Chapter (28) - ချူလူလူနှင့် ချိုနန်

1.3K 185 22
                                    

Chapter (28) - ချူလူလူနှင့် ချိုနန်


"နောင်တော်...နောင်တော်.. ဆူမီရာကို ယွမ်ချူးခန် ဖမ်းသွားတယ်ဆို... ဒါ ဘယ်လိုဖြစ်တာလဲ  "

ချူလူလူသည် နန်ကျောင်ပြည်မှ ပြန်ရောက်ရောက်ခြင်း အကြောင်းစုံသိလိုက်ရသဖြင့် နောင်တော် ကုလန်ကို အရေးတကြီးမေးလိုက်သည်။

" အင်း..... သူနဲ့ ချိုနန်က မင်းရဲ့မယ်တော်ကို ဆေးကုဖို့အသွားမှာ ယွမ်ချူးခန် ဖမ်းသွားတာပဲ...  "

ကုလန်က ချူလူလူကို အာနန်ပြည်ကို အရင်ဝင်လာခိုင်းပြီး ထိုအကြောင်းကို ပြောနေခြင်းဖြစ်သည်။ ချူလူလူက သူ့မယ်တော် အဆိပ်မိသည့် အဖြစ်အပြင် ဆူမီရာ အဖမ်းခံရသည့် အဖြစ်ကြောင့် စိုးရိမ်လွန်းကာ မျက်နှာပျက်လို့နေသည်။ ချိုနန်ဆိုသည့် နာမည်ကိုကြားသဖြင့် ဒေါသပေါက်ကွဲလာခဲ့သည်။ ဒီလူ... သူက ဝင်္ကပါမြိုင်မှာ တွေ့တုန်းက လူကောင်းလိုလိုနှင့် မိမိကို သူကိုယ်တိုင်လုပ်ထားသည့် တန်ဖိုးကြီး ဗျပ်စောင်းကိုပင် လက်ဆောင်ပေးပြီးနောက်ကွယ်မှ နောင်တော် တိုလုအီကို ရအောင် လှည့်ဖျားကာ လက်ထပ်စေခဲ့သည်။ ပြီးတော့ သူနှင့် အတူသွားလိုက်မှ ယွမ်ချူးခန်လက်ထဲ ဆူမီရာရောက်သွားသည်။ ဒီအဖြစ်ပျက်တစ်ခုလုံး သူပါဝင်နေသည်ဟု ညွှန်ပြနေသလိုပင်။

" ချိုနန်... ဟုတ်လား။ သူက ဘာကြောင့် မယ်တော့်ကို ဆေးကုဖို့ လိုက်သွားတာလဲ။ သူက ယွမ်ချူးခန်နဲ့ပေါင်းကြံထားသလား မသိဘူး နောင်တော် ကုလန်.. "

" မဟုတ်ဘူး။ နောင်တော် သူ့ကိုမေးပြီးပြီ။  "

ကုလန်က ချူလူလူ၏အတွေးကို သိသဖြင့် မိမိက ချိုနန်ကို သေချာစစ်မေး ထားပြီးကြောင်းပြောလိုက်သည်။

" သူ လိမ်နေရင်ကော... ဘယ်လိုလုပ်မလဲ။ ဟိုကောင် ယွမ်ချူးခန် က ဉာဏ်များတာနဲ့။  "

" နောင်တော် သူ့ကို သေချာမေးပြီးပြီ။ ပြီးတော့ ဝင်္ကပါမြိုင်က လူတွေက သူတို့ချစ်တဲ့သူကို အကျိုးယုတ်အောင် မလုပ်တတ် ကြဘူး။ ဒါကြောင့် ချိုနန်မလိမ်ဘူးဆိုတာ နောင်တော် သိတယ်။ "

ကုလန်က ချူလူလူ၏ စကားကြောင့် ပြန်ဖြေလိုက်သည်။ လောလောဆည် ချူလူလူ ချိုနန်ပေါ် အမြင်မစောင်းအောင် လုပ်ပေးရမည်။ မဟုတ်လျှင် ချိုနန်နှင့် ချူလူလူ ခရီးသွားစဉ် လမ်းမှာ သတ်ဖြတ်တာဖြစ်နိုင်သည်။ ချိုနန်က ပျော့သလိုနှင့် မိမိတို့ မသိသည့် ထူးဆန်းသည့် ပညာများကို တဖက်ကမ်းခတ် တတ် မြောက်နိုင်သေးသည်။ ပိုဆိုးတာက သူက ဝင်္ကပါ ပညာရှင်ဖြစ်နေခြင်းပင်။ ချူလူလူကို ဝင်္ကပါတစ်ခုဖြင့် ချုပ်ထားဖို့က သူ့အတွက် လက်တဖက်ယမ်းလိုက်ရုံပင်။

"  သူ..သူက နောင်တော်ကုလန်ကို ချစ်တယ်ပေါ့..."

