင်ထာသည့် လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ် ပေါက်ခွဲချလိုက်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက တထန်ပြည်ကို အပြုတ်တိုက်ပြီး တစ်တိုင်းပြည်လုံးကို ပျောက်ကွယ်သွားစေချင်ခဲ့တာ။ ဒါကြောင့် လက်နက် သုံးပုံတစ်ပုံထိ ပို့ပေးခဲ့သည်။ အခုတော့ ကိုယ့်လက်နက်နှင့်ကိုယ် ပြန်ပြီး အပြုတ်တိုက်ခံရသည်တဲ့လား။ လိုက်ပါကြီးကြပ်ခဲ့သည့် နယ်စားနှစ်ဦးတွင် တစ်ဦးက အသုံးသိပ်မကျပေမယ့် နောက်တစ်ယောက်က စေ့စပ်သေချာသူဖြစ်သည်။

" ဒါ ဘယ်လိုဖြစ်တာလဲ။ အကြောင်းရင်းကို သေချာစုံစမ်းလိုက်။ ပိုင်ဒါးကို ရအောင် ဆက်သွယ်။ ချူနိုင်ငံထဲက ငါတို့လက်အောက်ခံကို စစ်ကူပေးဖို့ အမြန် အမိန့်ပို့ စေ...."

ယွမ်ချူးခန်က စူးဘိုထိုင် အမျှော်မြင်မဲ့စွာ လုပ်သောကြောင့် ခုလို ဖြစ်နိုင်သည်ဟု တွက်ဆကာ အကောင်းဆုံးစစ်ကူပေးပြီး ပိုင်ဒါးနယ်စားကြီးကို ရအောင် ကယ်ဖို့ ကြိုးစားလိုက်သည်။ ပိုင်ဒါးက မိဖုရားတစ်ပါး၏ဖခင်ဖြစ်သည်။ သူတို့သာရှိသေးလျှင် မိမိအတွက် နောက်ခံအင်အားကို လိုသလို ထပ်တိုးချဲ့နိုင်သည်။ စူးဘိုထိုင် သေလျှင်ပင် ပိုင်ဒါးအသက်ရှင်ရမည်။

ယွမ်ချူးခန်က တားဂေါတိုင်းဖြင့် စစ်မြေပြင် အခြေနေကို စောင့်ဆိုင်းနေပေမယ့် သတင်းကောင်းထက် သတင်းဆိုးတွေသာဆက်တိုက် ရလာခဲ့သည်။

" အာနန်ပြည်ကို လုပ်ကြံခြင်းက မ အောင်မြင်.. မိုင်းလားနယ်စားကြီး အသတ်ခံလိုက်ရ"

" ချူတိုင်းပြည်ကို လုပ်ကြံမှု ရှုံးနိမ့်.. ချူကျင်းလုံ ထွက်ပြေးတိမ်းရှောင်နေရ "

တားဂေါတိုင်းက တုန်လှုပ်စွာဖြင့် သူ့ခေါင်းကို လက်နှင့် အုပ်ကာ ညည်းတွားလိုက်သည်။ သူတို့နှစ်ချီကြံစည်လာခဲ့ပေမယ့် ဒီ အင်အားအလုံးရင်းနှင့် တိုက်သည့် တိုက်ပွဲက ဘာကြောင့် ရှုံးနိမ့်ရတာလဲ။ ကုလန်က မြောက်ပိုင်းကိုရောက်နေသလို တိုလုအီလည်း ဒီကိုရောက်နေပြီ။ ကျန်သည့် လူတွေကိုလည်း  လူစုခွဲပစ်ကာ သီးသန့်စီချေမှုန်းလိုက်ပါလျက် သူတို့တပ်တွေက ဘာကြောင့် ကျရှုံးရတာလဲ။

"အရှင်ငယ်.... သူတို့နဲ့အတူ ဝင်္ကပါမြိုင်က လူတွေ ရှိနေတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် တထန်ပြည်မှာ ထန်လိုခိမရှိဘူး။ တထန်ရဲ့ စစ်သည်အားလုံးနီးပါးက ဝူပြည်ကို တိုက်ဖို့ပါသွားပြီ။ တထန်ပြည်မှာ ဟီဒယ်မင်းသမီးနဲ့ အိုနာကျိုးကန်းစစ်သည်တွေ ပဲ ရှိတယ်။ အာနန်ပြည်မှလည်း အဓိက အင်အားတွေက မြောက်ပိုင်းကို ချီလာခဲ့တယ်။ နန်းစောင့်တပ်နဲ့ ယေစုကိုင်းပဲရှိတယ်။ ချူတိုင်းပြည်ကလည်း အိမ်ရှေ့စံက စစ်တပ်ကို ထိန်းချုပ်ထားပါလျက် ဘာကြောင့် ဒီလောက်ရှုံးရတာလဲ...."

အမတ်ချုပ်ကြီး တားဂေါတိုင်းက မယုံနိုင်စွာဖြင့် ရေရွတ်နေသည်။ ယွမ်ချူးခန်က မျက်မှောင်ကုတ်လို့သာနေသည်။ သူ့ရဲ့အကြံစည် သေချာအောင်မြင်ပြီဆိုသည့် အကွက်တွေက ဘာကြောင့် ကျရှုံးရတာလဲ။

မိုးနတ်မင်းက ငါ့ချစ်သူမီရာကို ရအောင်ကြိုးစားနေတာကို အနှောက်ယှက်ပေးနေတာလား။ ဝင်္ကပါမြိုင်မကလို့ ဘာဖြစ်ဖြစ် မီရာကို ရအောင်ယူတဲ့နေရာ လာပိတ်ပင်ရင် အကုန်သတ်ပစ်ဖို့ မှာထားပြီးသား.. အခုတော့ ...ဘာကြောင့် သေချာနေသည့် တောင်ပိုင်းစစ်ပွဲက ရှုံးရတာလဲ။

သူတို့ လူတွေသာ အောင်ပွဲဆင်လျှင် ကုလန်ရဲ့ တပ်တွေက သေချာပေါက် တောင်ပိုင်းကို ပြန်လှည့်ကာ အသီးသီးပြန်သွားရမည်။ အခုတော့ ဒင်းတို့တပ်တွေက သူတို့ နေပြည်တော်ကို ဝိုင်းလာပေတော့မည်။

" ဝူပြည်သိမ်းပိုက်ခံလိုက်ရ၊ ဝူပြည်ကို သွားကူတဲ့ တပ်မဟာ အတိုက်ခံရလို့ တကွဲတပြား ပြန်ဆုတ်ခဲ့ရ "

" ဝူဘုရင်သစ် ဂျူဒါအမ်း ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့..."

