Chapter (25) - မီဒယ်၏ကံတရား ( zawgyi+unicode)

1.1K 159 16
                                    

Chapter (25) - မီဒယ်၏ကံတရား ( zawgyi+unicode)



မီဒယ်သည် အရင့်အမာနှင့်ကိုယ်ဝန်ကို လက်နှင့် အသာပွတ်သပ်ကာ မကြာခင်မွေးလာမည့် ရင်သွေးလေးကို တွေးပြီး ပျော်နေစဉ် အပျိုတော်တစ်ဦးက အပြေးအလွှားဖြင့် အဆောင်ထဲ ဝင်လာပြီး တောင်းပန်သံကိုကြားလိုက်ရသည်။

" သခင်မဘုရား... မယ်တော်ကြီးကို ကယ်တော်မူပါ... ရဲမတ်တွေက မယ်တော်ကြီးကို ဖမ်းသွားပါတယ်..ကယ်တော်မူပါ.. "

" ဘယ်လိုဖြစ်တာလဲ... ဘယ်သူ့အမိန့်နဲ့ဖမ်းခိုင်းတာလဲ.. "

မီဒယ်က ဆတ်ခနဲထလိုက်စဉ် ဗိုက်ထဲက မျက်ခနဲဖြစ်သွားသည်။ ဒါပေမယ့် မယ်မယ့်ကို ဘယ်သူဖမ်းသွားသလဲဆိုတာ စိတ်ရောက်နေသဖြင့် အလောတကြီးမေးလိုက်သည်။

" မင်း...မင်းကြီးရဲ့ အမိန့်နဲ့ပါ... "

" ဘာ... မဖြစ်နိုင်တာ.... အခြွေရံတွေ...ငါ့ကို မောင်တော့်ဆီ ခေါ်သွားကြစမ်း... "

မီဒယ်သည် အခြွေရံများအကူညီဖြင့် ဝူဘုရင်မင်းမြတ်၏ အလယ်နန်းဆောင်မကြီးဆီကို လာခဲ့ပေမယ့် မင်းကြီးက အတွေ့မခံပေ။

" မင်းကြီးက မိဖုရားကြီးကို အထဲမဝင်ခိုင်းပါဘူး။ ဒါကြောင့် အဆောင်ကို ပြန်တော်မူပါ အရှင်မိဖုရားကြီး... "

အစောင့်များ၏ခက်ထန်သော မျက်နှာကြောင့် မီဒယ်ရင်ထိတ်လာခဲံသည်။ မောင်တော်ဂျူဒါအမ်းက ဘယ်သူ့ ကုန်းချောစကားကြောင့် မယ်မယ့်ကို ဖမ်းထားတာလဲ....။

" မောင်တော်ဘုရား... ကျွန်မ မီဒယ်ပါ။ မောင်တော်နဲ့တွေ့ဖို့ အဆောင်ရှေ့ကနေ စောင့်နေပါတယ်.. ကျွန်မကို သနားသဖြင့် တွေ့ခွင့်ပြုတော်မူပါ... "

မီဒယ်သည် မယ်မယ့်အတွက် စိုးရိမ်လွန်းသဖြင့် နန်းဆောင်ရှေ့ ဒူးထောက်ကာ အော်ဟစ်တောင်းပန်လိုက်ပေမယ့် အတွင်းထဲက အပါးတော်မြဲပင်ထွက်မလာခဲ့ပေ။

" အရှင် မိဖုရားခေါင်ကြီး...အဆောင်ကို အရင်ပြန်နားရအောင်ပါ။ မင်းကြီး စိတ်ရှုပ်နေတာဖြစ်ပါလိမ့်မယ်။ ညနေပိုင်းမှ တခါပြန်လာပြီး တောင်းပန်ရင် အတွေ့ခံမှာပါ.. အခု အရှင်မိဖုရားကြီး က မပေါ့မပါးနဲ့ဆိုတော့...  "