" မဟုတ်ဘူး။ တိုလုအီကို ချစ်တာ.. "

ထိုစကားကြောင့် ချူလူလူ ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။ နောင်တော် တိုလုအီနှင့် သူ လက်ထပ်လိုက်တာကို ကြားရပေမယ့် သူ့ကို နောင်တော်၏ ကြင်ယာတော်အဖြစ် မြင်လို့ကို မရပေ။

ဝင်္ကပါမြိုင်က ညီနောင်သုံးဦးက အစွမ်းထက်ကာ လျှို့ဝှက် ဆန်းကြယ် လွန်းလှသည်ဟု ချူလူလူထင်သည်။ ပြီးတော့ ယွမ်ချူးခန်နှင့် သိကျွမ်းကာ မိမိနှင့် နောင်တော် တိုလုအီကို ထောင်ချောက်ဆင်ကာ အကြပ်ကိုင်ထားသဖြင့် ဒီညီအစ်ကိုအပေါ် အကောင်းမြင်လို့ မရအောင်ဖြစ်နေမိသည်။

တိုလုအီသည် ချိုနန်နှင့်အတူ ချူလူလူကို လာတွေ့ခိုက် နောင်တော် ကုလန်နှင့် ခန်းမထဲပြောဆိုနေသည်ကိုကြားသော် ခန်းမ အဝင်ဝတွင် ရှေ့ဆက်သွားရမလို လှည့်ပဲပြန်ရမလို ဖြစ်နေမိသည်။ အထူးသဖြင့် ဘေးမှ ချိုနန်တစ်ယောက်လုံးပါလာပြီး ချိုနန်ကို မယုံကြည်ဟု ချူလူလူပြောနေသဖြင့် တိုလုအီ ဘယ်လို လုပ်ရမလဲ တကယ်မသိတော့ပေ။

ချိုနန်က ထိုစကားကို ကြားသော်လည်း မျက်နှာမပျက်ပဲ အေးအေး သက်သာစွာရှိနေသဖြင့် တိုလုအီက ချောင်းဟန့်ကာ အထဲကို လှမ်းဝင်လိုက်သည်။

" ချူလူလူ မင်းရောက်နေပြီလား.. "

ချူလူလူက နောင်တော်တိုလုအီနှင့် အတူဝင်လာသည့် ချောမော လှပသည့် လူရွယ်ကို မကျေမနပ်တစ်ချက် စိုက်ကြည့်ကာ နောင်တော်တိုလုအီ၏အမေးကို ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ရောက်ပါပြီ... နောင်တော် တိုလုအီ.. ပြီးတော့ ခင်ဗျား.. ဘာကြောင့် ကျွန်တော့် နောင်တော်ကို အကောက်ကြံပြီး လက်ထပ်ဖို့ အကြပ်ကိုင်ရတာလဲ။ ကျွန်တော်က ခင်ဗျားရဲ့ ညီလက်ထဲမှာ ဘာမှမဖြစ်နိုင်ဘူးဆိုတာ သိလျက်နဲ့ ဘာကြောင့် နောင်တော် တိုလုအီကို လှည့်စားရတာလဲ.. "

" ဘာကြောင့်လဲဆိုတော့ နောင်တော် တိုလုအီကို ငါချစ်နေလို့ပဲ။ သူ့ကို ငါအပိုင်လိုချင်လို့ ဒီလို လိမ်ညာပြောခဲ့တာပါ။ "

