Season (2) - Chapter (12) ( Zawgyi+Unicode)

3.3K 268 23
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2) – Chapter (12)

ချိုနန်းသည် နားနေဆောင်တွင် အစားအသောက်များပြင်ဆင်ပြီး မိမိညီငယ်နှင့် ချူလူလူကို စောင့်ကြိုနေသည်။ ထို့နောက် လက်ထဲတွင်ပိုက်ထားသည့် ဗျပ်စောင်းကို ပျင်းပျင်းနှင့် အသာအယာ တို့ထိကစားနေသည်။ သာယာပြတ်သားသည့် စောင်းကြိုးရိုက်ခတ်သံက ချိုစန်းနောက်မှလိုက်လာသည့် ချူလူလူ၏နားထဲကို ရောက်လာသောအခါ မျက်လုံးများတောက်ပသွားသည်။ ဂီတကို အရူးအမူးနှစ်သက်သည့် ချူလူလူက အသံကြားရုံနှင့်ပင် စောင်းတစ်လက်၏အရည်အသွေးကို သိရှိသူပီပီ ယခုတီးခတ်လိုက်သည့်စောင်း၏ ကောင်းမွန်သည့်အချက်ကိုတွေးမိကာ စိတ်လှုပ်ရှားလာသည်။ ချူလူလူက မအောင့်နိုင်တော့ဘဲ ချိုစန်းကို လှမ်းမေးလိုက်သည်။

"အခုစောင်းသံက ဘယ်ကထွက်လာတာလဲ.."

ချိုစန်းက လှည့်ကြည့်လိုက်ပြီး ချူလူလူ၏ တက်ကြွသောပုံကိုတွေ့သော် သဘောကျစွာပြုံးကာ ပြောလိုက်သည်။

"ကိုယ့်အစ်ကိုလတ်ရဲ့ စောင်းသံ.. ချူလေးက စောင်းပညာရှင်ဆိုတော့ ကိုယ့်အစ်ကိုကို သဘောကျမှာ သေချာတယ်.. အစ်ကိုလတ်က လက်ရှိမှာ အတော်ဆုံးစောင်းဖန်တီးသူပဲ.."

"ခင်ဗျားအစ်ကိုလတ်က ဂီတပညာရှင်လား.."

"သူက စောင်းကိုပြုလုပ်တဲ့ ပညာရှင်ပါ.."

ထိုစကားကိုကြားသော် ချူလူလူ၏ရင်ထဲ ကတုန်ကယင်ဖြစ်လာသည်။ မောရကစ်မျိုးနွယ်တို့၏ ၀င်္ကပါပညာရှင်ကိုသာမက စောင်းပြုလုပ်သည့်ပညာရှင်ကိုပါ တွေ့ရတော့မည်။

"ဟား.. ဟား.. မင်း အစ်ကိုလတ်ကို မြှောက်ပင့်လွန်းနေပါပြီ.."

ရယ်မောသံနှင့်အတူ လူရွယ်တစ်ဦး နားနေဆောင်အ၀တွင် ပေါ်လာခဲ့သည်။ ပြုံးရွှင်သောမျက်နှာနှင့် နောက်ထပ်ချောမောလှသည့် နတ်သားပျိုတစ်ဦး...။

ချူလူလူသည် ယခင်က မိမိ၏ရုပ်ရည် မဆိုးဘူးဟုဆိုပြီး ဂုဏ်ယူခဲ့ဖူးသော်လည်း ယခု ချိုစန်းနှင့်သူ့နောင်တော်ကို တွေ့ပြီးသော် မိမိဖာသာ အားငယ်လာချင်တော့သည်။

"ချူလေးကို နောင်တော် စောင့်နေတာကြာပြီ.. နောင်တော်က ချိုနန်းပါ.. နောင်တော့်ညီလေးက အစအနောက်ကြမ်းတာရှိရင် ညီလေးကိုယ်စား နောင်တော်က တောင်းပန်ပါတယ်.."