နောက်ထပ်သတင်းဆိုးကို ရရှိချိန်တွင် တားဂေါတိုင်း၏ ရုပ်က အိုစာသွားခဲ့သည်။ ယွမ်ချူးခန်က အံကိုတင်းတင်းကြိတ်ကာ နောက်ဆုံးလုပ်ရမည့်  အရာကို စတင် စဉ်းစားနေရလေပြီ။ သူ့မိဖုရားတွေနဲ့ သားတော်လေးတွေကို ရှောင်ခိုင်းရတော့မည်လား။

" ငွေတောင်ပြည်ကို သိမ်းပိုက်ရန်သွားသည့်အဖွဲ့ တစ်ယောက်မှ ပြန်မလာခဲ့။ နန်းတော်ထဲ ဝင်သွားသမျှ အကုန် ကျဆုံးကုန်ဟု သိရ "

နောက်ဆုံးသတင်းရောက်လာချိန် ယွမ်ချူးခန် ဘယ်လိုမှ အောင့်အီးမထားနိုင်တော့ပဲ စားပွဲပေါ်က စာချွန်လွှာနှင့် မင်တောင့်တွေကို တွန်းချကာ ပေါက်ကွဲတော့သည်။

" တောက်...ဒါက ဘယ်လိုဖြစ်တာလဲ....ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ရှေ့တန်း စစ်မျက်နှာအားလုံးက အခုလို ရှုံးနိမ့်ရတာလဲ... "
" အရှင်.. လက်နက်တွေအကြောင်း သိသွားပြီးတန်ပြန် အသုံးချနိုင်လို့ ရန်သူတွေ အသာစီးရသွားတာ ဖြစ်နိုင်ကြောင်းပါ... ကျွန်တော်မျိုးတို့ လက်နက်အပြည့်စုံနဲ့ တပ်ကူပို့ရင် ဒီနယ်ကို ပြန်ရနိုင်ပါသေးတယ်။ အခုလောလောတယ် နေပြည်တော်နား ကပ်လာတဲ့ ကုလန်တို့တပ်ကို အရင်ဖြိုခွင်းဖို့လိုနေပါတယ် အရှင်"

တားဂေါတိုင်းက ဘယ်လောက် စိတ်ဓါတ်ကျသွားပေမယ့် လူငယ်ဖြစ်သဖြင့် ဒေါသပေါက်ကွဲနေသည့် အရှင်ငယ်ကို အတတ်နိုင်ဆုံး သူတို့ရှုံးနိမ့်ရသည့်အကြောင်းကို ပြောကာ နှစ်သိမ့်လိုက်သည်။
သူတို့ ဘယ်လိုလုပ်မည်ကို တိုင်ပင်နေစဉ် နန်းစောင့်တပ်မှုးကြီးက အလောတကြီးပြေးလွှားကာ သတင်းလာပို့သည့် သူ့ပုံစံကိုကြည့်ရတာ ချွေးသီးချွေးပေါက်ကျကာ တုန်လှုပ်နေပုံရသည်။

" အရှင်မင်းကြီး..မကောင်းတော့ပါဘူး.. .နန်ကျောင် မြို့တော်အပြင်ဘက်မှာ အာနန်ပြည်က ကုလန် ဦးစီးတဲ့ တပ်တွေ လာရောက်ဝိုင်းထားပါပြီ...."

ထိုစကားကို ကြားတော့ ယွမ်ချူးခန်က သူသေကိုယ်သေ တိုက်မှဖြစ်တော့မည်ကို သိလိုက်သည်။ ဒါကြောင့် အမတ်ကြီးကို နန်းတော်ထဲမှ အရေးပါသည့် လူတွေကို စုစည်းကာ ပြောင်းရွှေ့ရန် စီစဉ်ခိုင်းလိုက်သည်။

တားဂေါတိုင်းမရှိတော့မှ အဆိပ်သခင်ကို လုပ်ရမည့်အရာကို သွားပြောခိုင်းလိုက်သည်။

" ကောင်းပြီ...အဆိပ်သခင်...ကျုပ် နန်းတော် တစ်ခုလုံးကို အဆိပ်ထောင်ချောက်နဲ့ ခင်းကျင်း လိုက်တော့... တကယ်လို့ ကျုပ်တို့ ရှုံးနိမ့်သွားခဲ့ရင် ကျုပ်နဲ့အတူ ရန်သူအားလုံးကို တစ်ခါတည်း သေရွာခေါ်သွားမယ်... မြောက်ပိုင်း နန်ကျောင်နဲ့အတူ တောင်ပိုင်း အာနန်တပ်တွေကို အကုန်မြေမြှုပစ်မယ် "
" အမိန့်အတိုင်းပါ... "

အပါးတော်မြဲက တုန်ယင်စွာထွက်သွားခဲ့သည်။သူ့ အရှင်ငယ်က တကယ်ပဲ သူသေ ကိုယ်သေ လုပ်တော့မည်ကို သိလို့ အရမ်းကို တုန်လှုပ်နေခဲ့သည်။

ယွမ်ချူးခန်က ကုလန်တို့ကို ထောင်ချောက်ဘယ်လို မျှားခေါ်ရမလဲဆိုတာ စဉ်းစားနေစဉ် မိဖုရားများက တွေ့ခွင့်တောင်းသံကို ကြားလိုက်ရသည်။

"  အရှင်မင်းကြီး...ကြင်ယာတော် သုံးဦးတွေ့ခွင့် တောင်းနေကြောင်းပါ..."

" ဝင်ခွင့်ပြုလိုက် "
" အရှင်...ကျွန်တော်မျိုးမတို့ရဲ့ ဖခင် ရှေ့တန်းမှာ ကျဆုံးသွားပြီလို့ ကြားတယ်...အဲ့ဒါ ဘယ်လိုဖြစ် တာလဲ...  "

ကြင်ယာတော်များက ငိုယိုကာ မေးမြန်းခဲ့တော့ ယွမ်ချူးခန်က စိတ်မရှည်စွာဖြင့် အေးစက်စက်ပြောလိုက်သည်။ အရေးအကြီးဆုံး အချိန်ကို ရောက်နေမှ ငိုနေသည့် မိန်းမများကို မြင်ရတာ တကယ် စိတ်ရှုပ်ဖို့ကောင်းလှသည်။ မီရာသာဆိုရင် ဒင်းတို့လို တပူပူလုပ်နေမယ့်အစား တိုက်ပွဲကို ဘယ်လိုတိုက်သင့်တယ်ဆိုတာ အကြံပေးမှာ သေချာသည်။

မီရာရေ... ငါ မင်းဆီကို သက်ရှိထင်ရှား မလာနိုင်ရင် ဝိဉာဉ်ဘဝနဲ့ ရောက်အောင်လာခဲ့မယ်ကွ... မင်း ကိုယ့်ကိုသာ စောင့်နေပါ့.. ကိုယ်တို့ ပြန်ဆုံရမည့် အချိန် မဝေးတော့ဘူး...

ယွမ်ချူးခန်က မီရာကို စိတ်ထဲကနေ လှမ်းပြောကာ မိဖုရားများကို ခတ်ဆတ်ဆတ်ပြောလိုက်သည်။

" ဘယ်လိုဖြစ်ရမှာလဲ။ စစ်တိုက်ထွက်တာ ကိုယ့်ဘက်က ရှုံးလို့ နယ်စားကြီးတွေ နန်ကျောင်ပြည်အတွက် အသက်စွန့်သွားရတာပါပဲ...  "

မိုင်းလားကြင်ယာတော်က ကြားလိုက်ရသည့် စကားကြောင့် ရင်ကွဲပက်လက်ငိုကြွေးနေတော့သည်။ သူမ ဖခင်က သူမတို့သားအမိကြောင့် နေမကောင်းပါလျက်နှင့် ရှေ့တန်းကို ထွက်သွားရသည်မဟုတ်လား။ ဒါကို အရှင်က ဘာကြောင့် ခုလို အသည်းနှလုံးကင်းမဲ့စွာ ပြောရက်တာလဲ...