ချူလူလူ၏ မထင်မှတ်ထားသည့် စကားကြောင့် တိုလုအီ ဘာပြောရမှန်း မသိခင် ချိုနန်က ပြုံးကာ ပွင့်လင်းစွာ ဝန်ခံလိုက်သဖြင့် တိုလုအီက ချိုနန်၏မျက်နှာကို တချက်စိုက်ကြည့် လိုက်မိသည်။ ချိုနန်က သူ့ကို မကြည့်ပဲ စိတ်ဆိုးခြင်းမရှိ၊ ရန်လိုခြင်း မရှိပဲ အဖြစ်မှန်ကို ရှင်းပြသလို မျက်နှာ မပျက်ပဲ ပြောလိုက်သဖြင့် တိုလုအီ အသက်ရှုအောင့်ရာမှ လွှတ်လိုက်မိသည်။

" ခင်ဗျား... "

ချူလူလူသည် မထင်မှတ်ထားသော လူအေးတစ်ယောက်ဆီက ခုလိုမျိုး ပွင့်လင်းသည့်စကားကို ကြားရတော့ ဘာဆက်ပြောရမှန်း မသိတော့ပဲ ဒေါသထွက်လာခဲ့သည်။

" အဟမ်း...တော်ကြပါတော့။ အခုလောလောဆည် မင်းရဲ့ မယ်တော်ကို ကုပေးဖို့ ချိုနန်က မင်းကို စောင့်နေတာ.. "

တိုလုအီက ကြားဝင်ပြောလိုက်တော့ ချူလူလူ အံ့အားသင့်စွာမေး လိုက်သည်။

" သူက ဆေးကုတတ်လို့လား.. "

"  ချိုနန်က ဝင်္ကပါမြိုင်မှာ ဆေးစိုက်ခင်းကို တာဝန်ယူရတဲ့အပြင် သူက ဆေးပညာကို လေ့လာထားတဲ့သူပဲ။ မင်း သူ့ကို ယုံကြည်လို့ရတယ် ချုလူလူ..."

နောင်တော် ကုလန်၏စကားကြောင့် ချူလူလူ မကျေနပ်ပေမယ့် စကား ဆက်မပြောတော့ပဲ မယ်တော်မိသည့် အဆိပ်အကြောင်းကို တိုင်ပင်ဆွေးနွေးလိုက်သည်။ ပြီးတော့ မနက်ဖြန်မှ ချုတိုင်းပြည်ကို အတူသွားဖို့ ဆုံးဖြတ်လိုက်သည်။

" မင်း သွားနားချေတော့ ချူလူလူ.. တိုလုအီ မင်း သူ့ကို လိုတာအားလုံး စီစဉ်ပေးလိုက်။ မနက်ဖြန် ခရီးသွားတဲ့အခါ နောက်ထပ် အတိုက်ခံရတာကို ငါ မကြားချင်ဘူး။ ငါ ချိုနန်နဲ့ တိုင်ပင်စရာရှိလို့ သူ့ကို ထားခဲ့လိုက်... "

တိုလုအီနှင့် ချူလူလူတို့ထွက်သွားသောအခါ ကုလန်က ချိုနန်ကို အဆိပ်အကြောင်း မေးမြန်းကာ ယွမ်ချူးခန်လာစဉ်က ပြောဆိုသွား သည်ကို ပြန်ပြောပြစေသည်။ ထိုအထဲမှ သူ ဘာကိုကြံနေသည်ကို ကုလန် ခြေရာခံနေစဉ် စာပို့သိမ်းဌက်နှင့် တထန်ပြည်မှ စာပို့ လာကြောင့် ရဲမတ်တစ်ဦးက စာလွှာကို လာပို့သဖြင့် ကုလန် ချက်ချင်း ဖောက်ဖတ်လိုက်သည်။

" မင်းရဲ့နောင်တော် ချိုဟန်ကို တထန်ပြည်နဲ့ ဝူပြည်ကြားက နယ်စပ်မှာ တပ်စွဲနေတာကို တွေ့ခဲ့တယ်တဲ့။ ကျုပ်ရဲ့ ညီတော် ထန်လိုခိကို သူက ဖမ်းဆီးပြီး သူနဲ့ပူးပေါင်းဖို့ ဖိအားပေး စည်းရုံးနေခဲ့တယ်တဲ့။  "

" ထန်လိုခိက နောင်တော် ချိုဟန်မှန်း ဘယ်လိုသိတာတဲ့လဲ နောင်တော်ကုလန် "

ချိုနန်သည် ခန့်ညားချောမောလှသည့် စစ်ဘုရင် နောင်တော်ကို စိုက်ကြည့်ကာ တည်ကြည်စွာမေးလိုက်သည်။ မိမိလုပ်ရပ်ကြောင့် နောင်တော်ချိုဟန်တို့ပင် နာမည်ပျက်ရပြီလားဟု တွေးနေမိသည်။