" ဖယ်စမ်း... ငါ့မယ်မယ်က အကျဉ်းထောင်ထဲမှာ အဖမ်းခံထားရတာ။ ငါက ဘယ်လို နားနေနိုင်မှာလဲ။ သူ ငါ့ကို အတွေ့မခံမချင်း ရှေ့မှာ ဒူးထောက်နေမယ်.. "

မီဒယ်က ခေါင်းမာစွာဖြင့် ဒူးထောက်တောင်းပန်နေသည်။ မောင်တော် ဂျူဒါအမ်းက သူ့ရင်သွေးကို ထိခိုက်မည်စိုးသဖြင့် မိမိကို အတွေ့ခံမည်ဟု သေချာပေါက်တွက်ထားခဲ့သည်။ မီဒယ် အထင်လုံးဝ မှားသွားခဲ့သည်။ တဖြည်းဖြည်းနှင့် ကြာလာတော့ ဒူးထောက်ထားရသည့် မီဒယ်က ဘယ်လိုမှ တောင့်မခံနိုင်တော့ပေ။ ဗိုက်က ဖိအားနှင့် ကိုယ်ဝန်ဆောင်တစ်ယောက်၏ အားနည်းမှု၊ မယ်တော်ကိုစိုးရိမ်မှုတို့ကြောင့် မီဒယ် သတိမေ့သွားတော့သည်။

ဂျူဒါအမ်းသည် စာချွန်လွှာများကို ဖတ်နေစဉ် အပါးတော်မြဲက သတင်းလာပို့သည်။

" အရှင်မိဖုရားကြီး သတိမေ့သွားပါတယ် အရှင်။ "

"သူ့အဆောင်ကို ပြန်ပို့လိုက်၊ သမားတော် လွှတ်ပြီး ကြည့်ခိုင်းလိုက်... ပြီးရင် အကျဉ်းထောင်ကိုသွားကြမယ်...  "

အပါးတော်မြဲသည် မင်းကြီး၏စကားကြောင့် ဘာမှပြန်မပြောဝံ့ပဲ  သွားစီစဉ်လိုက်ရတော့သည်။

ဂျူဒါအမ်းသည် မီဒယ်၏မယ်တော်အဆောင်ထဲမှ အဆိပ်ထည့်ထားသည့် ဆေးပုလင်းကို တွေ့လိုက်ရပြီးနောက် ဒေါသအပြင် ခံပြင်းဒေါသတို့ထွက်လာခဲ့သည်။ ယောက်ခမ ဖြစ်သူကို ထောင်ထဲ အမှန်ပြောဆေးဖြင့် တိုက်ခိုင်းတော့ သူမက မိမိ၏မယ်တော်ကို အဆိပ်ခတ်ခဲ့သည်ကို သိလိုက်ရသည်။

" ဘာကြောင့် မယ်တော်ကို အဆိပ်ခတ်ခဲ့ရတာလဲ။ မယ်တော်က မင်းတို့ သားအမိကို တထန်ပြည်က ခေါ်လာပြီး အဆင့်တန်းမြင့်မြင့် ထားခဲ့တယ်။ မီဒယ်ကို ကျုပ်ရဲ့မိဖုရားအဖြစ်ကို ထားပေးခဲ့တယ်။ ဘာကြောင့် ကျုပ်မယ်တော်ကို ခုလို လုပ်ရတာလဲ..  "

" ဝူမိဖုရားခေါင်ကြီးက ငါ့သမီး မိဖုရားခေါင်ဖြစ်မယ့် လမ်းကို ပိတ်နေတယ်။ အခု သူသေသွားတော့ မင်းက ဘုရင်ဖြစ်လာတယ်။ ငါ့ သမီးလည်း မိဖုရားခေါင်ဖြစ်လာပြီ... "

ဂျူဒါအမ်း၏ မျက်လုံးက သွေးရောင်လို ရဲလာတော့သည်။

" ခင်ဗျားသမီးက မိဖုရားခေါင်ဖြစ်ဖို့ ကျေးဇူးရှင်ကိုတောင် အဆိပ်ခတ်ရဲသလား.. မင်းတို့က ကျေးဇူးကန်းတဲ့ သားအမိပဲ... "