"  အရှင်..အရှင်ရယ်... ကျွန်တော်မျိုးမရဲ့ ဖခင်ရုပ်အလောင်းကို ပြန်သယ်လာပေးပါလို့ အသနားခံပါရစေ"

ယွမ်ချူးခန်က စိတ်ကို ထိန်းကာ နှစ်သိမ့်လိုက်သည်။ သေသွားသည့်လူက တန်ဖိုးမရှိပေ။ ရှင်နေသည့်လူကိုသာ ထိန်းသိမ်းရည်ကို ဒင်းတို့ မိန်းမတွေ နားလည်မည်မဟုတ်ပေ။

" ကောင်းပြီ။ ပြန်သယ်လာဖို့ ကျုပ် အမိန့်ပေးလိုက် ပါ့မယ်။ မိဖုရားတို့လည်း အဆောင်ကို ပြန်ပြီး ထုပ်ပိုးကြတော့... မင်းတို့ကို ဘေးကင်းလုံခြုံရာကို ကျုပ်ပို့ခိုင်းရတော့မယ် "

မိဖုရားများသည် ကြားလိုက်ရသည့် အမိန့်ကြောင့် တုန်လှုပ်ကုန်သည်။ နန်းတော်ထဲတွင် ကြားနေရသည့် ကောလဟာလက တကယ်မှန်နေပြီထင်သည်။ တောင်ပိုင်းစစ်မျက်နှာအကုန် ရှုံးနိမ့်သည့်အပြင် အာနန်စစ်ဘုရင်ကုလန်၏ တပ်တွေက နေပြည်တော်ကို ချီတက်လာခဲ့လေပြီ။
သူမတို့ ကြောက်လန့်ကာ မေးလိုက်ကြသည်။

" ဘာ...ဘာဖြစ်လို့လဲ အရှင် "
" မကြာခင် ဒီနေရာက စစ်မြေပြင်ဖြစ်တော့မှာမို့ပဲ.. "
 
ယွမ်ချူးခန်၏ပွင့်လင်းသော စကားကြောင့် မိဖုရားသုံးဦးက ထိုစကားကို ကြားသော ငိုနေရာမှ ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်သည်။ ယွမ်ချူးခန်က သူမတို့ကို ချော့မော့ရန် ပျင်းရိသွားပြီး ပြောလိုက်သည်။

"ကိုယ်တော်ရဲ့သားတော်လေးတွေနဲ့ ကိုယ်တော့် မိဖုရားတွေကို တိုက်ပွဲနဲ့လွတ်ကင်းတဲ့ နေရာကို ပို့ထားမှာ ဖြစ်လို့ စိတ်အေးအေးချမ်းချမ်းနဲ့ လိုက်သွားကြပါ။ အခု လာတိုက်တဲ့ အရိုင်းအစိုင်းတွေကို နှိမ်နင်းပြီးရင် တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ နယ်စားကြီးတွေကို အခမ်းအနားနဲ့ သဂြိုလ်ပေးပြီး အမြင့်ဆုံ းသူရဲကောင်းဘွဲ့ကို အပ်နှင်းပါ့မယ်။   "

" မှန်...မှန်လှပါ.. ကျွန်တော်မျိုးမတို့ သွားပြင်ဆင်လိုက်ပါ့မယ်"

မိဖုရားများအားလုံး ကြောက်လန့်တကြားပြောကာ အမြန် ပြန်ပြီး ထုပ်ပိုးကြသည်။

မိမိကို ချစ်ပါသည်ဆိုသည့် မိန်းမတွေက သေဘေးနှင့်ကြုံတော့ သူ့ကို တချက်တောင် မမေးပဲ ပြေးဖို့ ခြေကုန်သုတ်နေသည်ကို ကြည့်ကာ ယွမ်ချူးခန် နာကြည်းစွာရယ်မောလိုက်မိသည်။ ပြီးမှာ သူ့အပါးတော်မြဲကို ခေါ်ကာ စီစဉ်ခိုင်းလိုက်သည်။ ကုလန်က သူ့ကလေးတွေကို လိုက်သတ်ချင် သတ်နိုင်သည်။ ကျူပင်ခုတ်၊ ကျူုငုတ်မချန်ပဲ သုတ်သင်လောက်သည်။ မိဖုရားတွေကို မချစ်ပေမယ့် ဒီကလေးတွေက မီရာနဲ့ နီးစပ်စေဖို့ သူ အသုံးချခဲ့တဲ့ လှေကားလေးတွေဖြစ်လို့ တနည်းအားဖြင့်ပြောရင် သူ့ကြောင့် လူ့လောကထဲကို ရောက်လာသည့် အပြစ်မဲ့ကလေးတွေဖြစ်လို့ အသက်မသေစေဖို့ သူ နောက်ဆုံးလုပ်ပေး လိုက်ခြင်းဖြစ်သည်။ နန်ကျောင်ပြည်ကြီး မရှိတော့လျှင် နောက်တက်မယ့် နန်းဆက်သွေးဆိုတာလည်း မလိုအပ်တော့ပေ။ မီရာကိုသာ မရတော့လျှင် နန်ကျောင်ပြည်ကို စတေးပြီး ကုလန်ကို မိမိနှင့်အတူ အပါဆွဲချသွားနိုင်ရင် တန်ပါသည်။

မီရာကို ငါ မရရင် ကုလန်လည်း မရစေရဘူး...မီရာ..ငါ့ကို ခွင့်မလွှတ်ပါနဲ့။ မင်းကို အရမ်းချစ်လို့ ကုလန်ကို ငါနဲ့ အပါခေါ်သွားရလိမ့်မယ်..မီရာ....

ယွမ်ချူးခန်က ထိုသို့တွေးပြီး နောက်ကျိနေသည့် စိတ်တွေ ကြည်လင်သွားခဲ့သည်။ ထို့နောက်မိဖုရားများနှင့် ကလေးများအတွက် စီစဉ်ပေးလိုက်သည်။

" မိဖုရားအားလုံးနဲ့ သားတော်လေးတွေကို ပင်မဌာနချုပ်ကို ခေါ်ဆောင်သွားလိုက်... တကယ်လို့ အခြေနေ မဟန်ရင် သူတို့ ထွက်ပြေးလွတ်မြောက် သွား စေဖို့ သဘောၤတစ်စင်းကို အသင့်ပြင်ထားလိုက်.. "
" မှန်လှပါ... "

ယွမ်ချူးခန်က စိတ်လှုပ်ရှားခြင်း ကင်းမဲ့စွာဖြင့် မယ်မယ်၏အဆောင်ကို လာခဲ့သည်။ မယ်မယ့်ကို နောက်ဆုံး နူတ်ဆက်ချင်သေးသည်။ မယ်မယ်က သူ့ကို မချစ်ပေမယ့်လည်းပေါ့..