" သူကိုယ်တိုင်ပြောခဲ့တယ်တဲ့။ မင်းရဲ့နောင်တော်က တောင်ပိုင်း နိုင်ငံတွေ ထဲမှာ ခြေရှုပ်ခွင့်တော့မရှိဘူး မဟုတ်လား။ အဖွားတော် က ဒီလိုလုပ်ခွင့်ပြုထားမယ် မထင်ဘူး။ "

ကုလန်က စာကို ကမ်းပေးကာ ချိုနန်ကို ဖတ်စေပြီး မေးလိုက်သည်။

" ဝင်္ကပါမြိုင်က ခုလို နိုင်ငံရေးထဲ ဝင်ရှုပ်တာကို တင်းတင်း ကျပ်ကျပ် တားမြစ်ထားပါတယ် နောင်တော်။ နောင်တော် ချိုဟန်က ဘယ်လိုဖြစ်ပြီး အခုလို ပြောင်ပြောင်တင်းတင်း အမည်ဖော် လိုက်တယ်ဆိုတာ ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး။ ပြီးတော့ ဒီလို လုပ်နည်းလုပ်ဟန်က နောင်တော် ချိုဟန်ရဲ့လုပ်ဟန် မဟုတ်ဘူး "

ချိုနန်သည် အသေးစိတ်ရေးထားသည့် စာကို ဖတ်ပြီးနောက် နောင်တော်ကုလန်ကို သေချာရှင်းပြလိုက်သည်။

" ချိုနန်... ချိုဟန်က ဘယ်လိုလူမျိုးလဲ။ သူ့ရဲ့အားနည်းချက်က ဘယ်လိုဟာလဲ.. "

" နောင်တော် ချိုဟန်က မိန်းမလှလေးတွေကို သဘောကျတယ် နောင်တော်။ မိန်းကလေး ချောချောမြင်ရင် သူ့အခြွေရံ အဖြစ်၊ သူ့ကိုယ်လုပ်တော်အဖြစ် စည်းရုံးပြီး ရအောင် ယူတတ် တယ်။  "

" မင်းရဲ့နောင်တော်က အဆိပ်နဲ့ဆေးဝါးပညာကို နားလည်သလား "

" နားမလည်ဘူးနောင်တော်။ နောင်တော်ချိုဟန်က တကယ့် စီးပွားရေးသမားသက်သက်ပဲ၊ သူက ဝင်္ကပါမြိုင်ရဲ့ စီးပွားရေးကို အဓိက ဦးဆောင်တဲ့သူပဲ။ "

ကုလန်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ ဒီလိုဖြစ်မည်ဟု ထင်ထားပြီးဖြစ်သည်။ ချိုနန်နှင့် အဖြေတိုက်ကြည့်နေခြင်း သက်သက် ဖြစ်သည်။ ဝင်္ကပါမြိုင်ကိုရောက်ခဲ့တာမို့ ဝင်္ကပါမြိုင်က စည်းကမ်းတချို့ကို သိခဲ့ပြီးဖြစ်သည်။ ဒီလိုဗြောင်ကျကျလုပ်ရပ်ကို ချိုဟန် ဘယ်နည်းနှင့်မှ လုပ်မည်မဟုတ်ပေ။


" ကြည့်ရတာ မင်းနောင်တော် အဆိပ်နဲ့ထိန်းချုပ်ခံနေရပြီ ထင်တယ်။ ထန်လိုခိ တို့ကို တမင် ဖမ်းထားပြီးနောက်တော့ လွှတ်ပေးလိုက်တယ်။ သူ့ကို တစ်ယောက်ယောက် ထိန်းချုပ်ပြီး အသုံးပြုနေပြီ။ ကြည့်ရတာ မင်းတို့ဆီက အခိုးခံလိုက်ရတဲ့ အဆိပ်ကျမ်းကို ကောင်းကောင်း အသုံးချနေသူ ရှိနေပြီ။ "