" ဟား...ဟား...ဟား... င့ါသမီး မိဖုရားခေါင်ဖြစ်မှ စိတ်အေးရမယ်။ မင်းက ဟီဒယ်ကို ကြိတ်ချစ်နေပြီး တနေ့ကြရင် ဟီဒယ်ကို မိဖုရားမြောက်ချင်နေတာ ငါသိတယ်။ ငါ့သမီးက သားတော်လေး မွေးပြီးရင် ငါတို့ သားအမိ ဒီဝူနန်းတွင်းမှာ စိတ်ချရပြီ  "

ထိုစကားကိုကြားတော့ ဂျူဒါအမ်း၏ မျက်နှာက လူသတ်ချင်စိတ် ပေါက်လာမိသည်။ မိမိ ဟီဒယ်ကို ချစ်တာ သူတို့ ဘယ်လို သိနေတာလဲ။

" လျှောက်ပြောနေတယ်။ ငါကိုယ်တော်က တထန်ပြည်ရဲ့ အိမ်ရှေ့စံ ကြင်ယာတော်လောင်းကို တပ်မက်စရာလား။   "

" ဟီ...ဟီ...ဟီ... ငါ ဝူမိဖုရားကြီးကို တောင်းဆိုတာ မြန်သွားလို့ သာပေါ့။ မင်းက ဟီဒယ်ကို တထန်ပြည်ကနေ ခေါ်ထုတ်ပြီး မိဖုရား မြှောက်ချင်နေတာ သိသာနေတာပဲ။ မင်း လျန်ပြည်ကို လာ ကတည်းက ဟီဒယ်ကို သဘောကျနေတာ သိသာတယ်။ ဟီဒယ် ရှိနေရင် ငါ့သမီး မီဒယ်က အပယ်ခံဖြစ်နေရ ဦးမှာပဲ။ ဟီဒယ်ရဲ့ မယ်တော်ကြောင့် ငါ့ ခင်ပွန်း ဘုရင်ကြီးက ငါ့ကို ပစ်ပယ် သလို ငါ့သမီးလည်း ဟီဒယ်ကြောင့် ပစ်ပယ်ခံရမှာ ငါ အဖြစ် မခံနိုင်ဘူး။  "

" ဒါနဲ့ ငါကိုယ်တော်ရဲ့ မယ်တော်ကို လုပ်ကြံစရာလား.. "

" ငါ့သမီး ထိပ်ဆုံးကို ရောက်ဖို့ ဘာမဆို ငါလုပ်သင့်ရင် လုပ်ရမှာပဲ။ ငါ့ မြေးလေးသာ အရွယ်ရောက်လာရင် မင်းကိုတောင် အဆိပ်ခတ်သင့်ရင် ခတ်ရမှာပဲ... အာဏာ... လောကမှာ အာဏာတစ်ခုပဲ အသေချာဆုံး။  "

သဘောကောင်းကာ မိမိအပေါ်  စေတနာထားပါသည်ဟု ထင်ခဲ့သည့် မီဒယ်၏ မိခင်ထံမှ ယခုကဲ့သို့စကားကို ကြားလိုက်ရစဉ် ဂျူဒါအမ်း၏ ရင်ထဲမှ အမုန်းမီးတို့ တောက်လောင်လာခဲ့သည်။ မိမိဘဝတွင် မယ်တော်သည်သာ ကိုးကွယ်ရာဖြစ်ခဲ့သည်။ ဟီဒယ်ကို ချစ်သည်ကို သိခဲ့ပေမယ့် မယ်မယ်က မီဒယ်နှင့် လက်ဆက်စေချင်သဖြင့် မျက်စိမှိတ်ကာ မီဒယ်ကို မိဖုရားမြှောက်ခဲ့သည်။ ဟီဒယ် မိမိအပေါ် ကျောင်းတော်ကတည်းက ချစ်နေသည်ကို သိလျက်နှင့် လျစ်လျူရှုခဲ့သည်။ မီဒယ်ကို မချစ်ပေမယ့် ခင်ပွန်းတစ်ယောက် တာဝန်ကို ကျေပွန်စေခဲ့သည်။ အခု မီဒယ်၏ဝမ်းဗိုက်ထဲ မိမိသွေးသားပင် မွေးဖွားတော့မည်။ မိသားစုတစ်ခုကို ဖန်တီးနိုင်တော့မည် အချိန်ကျမှ မီဒယ်၏ မယ်တော်ထဲက ယုတ်မာသည့် အကြံကြောင့် တလောကလုံးမှာ မိမိ အလေးထားရဆုံး မယ်တော် အဆိပ်ခတ်သတ်ခံလိုက်ရသည်။