" မယ်မယ်ဘုရား "
" ချူးခန်... သားတော် "

နန်းတော်ထဲက အခြေနေတွေ ရှု့တ်ယှက်ခတ်နေသဖြင့် ဟော်သွန်းက သားတော်ကို စိုးရိမ်နေပေမယ့် အဆောင်ထဲက ထွက်ခွင့်မရလို့ စိတ်ပူနေစဉ် သားတော်ရောက်လာလို့ ဝမ်းသာသွားခဲ့သည်။

" မယ်မယ် ဒီနေ့ ဘယ်လိုနေသေးလဲ... "
" ဒီလိုပါပဲ..သားတော်...နန်းတော်ထဲ ဘာတွေဖြစ်နေလဲ။ အပြင်မှာ သားကြီးရဲ့တပ်တွေ ရောက်လာတာလား..  "

အဆောင်ထဲ ပိတ်ခံထားရသည့် မယ်မယ်ပင် အခြေနေမှန်ကို သိနေသည်ဆိုတော့ ယွမ်ချူးခန် ထူးပြီး ဖုံးမထားချင်တော့ပေ။ ဒါကြောင့် မယ်တော်တို့ကို ပြောင်းရွှေ့ဖို့ ပြောလိုက်သည်။ ကုလန်လာလျှင် သူ့မယ်မယ်ကို အလွယ်တကူ ပြန်ခေါ်သွားတာကို မလိုချင်ပေ။ မယ်မယ်က နန်ကျောင်ပြည်၏ ဧကရီဖြစ်လို့ နန်ကျောင်ပြည်မှာပဲ သေတဲ့ အထိနေရမည်။ ဒါမှ သူတို့ မိသားစု အားလုံး သေလွန်ပြီး တမလွန်တွင် အတူဆုံနိုင်လိမ့်မည်။ ကုလန်က နန်းတော်ကို သိမ်းနိုင်ခဲ့လျှင်ပင် မယ်မယ့်ကို ရမသွားစေရ။ သူက မီရာကို အပိုင်စီးထားတာ လွန်နေပြီ မဟုတ်လား။

မယ်မယ်က သူ့တစ်ယောက်တည်းရဲ့မယ်မယ်ပဲ ဖြစ်ရမည်။

"ခမည်းတော်နဲ့ မယ်မယ့်ကို သားတော် နေရာပြောင်းပြီး တစ်နေရာကို ပို့ဆောင်မှာဖြစ်လို့ သားတော်ကိုယ်တိုင် လာအကြောင်းကြားတာပါ "
" မယ်မယ် သားတော်နဲ့ အတူ ဒီမှာ နေခဲ့မယ်။ မင်း ခမည်းတော်ကိုပဲ ဘေးကင်းရာကို ပို့လိုက်ပါ "

ဟော်သွန်းက တည်ငြိမ်စွာပြောလိုက်သည်။ ယွမ်ချူးခန်က ခပ်သဲ့သဲ့ပြုံးကာမေးလိုက်သည်။

" မယ်မယ် သိနေတာလား "
" သားကြီးရဲ့တပ်တွေ မြို့ကို ဝိုင်းထားပြီ မဟုတ်လား "
" ဟုတ်တယ်။ ဒါတောင် မယ်မယ်က ဒီမှာ နေရစ်ချင်သေးတာလား။ မယ်မယ့် သားနှစ်ယောက်က အသေအကြေသတ်ကြတော့မယ်လေ... "

ဟော်သွန်းက ချောင်ပိတ်ခံနေရသည့် သားငယ်လေးကို ကြင်နာစွာကြည့်ကာ ပြောလိုက်သည်။ နှစ်ယောက်လုံးက သူမရဲ့သားတွေဖြစ်သည်။ ဘယ်သူ့ကို ပိုတယ်လို့မရှိပေမယ့် နှစ်ယောက်လုံးကို အပြန်လှန်သတ်နေတာ မမြင်ချင်ပေ။

" မယ်မယ် နောက်ဆုံးအချိန်ထိ တားချင်သေးတယ်။ ချူးခန်... သားလေးလည်း မယ်မယ့်သားပါပဲ... မင်း အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ..မယ်မယ် မင်းကို ချန်မထားရစ်နိုင်ဘူး "
" မယ်မယ်..ကျွန်တော့်ကို စိတ်မနာဘူးလားဟင်..မယ်မယ့် စကားကို အကြိမ်ကြိမ်ငြင်းဆန်ပြီး လုပ်ချင်တာ လုပ်ခဲ့တဲ သားကို  စိတ်မဆိုးဘူးလား "

ယွမ်ချူးခန်က မယ်မယ့်ကို ကြည့်ကာ မေးလိုက်သည်။ ဟော်သွန်းက သားငယ်လေးရဲ့လက်ကို အသာဆုပ်ကိုင်ကာ တည်ငြိမ်စွာပြောလိုက်သည်။

" မိခင်ဆိုတာ ကိုယ့်သားသမီးကို စိတ်နာတယ်လို့် မရှိပါဘူး။ စကားနားမထောင်လို့ ရင်နာရတယ်ဆိုရင်တောင် ကိုယ့်သား ဘေးတွေ့ချိန်မှာ ဘယ်မိခင်မှ ချန်မထားတတ်ပါဘူး "
" ကျေးဇူးတင်ပါတယ် မယ်မယ်... ဒါပေမယ့် သားတော်က မယ်မယ့်ကို တိုက်ပွဲကြားမှာ သားနှစ်ယောက် တိုက်တာကို မမြင်စေချင်ဘူး။ ဒါကြောင့် ဒီညပဲ မယ်မယ်တို့ ဒီကနေ အခြားနေရာကို ပို့ဆောင်ရပါတော့မယ်.. သားတော်ကို ခွင့်လွှတ်ပါ...  "
 
ယွမ်ချူးခန်ရဲ့စိတ်တွေက ပိုခိုင်မာလာသည်။ မယ်မယ် အော်ခေါ်နေသည့်ကြားက သူ ကျောခိုင်းကာ ထွက်လာခဲ့သည်။

 သူ့ကိုချစ်သည့် မယ်မယ့်ကို ကုလန်လက်ထဲ ဘယ်လိုမှ မထည့်ပေးနိုင်ပေ။ မယ်မယ်က ခမည်းတော်ရဲ့ မိဖုရားခေါင်ပဲဖြစ်ရမည်။ ယေစုကိုင်းက မယ်မယ့်ကို ထပ်ပြီး မပိုင်ဆိုင်စေရန် ဆုံးဖြတ်ချက်ချကာ မယ်မယ့်ကို အပြတ်ပြောပြီး လက်တွဲဖြုတ်ချကာ လှည့်ထွက်ခဲ့တော့သည်။

"  သားတော်...ချူးခန်...သားတော်..."

ဟော်သွန်းက အော်ဟစ်ကာကျန်ရစ်ခဲ့ပေမယ့် ယွမ်ချူးခန်က လှည့်မကြည့်တော့ပေ။ သူ့စိတ်ထဲ တိတ်တိတ်လေးပဲ ပြောခဲ့တော့သည်။

" တောင်းပန်ပါတယ် မယ်မယ်... သားတော် အဆုံးထိ သွားရတော့မယ်။ မယ်မယ့်သားတော်ကြီးကို ကျွန်တော်နဲ့အတူ သေရွာကို ခေါ်သွားရပါတော့မယ်... "

******

ကုလန်၊ တိုလုအီ နှင့် ဝင်္ကပါမြိုင်မှ လက်ရွေးစင်တပ်သားများက ခေါင်းချင်းဆိုင်ကာ နန်ကျောင်ပြည်ကို ဝင်ရောက်စီးနင်းမည့် ဗျူဟာကို ဆွေးနွေးနေကြ သည်။

နောက်ဆုံးတွင် တာဝန်ကိုယ်စီခွဲကာ နောက်ဆုံး တိုက်ပွဲကို ဆင်နွဲဖို့ ထွက်သွားကြသည်။

နန်ကျောင်နန်းမြို့တော်ကို မြို့တံခါးများ အခိုင်မာချ ထားကာ မြို့ရိုးပေါ်မှာ စစ်သည်တော်များက အဆိပ်လက်နက်နှင့် ပေါက်ကွဲစေသည့် လက်နက်များကို အသင့်ပြင်ကာ ကျူးကျော်လာသည့် အာနန်တပ်များကို သတ်ဖြတ်ရန် သွေးကြွစွာ စောင့်နေကြသည်။