ဒီစကားကိုကြားသော် ချိုနန်၏မျက်နှာ တင်းမာသွားခဲ့သည်။ ဝင်္ကပါမြိုင်တွင် အဆိပ်နှင့် ဆေးပညာကို ကင်းသူဆိုလို့ နောင်တော် ချိုဟန်တစ်ယောက်သာ ရှိသည်။ ဒီတစ်ယောက်ကိုမှ မိမိတို့ ဝင်္ကပါမြိုင်က အခိုးခံရသည့် အဆိပ်ပညာဖြင့် ပြန်လည်ထိန်းချုပ်ခံ လိုက်ရသည်ဆိုတာက မျက်နှာကို ဖြတ်ရိုက်ရာ ကျလွန်းသည်။ ချိုနန်က ကုလန်ကို စိုက်ကြည့်ကာ တောင်းဆိုလိုက်သည်။

" နောင်တော် ကုလန်၊ ကျွန်တော်တို့ ဝင်္ကပါမြိုင်ကို အသုံးချနေတဲ့ သူကို ရအောင်ဖော်ပေးပါ။ ဒီအတွက် ကျွန်တော် ဘာပဲလုပ်ရ လုပ်ရ လုပ်ပါ့မယ်။ ပြီးတော့ ယွမ်ချူးခန်ရဲ့လုပ်ရပ်ကို သက်သေနဲ့တကွ ရအောင်ရှာပြီး အဖွားတော်ဆီပို့ပြီးသူ့ကို  မောရကစ်မျိုးနွယ် စာရင်းထဲက ထုတ်ခိုင်းရမယ်။ "

" ကောင်းပြီ။ အရင်ဆုံး ချူလူလူရဲ့မယ်တော်ကို အရင် ပျောက်အောင် ကုဖို့ နည်းရှာကြတာပေါ့။ နောင်တော် မင်းကို ယုံကြည်ပါတယ်။ နောင်တော်မင်းကို ကူညီပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ်နောင်တော်.. "

ချိုနန်က ထရပ်ကာ ဦးညွတ်ရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ နောင်တော် ကုလန်က ယွမ်ချူးခန်ထက် အဆပေါင်းများစွာ ဦးနှောက်ဥာဏ်ပြေးပြီး ပိုတော်သည်။ ဒါပေမယ့် အခု ယွမ်ချူးခန်က ဘယ်လို လူနှင့်ပေါင်းမိပြီး မိမိတို့ကိုပါ အကောက်ကြံနေသည်ကို နားမလည်နိုင်တော့ပေ။ ဝင်္ကပါမြိုင်ကိုသူလာစဉ်က မိမိတို့မောရကစ်သွေးပါသူပီပီ ချောမောကာ နှစ်လိုဖွယ်စကားဆိုတတ်သူမို့ မိမိတို့ညီအစ်ကို အားလုံး သူ့ကိုခင်မင်ခဲ့ကြသေးသည်။ အခုလိုလူဖြစ်လာမည်ဟု ဘယ်လိုမှ မတွေးခဲ့မိပေ။

ကုလန်က ချိုနန်ကို မိမိညီတော်မောင် ချူလူလူအကြောင်းကို ကြိုတင်ပြောကာ တောင်းပန်ထားလိုက်သည်။

" ချူလူလူက ကလေးဆန်တယ်။  တိုလုအီကို အပိုင်သိမ်းတယ်လို့ သူ ထင်နေလို့ မင်းအပေါ် ရိုင်းပျခဲ့ရင် ခွင့်လွှတ်ပေးလိုက်ပါ။ နောက်ပိုင်းကျရင် သူ သေချာသိလာပါလိမ့်မယ်။ "

"  စိတ်ချပါ နောင်တော်။ "

ချိုနန်က နောင်တော်ကုလန်ကို ကတိပေးကာ မိမိတို့အဆောင်ကို ပြန်လာခဲ့သည်။ အဆောင်ထဲတွင် ချူလူလူရောက်နေပြီး နောင်တော် တိုလုအီနှင့် စကားများနေပုံရသည်။ သူတို့စကားများ တာ အရှိန်မြှင့်နေပုံရသည်။ အသံက အဆောင်အပြင်ဘက် ကို လွှင့်ပျံ့လာသည်။ အခြွေရံများက သူ့ကိုလှမ်းမြင်ပေမယ့် အထဲကို အကြောင်းမကြားဝံ့ပဲ အားနာသည့် မျက်နှာဖြင့် ကြည့်နေကြသည်။