နာကျင်ဝမ်းနည်းမှုတို့ တကိုယ်လုံးကို ပြန့်သွားကာ မုန်းတီးမှု တို့ဖြင့် မီဒယ်၏ မိခင်ကို စိုက်ကြည့်ကာ ဂျူဒါအမ်း လှည့်ထွက် လာပြီး တော်ဝင်အမိန့်တော်ကို တံဆိပ်ခတ်ကာ ထုတ်ပြန် လိုက်သည်။

" မိဖုရားခေါင်ကြီး၏ မယ်တော်သည် ဝူပြည်၏ မယ်တော်ကြီးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် လူမြင်ကွင်းတွင် ခေါင်းဖြတ်ကွပ်မျက်စေ... မင်းတရားအမိန့်တော်..."

" ဒီအမိန့်စာကို မြို့ထဲ လိုက်ကပ်လိုက်။ လူတိုင်း လာကြည့်ရမယ်လို့ အမိန့်ထုတ်စေ... ပြီးတော့ မီဒယ်ကိုလည်း ဒီ ကွပ်မျက်သဘင်ကို တက်ခိုင်းပါ... "

အပါးတော်မြဲကုန်းကုန်း က ထိုအမိန့်တော်ကို ကြားသော် ပြောင်းလဲသွားသည့် မင်းကြီး ဂျူဒါအမ်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်ကာ အေးစက်သည့် အကြည့်ကိုတွေ့တော့မှ ထိတ်လန့်ကာ အမိန့်တော်ကို ထုတ်ပြန်ရန် ထွက်သွားတော့သည်။

" သမားတော်ကို ခေါ်စေ... "

" ကျွန်တော်မျိုးရောက်ရှိကြောင်းပါ အရှင်မင်းကြီး "

" မိဖုရားကြီးရဲ့ အခြေနေ ဘယ်လိုလဲ... "

" သတိလစ်နေဆဲပါ အရှင်... "

" သူ့ကို မနက်ဖြန် သတိရအောင် ကုစေ.. မိဖုရားခေါင်ကြီး သတိမရရင် မောင်မင်းတို့ ခေါင်းဖြတ်သတ်ခံရမယ်... မိဖုရားကြီးက မနက်ဖြန် နေ့လည် အခမ်းနားတစ်ခုကို တက်နိုင်အောင် ကုသစေ... "

" မှန်လှပါ.. "

သမားတော်ကြီးက ကြောက်လန့်စွာဖြင့် လက်ထောက်သမားတော် အုပ်စုကို ခေါ်ကာ မိဖုရားခေါင်ကြီး သတိလည်လာအောင် အစွမ်းကုန် ကုသလျက်ရှိကြသည်။

မီဒယ်၏ နန်းဆောင်တစ်ခုလုံးလည်း မီဒယ်၏မယ်တော် လူလည်ခေါင် ခေါင်းဖြတ်ကွပ်မျက်ခံရမည့်သတင်းကို မပြောရန် မင်းမိန့်ဖြင့် တားထားလိုက်သည်။ ပွဲရောက်မှ မီဒယ်ကို ကိုယ်တွေ့ မြင်စေရန် ကြံထားသည်။

မီဒယ်သည် အရုဏ်တက်ချိန်တွင် သတိရလာတော့မှ သမားတော်ကြီး အဖွဲ့ နဖူးက ချွေးကို သုတ်ရဲတော့သည်။ အားလုံး မိဖုရားကြီးကို ဆေးပေါင်းစုံတိုက်ကာ နောက်ထပ် သတိမလစ် စေရန် ပြုစုပေးကြသည်။