မြို့တော်ထဲက ပြည်သူတွေက  နန်ကျောင်မြို့တော် အပြင်မှာ ရန်သူတွေ လာဝိုင်းတာ တခါမှမကြုံဖူးပေ။ လွန်ခဲ့သော တနှစ်လောက်က အာနန်တပ်က နန်ကျောင်မြို့တော် နယ်နိမိတ်အပြင်ဘက်ထိသာ ရောက်ခဲ့ပြီး အခုတော့ နန်ကျော်၏အဓိက တပ်မကြီးများအားလုံး တောင်ပိုင်းကို ဆင်းသွားချိန်၊ သံချုပ်ဝတ်တပ်သည်လည်း တောင်ကြားတစ်ခုတွင် ချေမှုန်းခံနေရသည်ကို ကြားသည့်အပြင် ရန်သူတွေက အနီးကပ်ရောက်လာလို့ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

" အာနန်တပ်တွေ မြို့ရိုးနား ပေ 20 အကွာကို ရောက်လာတာနဲ့ လက်နက်တွေနဲ့ ပစ်လိုက်... "
" မှန်လှပါ... "

မြို့စောင့်တပ်မမှုးကြီးက အမိန့်ပေးလိုက်ပြီး ရန်သူတွေ ကပ်လာသည်နှင့် ပစ်ခတ်ရန် အသင့်ပြင်ထားကြသည်။
ဒါပေမယ့် မထင်မှတ်ထားသည့် လက်နက်တွေက လောက်လွှဲကြီး၏အရှိန်ဖြင့် မြို့ရိုးပေါ်ကို အရင်ကျလာကာ ပေါက်ကွဲပြီး မီးခိုးတွေ ပြန့်ကုန်သည်။

" ဝုန်း...ဝုန်း.... ဒိုင်း.... "
" ဝုန်း...ဝုန်း..ဒိုင်း "

" အား...အား...  "
" အဆိပ်ငွေ့တွေ..အဆိပ်လက်နက်တွေ ကျလာတယ်.. "
"  အား..အား..."

နန်ကျောင်တပ်များက အဆိပ်လက်နက်များဖြင့်  ပစ်ခတ်ရန်စောင့်နေကြပေမယ့် တကယ့်တကယ်တွင် အာနန်ဘက်မှ ဧရာမ လောက်လွဲကြီးများဖြင့် သူတို့ မြို့ရိုးပေါ်ကို အဆိပ်ငွေ့တွေ ပါသည့် လက်နက်လုံးများ ကျလာပြီး ထိခိုက်ဒဏ်ရာရသည့်အပြင် အဆိပ်ငွေ့ကို ရှုမိသူတိုင်း ပျော့ခွေကျကာ သတိလစ်ကုန်သည်။ ဒါကို နန်ကျောင်တပ်တွေက အသက်သေကုန်သည့် ထင်ကာ ကြောက်လန့်တကြား ဆင်းပြေးသူက ပြေး၊ သူတို့လက်နက်နှင့် ပြန်လည်ပစ်သူက ပစ်နှင့် ရှုပ်ယှက်ခတ်ကုန်သည်။

ထိုအချိန်တွင် ကုလန်နှင့် တပ်ဖွဲ့များက လျှို့ဝှက်မြေအောက် လမ်းကြောင်းမှတဆင့် နန်းတော်ထဲကို တို်က်ရိုက်ဝင်လာခဲ့သည်။

ထိုလမ်းကြောင်းကို သိသည့် အမတ်ချုပ်ကြီး တားဂေါတိုင်းမှာ တိုက်ပွဲမတိုင်ခင် ၁ ရက်တွင် အဖမ်းခံလိုက်ရပြီး စိတ်ညှို့ဆေးဖြင့် ထိုလမ်းကြောင်းကို ဖွင့်ပြောမိလိုက်သဖြင့် ကုလန်တို့က နန်ကျောင်တပ်များကို အယောင်ပြ တိုက်ခိုက်နေချိန် နန်းတော်ကို ဝင်စီးရန် ထွက်လာကြသည်။

" ရန်သူတွေ ဝင်လာပြီ..ရန်သူ.. "

" ဝှစ်....ဒုတ်.... "
ရဲမတ်၏သတိပေးသံမဆုံးခင် မြှားက လည်မြိုကို စိုက်ဝင်သွားလေပြီ။ ကုလန်၏တပ်များ နန်းတော်ထဲကို ရောက်လာလေပြီ။ နန်းစောင့်တပ်မှုးကြီးက အသေခံကာ ကာစီးဖို့ကြိုးစားကြသည်။

" တိုက်..ရန်သူတွေ နန်းတော်ထဲကို ထိုးဖောက်လာပြီ..  "
" သတ်....  "
" အား...  "
ဒါပေမယ့် မထင်မှတ်ထားလောက်အောင် ကုလန်တို့ဘက်က လက်နက်အင်အားအရေးသာနေသည်။ ထူးဆန်းသည့်လက်နက်များ၊ ပေါက်ကွဲစေသည့်လက်နက်များက ဝင်္ကပါမြိုင်၏ အထူးလက်နက်များဖြစ်လို့ နန်ကျောင်မြို့စောင့်တပ်က မယှဉ်နိုင်တော့ပေ။ ဘာကြောင့်လဲဆိုတော့ယွမ်ချူးခန်ရဲ့လက်နက်တွေက ဝင်္ကပါမြိုင်ရဲ့ ပညာတစိတ်တပိုင်းကိုသာ ရယူတီထွင်ထားပြီး အဆိပ်ထည့်ထားနိုင်ပေမယ့် ပေါက်ကွဲအားနှင့် အဝေးကို ပစ်နိုင်သည့် နေရာတွင် မူလဝင်္ကပါမြိုင်ရဲ့လက်နက်ကို မယှဉ်နိုင်တာ မထူးဆန်းပေ။

ထိုအခါမှ သိုသိုဝှက်ဝှက်နေသည့် ဝင်္ကပါမြိုင်၏ အစွမ်းက ဘယ်လောက်ကြောက်စရာကောင်းသည်ကို နန်ကျောင်တပ်များ မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ ဝင်္ကပါမြိုင်ထဲ ဝင်သွားသည့် တပ်မကြီးအကုန် ချေမှုန်းခံလိုက်ရသည်ဆိုတာ ဖြစ်နိုင်လောက်သည်။

ကုလန်တို့က တိုက်ခိုက်ရင်း နန်းတော်၏ ခန်းမ အလယ်ကို ရောက်လာခဲ့သည်။ ယွမ်ချူးခန်က ဓါးလွတ်ကို ကိုယ်တိုင်ကိုင်စွဲကာ အသင့်စောင့်နေခဲ့သည်။

" ရောက်လာပြီလား စစ်ဘုရင်ကြီး... နောက်ကျ လိုက်တာ။ ကျွန်တော်က စောင့်နေရတာ ကြာနေပြီ  "

"  နောင်တော်.. ကျွန်တော်တို့ကို တားဂေါတိုင်းက တမင်အဖမ်းခံပြီး ဒီလမ်းကြောင်းကို ပြောခဲ့တာပဲ "