" နောင်တော့်ကို သူ အကောက်ကြံပြီး အပိုင်သိမ်းတာကို ခုလို ခံနေမှာလား။ သူ့ကို ကွာရှင်းလိုက်ပါ။ အခု သူ့ကြောင့် နောင်တော် ထီးနန်းကို စွန့်လိုက်ရပြီ မဟုတ်လား။ ယွမ်ချူးခန်နဲ့တိုက်ရမယ့် အချိန် နောင်တော်ရဲ့ အာဏာကို လက်လွှတ်လိုက်တာ တကယ် မကောင်းဘူး။  "

" မဖြစ်ဘူး ချူလူလူ... နောင်တော်က သူလိမ်တာ ခံရလို့ လက်ထပ် လိုက်ရတယ်ဆိုရင်တောင် ဒီဟာက နောင်တော်ညံ့လို့ဖြစ်တာပါ။ သူက ယောကျာ်းတစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ နောင်တော် လက်ထပ်ထားတဲ့ ကြင်ယာတော်ဖြစ်သွားပြီ။ နောင်တော် သူ့ကို မကွာရှင်းနိုင်ဘူး။  "

တိုလုအီက ချူလူလူကို လေပျော့လေးနှင့် ပြောလိုက်သည်။ တစ်ခါတစ်လေ ချူလူလူ က ကလေးဆန်ပြီး သူထင်တာကို အတင်းအကျပ်ပြောတတ်သဖြင့် တိုလုအီ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေသည်။ အခု သူက မိမိအတွက် နာသောကြောင့် ခုလို ပြောနောကို သိပေမယ့် ချိုနန်ဆိုတာ နောင်တော် ကုလန်၏ ညီဝမ်းကွဲဖြစ်ပြီး မိမိက လူတစ်ယောက်ကို ခုလက်ထပ် ခုကွာရှင်း လုပ်မည့် လူစားလည်း မဟုတ်ပေ။ ဒါကို သူနားလည်အောင် ဘယ်လိုပြောရမလဲ တွေးနေမိသည်။

" နောင်တော် သူ့ကိုချစ်လို့လား "

" မချစ်ပါဘူး.. "

အမှတ်တမဲ့မို့ တိုလုအီက အမှန်တိုင်းပြောထွက်သွားမိသည်။


ထိုစကားကိုကြားသော် ချိုနန် ဝမ်းနည်းသွားခဲ့သည်။ မိမိကို မချစ်တာကို သိပေမယ့် ချူလူလူရှေ့တွင် ခုလို ဝန်ခံစကားပြော နေသည်ကိုနားနှင့် ဆတ်ဆတ်ကြားရတော့ ရင်ထဲ မကောင်းပေ။

" ဒါပေမယ့် နောင်တော် သူ့ကို မမုန်းပါဘူး။ "

" နောင်တော့် အချစ်က တကယ်ပဲ ခဏပဲ ခံတယ်နော်။ ကျွန်တော့်ကို ချစ်ပါတယ်ဆိုပြီး ပြောသွားတာ မကြာသေးဘူး။ အခြား ယောက်ျားတစ်ယောက်ကို လက်ခံနိုင်တယ်။ သူ့ကို မချစ်ပေမယ့် နောင်တော်က လက်ထပ်ပေါင်းသင်းနေနိုင်တယ်။ နောင်တော့် အချစ်က ဒီလိုလား "

ထိုစကားကိုကြားတော့ ချိုနန်ကသက်ပြင်းရှိုက်ကာ လှည့်ထွက် သွားလိုက်သည်။ သူတို့နှစ်ယောက် ပြောဆိုနေသည်ကို မိမိကြားသွားတာကို သိလျှင် သူတို့ မျက်နှာပူမည်စိုးသဖြင့် ချိုနန် အလိုက်တသိ ရှောင်ထွက်လာခဲ့သည်။

ချူလူလူက တိုလုအီကို မချစ်ပေမယ့် အခုလို ချက်ချင်း အခြားလူကို လက်ထပ်သွားသည်ကို လက်မခံနိုင်ဘူးဆိုတာ ချိုနန် နားလည်ပေးနိုင်ပါသည်။ လူငယ်ဆိုတော့ သွေးပူနေဆဲ မခံချင်ဖြစ်ပေမယ့် အချိန်ကြာလာရင် သံယောဇဉ်နှင့် အချစ်ကို သူ သေချာခွဲခြားသိလာပြီးနောက်ပိုင်း မိမိကို တိုလုအီ၏ ကြင်ဖက် အဖြစ် လက်ခံလာနိုင်မည်ဟု ချိုနန်ယုံကြည်သည်။