" မောင်တော်...မောင်တော်... ဘယ်မှာလဲ... "

" မင်းကြီး အလယ်နန်းဆောင်မှာပါ အရှင်မိဖုရားကြီး "

" မယ်မယ်ဘုရား...မယ်မယ်ဘုရား ပြန်လွတ်လာပြီလား.. "

"ကျွန်တော်မတို့ မသိရသေးပါဘူး။ အရှင်မိဖုရား သတိမေ့သွားလို့ ကျွန်တော်မတို့ အားလုံး အရှင်မဘေးက မခွာပဲ ပြုစုနေတာပါ..  "

" မနက်ဖြန် အရှင်မိဖုရားခေါင်ကြီးကို မင်းကြီးက အခမ်းနားတစ်ခု တက်ဖို့ မိန့်လိုက်ပါတယ်။ အဲ့အချိန် မင်းကြီးကို ပြောလိုက်ပါလား အရှင်မဘုရား.. "

မောင်တော်က မိမိကို အခမ်းနားတက်စေသဖြင့် မီဒယ် စိတ်အေးသွားခဲ့သည်။ မိမိကို လူလည်တွင် မိဖုရားခေါင်အဖြစ် ထုတ်ပြသည် ဆိုကတည်းက မိမိရင်သွေးကို အလေးထားကာ မိမိကိုလည်း ပစ်ပယ်ပုံမရပေ။ ဒါဆိုလျှင် မယ်တော်ကို သူများ ချောက်ချသည်ကို သေချာစစ်ဆေးပေးရန် တောင်းဆိုပြီး အသနားခံနိုင်သေးသည်။ ထိုအတွေးကြောင့် မီဒယ် စိတ်သက်သာရာ ရသွားပြီး ဝမ်းဗိုက်ကို လက်နှင့်ပတ်သပ်ရင်း ခဏပြန်အိပ်ပျော်သွားခဲ့သည်။

သမားတော်များနှင့် အပျိုတော်များက အဖြစ်မှန်ကို သိပေမယ့် မင်းမိန့်ကြောင့် ဘာမှ မပြောဝံ့ပဲ မိဖုရားကြီးကို မကြည့်ရက်လို့ မျက်နှာလွဲနေကြသည်။

မီဒယ်၏အခြွေရံများက ကွယ်ရာတွင် ခိုးငိုနေကြပေမယ့် ဘယ်သူမှ နူတ်မဟရဲကြပေ။ မယ်တော်ကြီးကို ကွပ်မျက်မည့်သတင်းက ဝူပြည်တခုလုံးပြန့်ကာ မြို့တော်က လူအားလုံး မနက်ဖြန် ကွပ်မျက်ပွဲကို တက်ရန် စိတ်လှုပ်ရှားနေကြသည်ကို မီဒယ် မသိပေ။

" အရှင်မ... ကျွန်တော်မတို့ အရှင်မကို ဇာမဏီဝတ်ရုံဆင်မြန်းပေးပါရစေ... "

အခမ်းနားပွဲကြီးအတွက် ဇာမဏီဝတ်ရုံကို အခြွေရံများဝတ်ပေး သည်ကို ခံယူရင်း မီဒယ်က ဗိုက်ကို အသာပွတ်နေလိုက်သည်။

" သားတော်လေးရေ... မယ်မယ် သားတော်အတွက် အမြင့်ကို တက်နိုင်ခဲ့ပြီကွဲ့...သားတော်လေးက ဒီဝူပြည်ရဲ့ နောက်တက်မည့် ဘုရင်တစ်ပါး ဖြစ်လာစေရမယ် သိလား။  "

လက်ဝတ်လက်စားအပြည့်စုံနှင့် ဝတ်စုံပြည့်ဝတ်ပြီးတော့ မီဒယ်တစ်ယောက် နတ်ဘုရားမကဲ့သို့ လှပသွားသည်ဟု မိမိဖာသာ ထင်လိုက်မိသည်။