တိုလုအီက ယွမ်ချူးခန်ကို မြင်လိုက်သည်နှင့် ဒါက ထောင်ချောက်ဆိုတာ တန်းခနဲသိလိုက်သည်။ ဒီခန်းမအောက်တွင် ယွမ်ချူးခန်က အဆိပ်နှင့်ပေါက်ကွဲစေည့်လက်နက်များ ဆင်ထားနိုင်သဖြင့် ခန်းမထဲ မဝင်စေရန် တားလိုက်သည်။

" မှန်တယ်..ဒါပေမယ့် အခုမှ သိလည်း နောက်ကျသွားပြီ။ ခင်ဗျားတို့ နောက်ပြန်လှည့်ုလို့မရတော့ဘူး။ ခင်ဗျားနဲ့ ကျုပ်နှစ်ယောက်တည်း ရှင်းကြတာပေါ့.... ခင်ဗျား အထဲကို ဝင်လာရဲပြီပဲ။ ကျုပ်နဲ့ ယှဉ်တိုက်ရဲရဲ့လား ကုလန်..မီရာအတွက် ကျူပ်တို့ ယှဉ်တိုက်ကြတာပေါ့... "

ယွမ်ချူးခန်က ဇက်ကို ဟိုဟိုသည်သည် လှည့်ချိုးကာ ကုလန်ကို မထီမဲ့မြင်ပြောကာ ဆွလိုက်သည်။

" မင်း ... ငါ့ကို ဒီထိ ခေါ်လာနိုင်တာနဲ့ မင်းဘက်က အနိုင်ရပြီလို့ထင်နေတာလား။ ဒီအဆိပ်လောက်ကို ငါ မမှုဘူးဆိုတာ မင်း မသိဘူးထင်တယ်။ "
"မမှုရင် ဒီထိလာခဲ့လေ။ ဒီကိုလာတဲ့ လမ်းတလျှောက် အဆိပ်တထောင်ကို ခင်းကျင်းထားတယ်။ ခင်ဗျားက ဖိုးဖိုးထန်ရဲ့အဆိပ်ဖြေဆးကို ရထားတယ်လို့ကြားတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ဒီကို လာခဲ့လိုက်... ဘယ်လိုလဲ...စစ်ဘုရင်ကြီက ကြောက်နေပြီလား..... ခင်ဗျား ကြောက်နေပုံကို မီရာ့ကို မြင်အောင်ပြချင်လိုက်တာ။ မီရာက ခင်ဗျားကို အရမ်းအထင်ကြီးနေရှာတာ... ဟား..ဟား..ဟား..."

ယွမ်ချူးခန်က အရူးလို ရယ်မောကာ ပြောလိုက်သည်။

"မင်း ထောင်ချောက်ထဲကို ကျုပ်က ဝင်မှာ မဟုတ်ဘူး။ မီရာလေးက မင်းအနားကို မကပ်မိစေဖို့ ကျုပ်ကို အထပ်ထပ်မှာလိုက်တယ်။ မင်းက ရူးနေလို့တဲ့...."

ကုလန်က ပြုံးကာ အေးဆေးစွာပြောလိုက်စဉ် ယွမ်ချူးခန်က မျက်နှာပျက်သွားခဲ့သည်။

မီရာက သူ့ကို ရူးနေတယ်လို့ တကယ်ထင်နေတာလား... မဟုတ်ဘူး..မီရာ..ငါက အချစ်ရူးရုံလေးပါ။ မင်းနဲ့ အတူနေရရင် ငါ လုံးဝပျောက်ကင်းသွားမှာပါ..မီရာ.. ငါ့ကို ကုသပေးလှည့်ပါ။ မင်းအချစ်ကို ငါ လိုအပ်နေတယ်။
ယွမ်ချူးခန်၏စိတ်တွေက မီရာဆီကို လွင့်ခနဲဖြစ်သွားခဲ့သည်။ ဒါပေမယ့် ကုလန်ကို သွေးဆာစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

" ဘာဖြစ်ဖြစ်... ခင်ဗျားကို ဒီထိ ခေါ်လာနိုင်တာ ကျွန်တော့် ရည်မှန်းချက် ပြည့်ပြီလေ... "

ထိုစကားကို ကြားသော ကုလန်က မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။

" တိုလုအီ..အမြန်ဆုတ်... ဒီကောင်က ဒီအောက်မှာ ယမ်းတွေ မြှုပ်ထားတယ်... "

" ဟား...ဟား..ဟား.. အရမ်းကို ပါးနပ်ပြီး အကင်းပါးတာပဲ။ ဒါပေမယ့် နောက်ကျသွားပြီး.... "

ယွမ်ချူးခန်က အော်ဟစ်ရယ်မောလိုက်ရင်း အမိန့်ပေးလိုက်သည်။

" ဖောက်ခွဲလိုက်... "

" ဝုန်း...ဝုန်း..ဝုန်း... "

နန်းတော်ဘက်မှ လာသည့် ပေါက်ကွဲသံကြောင့် မြို့ရိုးပေါ်က စစ်သည်တော်အားလုံး ကြောင်အမ်း ကုန်ကြသည်။ ထိုစဉ် သူတို့ပေါ်ကို လက်နက်များ ဆက်တိုက်ကျလာပြီးပေါက်ကွဲကုန်သည်။


"ဆုတ်... အားလုံး ကိုယ်လွတ်ရုန်းပြေးတော့... နန်းတော်ကို အစီးခံရပြီ။ နန်ကျောင်ဘုရင် အသတ်ခံရပြီ။ နန်းတော်တစ်ခုလုံး ပျက်စီးသွားပြီ  "
ဘယ်သူက စအော်လိုက်သလဲ ဆိုတာ မသိပေမယ့် မြို့တော်ထဲက လူတွေ အားလုံး အော်ဟစ်ကာ ထွက်ပြေးသဖြင့်  ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
"ပြေး...ပြေးတော့...  "
" နန်ကျောင်ဘုရင် အသတ်ခံလိုက်ရပြီ "
" နန်ကျောင်ဘက်က ရှုံးသွားပြီ "

မြို့တော်ထဲက လူတွေက မြို့တံခါးနားမှာ အတင်း ထုရိုက်ကာ တံခါးကို ဖွင့်ခိုင်းနေစဉ် မြို့တံခါးကို အာနန်တပ်များ၏ တိုက်ခိုက်တာကို ခံလိုက်ရကာ ပြုတ်ထွက်သွားတော့သည်။

" ဝုန်း...ဝုန်း...  "
" အား...အား "
" ပြေးကြဟေ့... မြန်မြန်...ပြေးကြ... "

မြို့ရိုးတံခါးလည်းပွင့်သွားပြီးနောက် မြို့ထဲကို ဝင်လာသည့် အာနန်တပ်များကို ခံတိုက်သူ မရှိသလောက်ဖြစ်ကာ အကုန် လက်နက်ချ အညံ့ခံလိုက်ကြသည်။

နန်ကျောင်ဘုရင် အသတ်ခံလိုက်ရပြီဆိုသည့် စကားက စစ်သည်တော်အားလုံး၏စိတ်ကို ရိုက်ချိုးပစ်လိုက်ကာ တိုက်ချင်စိတ်မရှိကြတော့ပေ။