" မဟုတ်ဘူး ချူလူလူ... မင်း ဒီအကြောင်းကို နားမလည်ပါဘူး။ နောင်တော် မင်းကို တောင်းပန်ပါတယ်။ နောင်တော် မင်းကို ချစ်ခဲ့တာ တကယ်ပါ။ ခုလည်း ချစ်နေဆဲပါ။ ဒါပေမယ့်.... "

" တော်ပါတော့ဗျာ။ အိမ်ထောင်သည်ဖြစ်နေပြီ။ နောင်တော့် စိတ်ကို ပြောင်းလိုက်ပါတော့။ ကျွန်တော်တို့ကြား ညီအစ်ကိုလို ဆက်ဆံရေးနဲ့ သံယောဇဉ်ကလွဲရင် ချစ်တယ် ဘာညာဆိုတာကို မေ့လိုက်ပါတော့။ "

ချူလူလူလည်း ပြောလိုက်မိပြီးမှ သူများ အိမ်ထောင်ရေးကို အရမ်းစွတ်ဖက်မိပြီဆိုတာ သတိဝင်လာပြီး စကားစဖြတ် လိုက်သည်။

" အင်း....  "

တိုလုအီသည် ချူလူလူ၏စကားကြောင့် သက်ပြင်းသာရှိုက်လိုက် မိသည်။ ချိုနန်ကို မိမိလွန်ကျူးခဲ့သည်ကို ပြောပြဖို့ ရှက်နေမိသည်။

"ကျွန်တော် သွားနားတော့မယ် နောင်တော်။ ချိုနန်က နောင်တော့်ကို ချစ်တယ်ဆိုရင် ပြီးတာပါပဲ။ နောင်တော်လို့ အိမ်ထောင်ရေး အဆင်ပြေဖို့ အရေးကြီးပါတယ်  "

တိုလုအီသည် ထွက်သွားသည့် ချူလူလူကို ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်နှင့် ချစ်ခဲ့သည့် စောင်းတီးတော်သည့် လူငယ်လေးကို မိမိတစ်သက် ပိုင်ဆိုင်ခွင့်မရတော့သည်ကို တွေးကာ သက်ပြင်းသာ မှုတ်ထုတ်လိုက်မိသည်။

မည်မျှကြာအောင် အတွေးပွားနေမိသည် မသိတော့ ။ ချိုနန်ရောက်လာပြီးမေးတော့မှ သတိဝင်လာသည်။

" ညစာ စားတော့မလား နောင်တော်... "

" မဆာသေးဘူး။ မင်း ဆာရင် အရင်စားနှင့်လိုက်တော့.. "

ချိုနန်တစ်ယောက်တည်း ညစာကို တိတ်ဆိတ်စွာစားပြီး လိုအပ်သည့် ဆေးဝါးများကို ထုပ်ပိုးကာ အိပ်ယာထက် တိတ်ဆိတ်စွာ လှဲလိုက်သည်။ ညနက်မှ နောင်တော် တိုလုအီ ဝင်လာပြီး နံဘေးမှာ ဝင်အိပ်လိုက်သည်။ နောင်တော့်ဆီက အရက်နံ့ကို ရလိုက်သောကြောင့် ချူလူလူ၏စကားကြောင့် နောင်တော် စိတ်ညစ်နေတာသိသဖြင့် အိပ်ချင်ယောင်ဆောင်ကာ တိတ်နေလိုက်သည်။

နောက်တနေ့တွင် တိုလုအီက ချိုနန်နှင့် ချူလူလူကို မြို့ပြင်ထိ လိုက်ပို့ပေးပြီး ရထားလုံးနှင့် အစောင့်တပ် ပျောက်သွားသည်အထိ ငေးကြည့်ပြီးမှ နန်းတော်ထဲကို ပြန်လာခဲ့သည်။

ကုလန်က မျက်နှာမသာမယာဖြစ်နေသည့် တိုလုအီကို လှမ်းခေါ်ကာ ထန်လိုခိ ပို့လိုက်သည့် စာကို ပြလိုက်သည်။ ထိုစာကိုကြည့်ပြီး တိုလုအီ၏မျက်လုံးများ စူးရှတောက်ပြောင်လာခဲ့သည်။