" အစ်မတော် ကျွန်မကအစ်မတော်ထက် အရင် မိဖုရားခေါင်ုဖြစ်သွားပြီ။ အစ်မတော်ကို အစစ အရာရာ ရှုံးခဲ့သမျှ အစ်မတော် ချစ်တဲ့ သူကို ကျွန်မ လက်ထပ်နိုင်တဲ့အပြင် အခု မိဖုရားခေါင်ုဖြစ်နေပြီ။ အစ်မတော်က အိမ်ရှေ့မိဖုရားလောင်း ဖြစ်ချိန် ကျွန်မက ဝူတိုင်းပြည်ရဲ့ မိခင် မိဖုရားခေါင် ဖြစ်နေပြီ။  "

ဘေးမှ အခြွေရံများက မိမိ အရင်တိုင်းပြည်က ပါလာတာဖြစ်လို့ မီဒယ်က ထိုအတွေးကို နူတ်မှ ဖွင့်ဟကာတီးတိုးရေရွတ်နေ လိုက် သည်။ ထိုစကားကိုကြားသော် ဝူတိုင်းပြည်က အခြွေရံများက မီဒယ်ကို သနားစွာကြည့်လိုက်သလို လျန်ပြည်က ပါလာသည့် အခြွေရံများက ထိတ်လန့်စွာကြည့် မိသည်။ မိဖုရားကြီးသာ အဖြစ်မှန်သိသွားလျှင် ဆိုသည့် အတွေးကြောင့်... အခြွေရံအားလုံး ထိတ်လန့်နေကြသည်။

" ပြီးရင် သွားကြစို့... "

မီဒယ်ကို အပါးတော်မြဲများက ကွင်းပြင်တစ်နေရာကို ခေါ်ဆောင်လာကြသည်။ ထိုနေရာတွင် စင်မြင့်တစ်ခုရှိပြီး တိုင်းသူ ပြည်သားများလည်း ရောက်ကာ စောင့်နေကြသည်။ မကြာခင် မင်းကြီး ကြွချီလာသဖြင့် မီဒယ် အသနားခံသည့် မျက်ဝန်းဖြင့် ကြည့်လိုက်ပေမယ့် အေးစက်စက် မျက်ဝန်းဖြင့် တိုးသောကြောင့် ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။

" အရှင်မင်းကြီး ကို နူတ်ခွန်းဆက်သပါတယ်... "

" အင်း...."

ဂျူဒါအမ်းက ထိုမျှသာ ပြန်ပြောပြီး နေရာမှ ဝင်ထိုင်လိုက်သည်။ မီဒယ်က အခြွေရံအကူညီဖြင့် ထိုင်လိုက်သည်။

" ပွဲစတော့.... "

ဂျူဒါအမ်း၏ အမိန့်ကြောင့် အပါးတော်မြဲက ကြေငြာလိုက်သည်။

" တရားခံကို ခေါ်ဆောင်လာစေ... "

မကြာခင် အကျဉ်းသားဝတ်စုံနှင့် အမျိုးသမီး သုံးဦး ကို ခေါ်ဆောင်လာခဲ့သည်။ ထိုထဲက တစ်ယောက်က မီဒယ်၏ မယ်တော်ဖြစ်နေသည်။

" မယ်မယ်... မောင်တော်....ဘာကြောင့် မယ်မယ့်ကို စင်မြင့်ပေါ် ခေါ်လာတာလဲ... ဟင့်အင်း...မောင်မောင်... မယ်မယ်... ဘာမှ မလုပ်ပါဘူး။  "

ဂျူဒါအမ်းက မိမိလက်ကို ဆုပ်ကိုင်ကာ အသည်းအသန် တောင်းပန်နေသည့် မီဒယ်ကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

" မင်းရဲ့အမေက ငါကိုယ်တော်ရဲ့ မယ်တော်ကိုသတ်တာကို ဝန်ခံလိုက်ပြီ။  "


" ဟင့်အင်း....မယ်မယ်... "