အာနန်တပ်များလည်း နန်းတော်ကို အမြန်သွားခဲ့ကြပေမယ့် နန်းတော်တစ်ခုလုံး ပေါက်ကွဲကာ မီးလောင်ကျွမ်းနေလေပြီ။

" အရှင်...အရှင့်သား..  "
" စစ်သေနာပတိချုပ် ကုလန်တို့လည်း ပေါက်ကွဲမှုထဲ ပါသွားကုန်ပြီလား...... "
" မဖြစ်နိုင်ဘူး... ရှာကြစမ်း... ဒီမီးကိုငြိမ်းကြ... မြေလှန်ရှာကြမယ်... "

အာနန်၏စစ်သူကြီးများက သူတို့၏ စစ်သေနာပတိချုပ် စစ်နတ်ဘုရား ကုလန် အခုလို ပျောက်ကွယ်သွားသည်ကို လုံးဝ လက်မခံနိုင်အောင် ဖြစ်နေသည်။ ဒါကြောင့် နန်ကျောင်နန်းတော်ကို မြေလှန်ရှာရန် ဆုံးဖြတ်ကာ လက်တွေ့လုပ်ဆောင်နေကြသည်။

ထိုနန်းတော်ကို အဆိပ်ထောင်ချောက်ဖြင့် စီရင်ပြီးနောက် အဆိပ်သခင်သည် အာနန်ပြည်ကို ကိုယ်တိုင်လာခဲ့သည်။ ထိုနေရာတွင် မိမိ၏ရန်သူတော်ကြီး ထန်လုံကို လက်စသတ်ရဦးမည်။ ယွမ်ချူးခန်နှင့် ကုလန်တို့ ညီအစ်ကို သတ်ဖြတ်ကာ သေကြေသည်ကို သူ စိတ်မဝင်စားပါ။ သူ့ အဓိက လုပ်ချင်သည့် အလုပ်က ဖိုးဖိုး ထန်ဟူသေခါနီး ဆန္ဒကိုဖြည့်ဆည်းပေးရန်ဖြစ်သည်။

ထန်လုံသေရမည်။ ဒါမှ တမလွန်ဘဝမှ ဖိုးဖိုးထန်ဟူက အေးချမ်းစွာ အနားယူနိုင်လိမ့်မည်။

***-***

အာနန် နန်းတွင်းသို့ လူထူးလူဆန်းတစ်ယောက် ဝင်ရောက်လာခဲ့ပြီး ထိုလူကို မည်သူမှ မတားဆီးနိင်ကြပေ။ ထိုလူဖြတ်သန်းလာသည့် လမ်းတလျှောက်မှ လူတိုင်းက လဲကျသေဆုံးကုန်ကြသည်။

" အဆိပ်သခင်...ရပ်လိုက်စမ်း... ခင်ဗျား မရပ်ရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့.. "

ဆူမီရာက ကိုယ်ရံတော်တပ်ဖွဲ့များနှင့်အတူ ခပ်လှမ်းလှမ်းမှ မြှားဖြင့် ချိန်ထားခဲ့သည်။ နန်းတော်ထဲကျူးကျော် ဝင်လာသူက အဆိပ်သခင်မှန်းသိလို့ အနီးကို ဘယ်သူမှ မကပ်စေရန် သတိပေးထားသည်။

" မင်းက ထန်လုံရဲ့ တပည့်လေးလား... မင်းကို သတ်လိုက်ရင် မင်း ဆရာက သေချာပေါက် ထွက်လာလိမ့်မယ် "

အဆိပ်သခင်က ဝိုင်းချိန်ထားသည့် မြှားကို မကြောက်ပေ။ သူက အေးဆေးစွာမေးလိုက်သည်။ တကယ်လို့ ဒီတစ်ယောက်သာ ထန်လုံရဲ့တပည့်ဆိုရင် သတ်ပစ်ပြီး သူ့ဆရာကို ထွက်လာအောင် မြှားခေါ်ရမည်။

" ရွှီ..ဒုတ်... "
" ရှေ့တိုးလာရင် တကယ် ပစ်တော့မယ်.. "

ထိုလူက ရှေ့ကိုတိုးလာသောကြောင့် ဆူမီရာက မြှားဖြင့် ထိုလူရဲ့ရှေ့ကို ပစ်ကာ သတိပေးလိုက်သည်။

" မင်းရဲ့မြှားက ကျုပ်ကို သတ်နိုင်မယ် ထင်လို့လား.. ပစ်ကြည့်လိုက်လေ.... "

စိတ်မြန်သည့် ကိုယ်ရံတော်တစ်ယောက်က ထိုလူရဲ့ ရင်ဘတ်ကို လှမ်းပစ်လိုက်ပေမယ့် မြှားက ပြန်ကန်ထွက်သွားခဲ့သည်။
" ရွှီ... ထန် "

" သံချုပ်ဝတ်စုံကို အောက် ခံဝတ်ထားတာလား.. "

ကိုယ်ရံတော်အားလုံး သတိထားလိုက်ကြသည်။ ဒီလူရဲ့ ခေါင်းကို မြှားဖြင့်ပြောင်းချိန်လိုက်စဉ် အဆိပ်သခင်က ပြောလိုက်သည်။

" မင်း ပြီးရင် ကျုပ်အလှည့်ပေါ့...  "

အဆိပ်သခင်က လက်ယမ်းလိုက်သည်နှင့် အလုံးလေးတစ်လုံး လွင့်ပျံကာ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အဆိပ်ငွေ့တို့ လွှမ်းသွားကာ အကုန် အသက်ရှုကြပ်ပြီး ဒူးထောက်ကျကုန်သည်။

" မင်းတို့မြှားလောက်ကို ငါက ဂရုစိုက်မယ် ထင်လား။ အဆိပ်သခင်နဲ့တိုးရင် မင်းတို့အားလုံး သေဖို့သာပြင်တော့... "

ထိုစဉ် အိုမင်းနေသည့် အသံတစ်ခုပေါ်လာခဲ့သည်။

" ဒီအဆိပ်ငွေ့လေးနဲ့ အဆိပ်သခင် ဘွဲ့ခံရဲတယ်ဆိုတော့ ထန်ဟူရဲ့မျိုးဆက်တွေက ငါထင်ထားတာထက် ပိုညံ့တာပဲ... "
 ထိုအသံကိုကြားတော့ အဆိပ်သခင်က ထိုဘက်ကို လက်ယမ်းလိုက်စဉ် အဆိပ်လုံးတွေ ကျကာ ပေါက်ကွဲသွားသည်။

" ဖောက်...ဖောက်... "
" မင်း ပစ်ခတ်မှုနှုန်းက အရမ်းနှေးသလို ... အမြင်အာရုံလည်း လိုသေးတယ်... ကျုပ်က ဒီမှာလေ.. ဘယ်ကို လျှောက်ပစ်နေတာလဲ... "
အဆိပ်ငွေ့ကြားမှ နောက်ထပ် အိုမင်းနေသည့်အသံက တည်ငြိမ်စွာ ထပ်ထွက်လာပြန်သဖြင့် အဆိပ်သခင်က ထိုဘက်ကို တိုက်ခိုက်လိုက်ပြန်သည်။

"  ဖောက်...ဖောက်...ဖောက်.."
" မင်း ပေါက်ကရ မပစ်ပဲ နေလို့မရဘူးလား...  "