ထိုလူရွယ်က ရုပ်ချောရုံတင်မက စကားပြောလည်း ယဉ်ကျေးသိမ်မွေ့သဖြင့် ချူလူလူ ထိုလူကို တုံ့ပြန်ဂါရ၀ပြုလိုက်သည်။

"ကျွန်တာ့်ကို နောင်တော်တို့ ဘာလို့ဖမ်းခေါ်လာတယ်ဆိုတာ တစ်ချက်လောက် ပြောပြပေးပါလား.."

ချိုစန်းက ချူလူလူကိုပြုံးရယ်ကြည့်ကာ အပြတ်ပြောလိုက်သည်။ သူ့လေသံက တစ်စုံတစ်ခုကို တားဆီးချင်နေပုံရသည်။

"မင်းကိုပြောထားပြီးပြီပဲ.. မင်းကို သဘောကျလို့ ကိုယ့်ကြင်ယာအဖြစ် လက်ထပ်ဖို့ခေါ်လာတယ်လို့.. ဖွားဖွားရှေ့မှာလည်း ပြောပြီးသားကို.. နောင်တော်က ဒီအကြောင်းမသိသေးဘူး.."

ချိုနန်းက ချိုစန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ ချူလူလူကို စားဝိုင်းပြင်ထားသည့်နေရာကို ဦးဆောင်ခေါ်လာခဲ့သည်။

"နေ့လည်စာ အတူစားရအောင်ပြင်ထားတာ.. ကြာနေလို့... ခဏက နောင်တော်လိုက်ခေါ်ခိုင်းတာပါ.. လာ.. ချူလူလူ ဘာကြိုက်တတ်မယ်မသိလို့ အစုံပြင်ထားခိုင်းတယ်.."

ရေပူစမ်းထဲ နှိပ်စက်ခံခဲ့ရသဖြင့် ချူလူလူ တကယ်ကို ဆာလောင်လို့နေပြီ။ ဒါကြောင့် ဟန်မဆောင်တမ်း စားပွဲတွင်ဝင်ထိုင်ကာ စားဟန်ပြင်လိုက်စဉ် ချိုစန်း လက်ထဲပိုက်လိုက်သည့် စောင်းဖြူကြီးကိုတွေ့သော် ရင်တဆတ်ဆတ်ခုန်ကာ မျက်လုံးများ ၀င်းဝင်းတောက်သွားတော့သည်။

"ဒါ.. ဒီ.. စောင်းက.."

"ဟုတ်တယ်.. ရေခဲတောင်ပေါ်မှာပေါက်တဲ့ စန္ဒကူးဖြူရဲ့အနှစ်နဲ့ လုပ်ထားတဲ့ စောင်းပဲ.."

ချူလူလူသည် စောင်းကိုပိုက်ကာ မိမိနား တရွေ့ရွေ့လာနေသော ချိုစန်းကိုတစ်လှည့်၊ မိမိကိုပြုံးကာကြည့်နေသည့် ချိုနန်းကိုတစ်လှည့်ကြည့်ကာ တံတွေးမြိုချပြီး တောင်းဆိုလိုက်သည်။

"ကျွန်တော်.. ဒါကို ခဏကိုင်ကြည့်လို့ရမလား.."