" နောင်တော်...ဂျူဒါအမ်းက တထန်ပြည်ကို ရန်စနေပြီ။ "

" အင်း... ချိုဟန်က ထန်လိုခိနဲ့ ဟီဒယ်ကို ဖမ်းဆီးထားပြီးမှ သူတို့ နှစ်ယောက် အလွယ်လေးလွတ်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။  ဒီဟာက ဝူပြည်ထဲက အပြောင်းလဲကို ဝင်မစွတ်ဖက်နိုင်အောင် သူတို့ကို တနေရာဖယ်ထားတဲ့သဘောပဲ။ ဒါကြောင့် ဝူမိဖုရားခေါင်ကြီး အဆိပ်မိသွားတာတွေ၊ သေဆုံးသွားလို့ ဂျူဒါအမ်း ဘုရင်ဖြစ်တာတွေ၊ မီဒယ်ရဲ့မယ်တော်က အဆိပ်ခတ် ကြောင်း ပေါ်ပြီး ကွပ်မျက်တာတွေက အရမ်းမြန်မြန်ကို ဖြစ်သွားခဲ့တာပဲ။ "

တိုလုအီသည် ဝူပြည်နှင့် တထန်ပြည်မြေပုံကို ဖြန့်ကာ သူတို့ အဖမ်းခံရသည့် နေရာ၊ ပြန်လွတ်လာသည့်နေရာကို စစ်ဆေးကြည့်ပြီး အဖြစ်ပျက်ကို သေချာစဉ်းစားကာ နောင်တော် ကုလန်ကို လေးနက်စွာပြောလိုက်သည်။

" နောင်တော်... ဂျူဒါအမ်းက သူ့မယ်တော် အဆိပ်ခတ်ခံရတဲ့ အတွက် မီဒယ်နဲ့ကလေးကိုလည်း ခွင့်လွှတ်မှာမဟုတ်ဘူး။ မီဒယ်ကို ကယ်ဖို့လိုနေပြီ။ "

" ဒီဟာက အဓိကအချက်ပဲ။ မီဒယ်ကို ကယ်တင်မယ်ဆိုရင် နှစ်နိုင်ငံ သေချာပေါက် စစ်ဖြစ်တော့မယ်။ နောက်ကွယ်က လူက ဒီလိုဖြစ်စေချင်နေတာ။ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းတဲ့ သဘောပဲ။ နှစ်နိုင်ငံ တိုက်နေရင် သူတို့ကို အာရုံမစိုက်နိုင်သလို ဒီဘက်ပိုင်းကိုလည်း ထန်လိုခိက လာကူနိုင်မှာ မဟုတ်ဘူး။ "

တိုလုအီသည် ထိုအကြောင်းကို ကြားသော် ပင့်သက်ရှိုက်ကာ အံ့သြစွာပြောလိုက်သည်။

" နောင်တော် ယွမ်ချူးခန်က ဒီလောက် ဉာဏ်ပြေးပါ့မလား။  "

" သူ့နောက်မှာ အင်မတန် ဦးနှောက်ကောင်းပြီး ကောက်ကျစ်တဲ့ အဆိပ်သခင် တစ်ယောက်ရှိနေတယ်။ နောင်တော် ထင်တာမမှားရင် ဒီလူက ဖိုးဖိုးထန်ရဲ့ မျိုးဆက်ထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ "

" ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ နောင်တော် "

" ဖိုးဖိုးထန်ကို လိုက်ရှာခိုင်းထားတယ်။ ကြားထဲ နောင်တော်တို့ ယွမ်ချူးခန်ရဲ့ ခြေရာလက်ရာကို သေချာလိုက်ကြည့်ရမယ်။ ပြီးရင် သူလိုချင်တဲ့အကွက်ထဲ မဝင်အောင် သတိပေးရမယ်။ လောလောဆည် မင်း ဝိဇယမင်းသားတို့ကို သတိပေးလိုက်။ ယွမ်ချူးခန်တို့က ရုပ်ဖျက်ပြီး ပင်လယ်ရေကြောင်းကို သုံးတာဖြစ်နိုင်တယ်။ ပင်လယ်ပြင်ထဲက သွားလာနေတဲ့ သဘောင်္တွေနဲ့ မှောင်ခိုဈေးကို လိုက်စုံစမ်းခိုင်းလိုက်.. "

" ဟုတ်ကဲ့ပါ နောင်တော်... "

--------------------------------

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now