ဆူမီရာနှင့် ကိုယ်ရံတော်အားလုံး လွတ်ရာကို ခပ်ဝေးဝေးပြေးကာ တိုက်ပွဲကို စောင့်ကြည့်နေသည်။ အဆိပ်သခင်နှစ်ဦး၏ တိုက်ပွဲကသူတို့ အနားကပ်လို့ မဖြစ်နိုင်ပေ။

" ဖောက်..ဖောက် "
" နေရာတိုင်း မီးခိုးတွေချည်းပဲ... "

ထိုစဉ် လေပြေညှင်း တစ်ခု တိုက်ခတ်သွားပြီး အဆိပ်မီးခိုးအားလုံး လွှင့်ပျယ်သွားခဲ့ကာ ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် ကြင်နာသနားသည့် မျက်နှာထားနှင့် အဖိုးအိုတစ်ဦး အဆိပ်သခင်၏မြင်ကွင်းထဲတွင်  ပေါ်လာခဲ့သည်။

" မင်းက ထန်ဟူရဲ့မြေးတပည့်လား...  "

အိုမင်းနေပြီဆိုပေမယ့် တည်ငြိမ်အေးချမ်းသည့် လူအိုကြီးတစ်ယောက်ပေါ်လာတော့ အဆိပ်သခင်ဆိုသူက လန့်ကာ နောက်ကို ခြေတလှမ်းဆုတ်လိုက်မိပြီးမှ အံကြိတ်ကာ ပြောလိုက်သည်။ ဒီလူအိုကြီးက လက်တချက်ယမ်းရုံနှုင့် အဆိပ်ငွေ့အားလုံးကို ပျောက်ကွယ်သွားစေသည်ဆိုတော့ အ..ရမ်း..စွမ်း..တာ..ပဲ...

" ဟုတ်တယ်.. ခင်ဗျားကို သတ်ပြီး ဆရာဖိုးဖိုးကို ကျေနပ်အောင် လုပ်ပေးရမယ် "
ဒါပေမယ့် ထိုလူက ထန်လုံးကို မုန်းတီးစွာကြည့်ကာ လက်နှစ်ဖက်တွင် အဆိပ်အပြင်းဆုံး အဆိပ်လက်နက်ကို ထုတ် လိုက်သည်။ ထန်လုံကို သူနှင့်အတူ ဖောက်ခွဲလိုက်ရန် ကြံစည်လိုက်သည်။

" အင်း...ထန်ဟူရဲ့တပည့်တွေက ထန်ဟူလိုပဲ မိုက်မဲပြီး ရက်စက်ကြတာပဲ...မင်းက ဒီလောကမှ မရှိသင့်တဲ့သူပဲ...  "

ဖိုးဖိုးထန်လုံက မိုက်လုံးကြီးလှသည့် ညီငယ်၏ မျိုးဆက်တပည့်ကို သက်ပြင်းရှိုက်ကာ ကြည့်လိုက်ပြီး အပြီးသတ် သုတ်သင်ရန် ဆုံးဖြတ်လိုက်ကာ လက်တဖက် အသာယာ ယမ်းလိုက်သည်နှင့် အဆိပ်သခင်က အံ့အားသင့်သည့် မျက်နှာထားဖြင့် လဲကျကာ သေဆုံးသွားတော့သည်။

"မပြည့်စုံတဲ့ အဆိပ်ကျမ်းထဲက ပညာလေးနဲ့ အဆိပ်သခင်ဘွဲ့ခံရဲတာ တကယ်ရှက်ဖို့ ကောင်းတာပဲ....   "

ဖိုးဖိုးထန်လုံက ရေရွတ်လိုက်သည်။ အဆိပ်အားလုံးရှင်းသွားတော့မှ ဆူမီရာလည်း အမြန် ပြေးထွက်လာပြီး ဖိုးဖိုးကို ဖက်လိုက်သည်
" ဖိုးဖိုး... ဖိုးဖိုး.. "

" မြေးလေး...  "
" ဖိုးဖိုးက အရမ်းအစွမ်းထက်တာပဲ..သူ့ကို တိုက်ခိုက်လိုက်တာ ဘာအဆိပ်လဲ.. "

" အဆိပ်မဟုတ်ပါဘူး...ဆေးပါ...ဖိုးဖိုးရဲ့ ဆေးက သူ့အဆိပ်တွေကို ပိုအစွမ်းထက်စေပြီး သူ့ကိုယ်မှာ ဆောင်ထားတဲ့ အဆိပ်တွေကြောင့် သူ အသက်ပျောက်သွားခဲ့တာပဲ... "

ဆူမီရာသည် ဖိုးဖိုး၏စကားကြောင့် မျက်လုံးလေး လက်ကာ ပူဆာလိုက်သည်။

" ဟင်..အဲ့လိုလည်း သုံးလို့ရလား... ကျွန်တော့်ကို သင်ပေးပါ... ဖိုးဖိုး သင်ပေးပါနော် "
" သင်ပေးရမှာပေါ့ကွယ်.. အရင်က ဖိုးဖိုးက မဖြစ်သင့်တာ ဖြစ်လာမှာ စိုးလို့ အဆိပ်ပညာကို မင်းကို မသင်ပေးခဲ့ဘူး။ အခုတော့ ဖိုးဖိုးရဲ့ပညာကို အကုန်သင်ပေးခဲ့မယ် "

ဆူမီရာက သူ့ဆရာသခင်၏စကားကြောင့် ပြုံးပျော်သွားခဲ့သည်။

 ဆူမီရာက ဆရာကိုလည်း တွေ့ရသလို တောင်ပိုင်းက အာနန်တပ်တွေကိုလည်း တိုက်ထုတ်နိုင်ခဲ့လို့ အရမ်းကို ပျော်နေသည်။

ဟီဒယ်တို့ မင်္ဂလာကိုလည်း မိမိ သွားခွင့်ရတော့မည်။ ဒါ့အပြင် နောင်တော် တိုလုအီနှင့် နောင်တော် ချိုနန်တို့ မင်္ဂလာပွဲကို တက်ရောက်ရဦးမည်။

နောက်ဆုံး နောင်တော် ကုလန် ရောက်လာလျှင် မိမိနှင့် လက်ထပ်ပွဲကို ဆင်နွဲဖို့ ပူဆာတော့မည်။ ဒီတစ်ခါတော့ နောင်တော့်ကို မခွဲချင်တော့ပေ။ မျိုးဆက်အတွက် သူ ကြင်ယာတော် မြှောက်ဖို့ တိုက်တွန်းရမည်။ ပြီးလျှင ်သူ့ဘေးမှာ ဆေးကုရင်း တဖက်တလမ်းက အကူညီပေးရမည်။

အနာဂါတ်ကို တွေးကာ ဆူမီရာ အရမ်းကို ပျော်နေခဲ့ပေမယ့် သတင်းဆိုးကြီးတစ်ခုက ဆူမီရာကို ရိုက်ချခဲ့သည်။

" နန်ကျောင်ဘုရင်သစ် ယွမ်ချုးခန်က နန်းတော်ကို ဖောက်ခွဲပစ်ပြီး အိမ်ရှေ့စံ အရှင်ကုလန်လည်း တစ်ပါတည်း ပေါက်ကွဲမှုထဲ ပါသွားခဲ့... "

" မဟုတ်ဘူး..ဒါ .. တကယ် မဟုတ်ဘူး.. "

ဆူမီရာက ထိုစကားကိုသာ ရေရွတ်ရင်း လဲကျသွားခဲ့တော့သည်။

***-****

စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Where stories live. Discover now