မီဒယ်က တောင်းပန်ကာ အတင်းထကာ အကျဉ်းသားစီပြေး မည်အပြု ဂျူဒါအမ်းက အသင့်စောင့်နေသည့် ကိုယ်ရံတော်များကို မျက်ရိပ်ပြလိုက်တော့ မိဖုရားကြီးကို ချက်ချင်း ချုပ်ကာ ထိုင်ခုံမှာ အတင်းထိုင်စေသည်။

" ပါးစပ်ပိတ်ပြီး သေချာကြည့်... ငါကိုယ်တော်ရဲ့မယ်တော်ကို သတ်တဲ့သူ ဘယ်လို အပြစ်ခံရတယ်ဆိုတာ... မင်း သေချာမှတ်မိဖို့ လိုတယ်။ "

"ဟင့်အင်း...မင်းကြီး... သားတော်လေးရဲ့မျက်နှာကို ထောက်ထားပြီး မယ်မယ့်ကို သေဒဏ်က ကင်းလွတ်ခွင့်ပြုပါ...  "

" မင်းရဲ့ အမေ အသတ်ခံရမယ်ဆိုရင် မင်း ခွင့်လွှတ်မှာလား... စတော့... "

ဂျူဒါအမ်းက မီဒယ်ကို တင်းမာစွာပြောပြီး ချက်ချင်းစစေတော့ သည်။ စင်မြင့်ပေါ်တွင် တရားရေး အမတ်ကြီးက မိဖုရားခေါင်ကြီး၏မယ်တော်၏ ဖွင့်ဟဝန်ခံချက်ကို ဖတ်ပြကာ သေဒဏ်အမိန့်ချကြောင်းကြေငြာလိုက်သည်။ ထို့နောက် ပါးကွပ်အာဏာသားက မီဒယ်၏မယ်တော်ကို ချက်ချင်း ဓါးကို ဝင့်ကာ လည်ပင်းကို ဖြတ်လိုက်တော့သည်။
 
" အား..... မယ်မယ်... မယ်မယ်.... "

ထိုမြင်ကွင်းကြောင့် မီဒယ် ဘယ်လိုမှ တောင့်မခံနိုင်တော့ပေ။ မင်းကြီးက ပြောပေမယ့် အဖြစ်မှန်ကို သေချာမတွေးနိုင်သေးခင် မယ်တော်က ခေါင်းတခြား ကိုယ်တခြားဖြစ်သွားတော့သည်။ ခေါင်းပြတ်က စင်မြင့်ပေါ်လိမ့်ကာ မျက်တောင်ခတ်နေသည်ကို ကြည့်ကာ မီဒယ် အော်ဟစ်ရင်း သတိလစ်သွားတော့သည်။

ဂျူဒါအမ်းက နောက်ထပ် ကွပ်မျက်မှုကို ပြီးအောင်ကြည့်ပြီးမှ မီဒယ်ကို သူမအဆောင်ကို သယ်သွားစေသည်။ တိုင်းသူပြည်သားများက ထိုမြင်ကွင်းကိုကြည့်ပြီး မယ်တော်ကြီး အသတ်ခံရသည့် အဖြစ်ကို တရားသဖြင့်စီရင်သဖြင့် ကျေနပ်သွားကြသည်။

" လက်ရှိမိဖုရားခေါင်ကြီးကို အရာက ချတော်မူပါ..မင်းကြီး။ မယ်တော်ကြီးကို လုပ်ကြံသူရဲ့သမီးကို ဝူပြည်ရဲ့ မိဖုရားခေါင်အဖြစ် လက်မခံပါရစေနဲ့... "

တိုင်းသူပြည်သားများထဲက ဘယ်သူက စအော်လိုက်သည် မသိပေမယ့် အားလုံးကို မီဒယ်ကို မိဖုရားခေါင်အဖြစ်မှ ချပစ်ဖို့ အော်ဟစ်တောင်းဆိုကြတော့သည်။

ဂျူဒါအမ်း၏ မျက်ဝန်းထဲ လက်ခနဲဖြစ်သွားကာ နန်းတော်ထဲကို ပြန်ကြွသွားတော့သည်။

==========================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now