ချူလူလူ စိတ်လှုပ်ရှားလွန်းလို့ အသံပင်တုန်ချင်နေသည်။ မိမိဆရာထံမှ ကြားဖူးသည့် ဟိုးမြောက်ပိုင်း ရေခဲဖြူနယ်မြေမှ ပညာရှင်တို့ဖန်တီးသည့် စန္ဒကူးအနှစ် စောင်းဖြူ၊ အေးစိမ့်သည့်ဓာတ်သဘာဝကြောင့် ပီသကြည်လင်သည့်၊ တစ်ဖက်သား၏စိတ်အာရုံထိ ညှို့ငင်နိုင်သည့် ဂီတသံကို ဖန်တီးနိုင်သည့် နတ်စောင်းဟုပင် တင်စားထားသည့် စောင်းကို ချူလူလူ မျက်ဝါးထင်ထင် မြင်တွေ့ရလေပြီ။

ချိုစန်းက မိမိကြိုတင်စီစဉ်ထားသည့် လက်ဆောင်ကို သဘောကျသည်ကိုတွေ့တော့ ကျေနပ်သွားပြီး ချူလူလူလက်ထဲကိုထည့်ပေးကာ ချိုသာစွာပြောလိုက်သည်။

"ကိုယ့်ရဲ့လက်ဆောင်.. မင်းအတွက် အစ်ကိုလတ်ကို လုပ်ခိုင်းထားတာ.. ပြီးရင် ဒီဟာနဲ့ ဂီတတစ်ပုဒ် တီးပြပေးပါလား.."

ထိုစကားကိုကြားသော် ချူလူလူ ၀မ်းသာလုံးဆို့ကာ ခေါင်းကို အကြိမ်ကြိမ်ညိတ်ကာ စောင်းကို တယုတယပွတ်သပ်ရင်း စောင်းကြိုးလေးများကို တယုတယ ထိခတ်ကြည့်လိုက်သည်။ ပြတ်သားသည့်စောင်းကြိုးညှိသံက ချူလူလူ၏သွေးကြောထဲ လှည့်လည်နေသည့်သွေးတို့ကို ပိုမိုမြန်ဆန်လာစေသည်။

"အခုတော့ နေ့လည်စာ အရင်စားရအောင်လား.. ချူလူလူ ဆာနေရောပေါ့.. ပြီးမှ ကိုယ်တို့ကို သီချင်းတစ်ပုဒ် တီးပြပေးပေါ့.."

ချိုနန်း၏စကားကြောင့် ချူလူလူ မိမိ ဗိုက်ဆာနေသည်ကိုသတိရတော့သည်။ ချိုစန်းက စောင်းကို အသာအယာ လှမ်းယူကာ ပြောလိုက်သည်။

"အရင်စားရအောင်.."

ချူလူလူသည် မခွဲချင်ခွဲချင်နှင့် စောင်းကိုလက်လွှတ်ကာ စားပွဲတွင်ဝင်ထိုင်လိုက်သည်။

••••••••••••••••••••••••••••••

တိုလုအီသည် နောင်တော်ကုလန်ထံမှ အမိန့်ရသည်နှင့် လက်ရွေးစင်တပ်ဖွဲ့ကိုခေါ်ကာ မြောက်ပိုင်းကို ခရီးဆက်လာခဲ့သည်။ သို့သော် မိမိလူများနှင့် ချိန်းဆိုသည့်နေရာကိုရောက်သော် စောင့်ကြိုနေသည့် လူရွယ်တစ်ဦးကို တွေ့လိုက်ရသည်။

"မင်း.. ဘာကြောင့် ငါ့ကို မျှားခေါ်ရတာလဲ.."

"ညှိုနှိုင်းစရာလေးရှိလို့ပါ.. ရထားလုံးပေါ် ကြွပေးပါ နောင်တော်တိုလုအီ.."

"ငါ မလိုက်ဘူးဆိုရင်ကော.."

ယွမ်ချူးခန်က ပြုံးရုံပြုံးကာ ပြောလိုက်သည်။

"နောင်တော် လိုက်မှာပါ.. နောင်တော်ချစ်တဲ့ ချူလူလူ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်တစ်ယောက်တည်း သိလို့ပဲ.."

ထိုစကားကိုကြားသော် တိုလုအီ ရထားလုံးပေါ် ချက်ချင်းတက်သွားတော့သည်။ ယွမ်ချူးခန်က မြင်းတစ်ကောင်ပေါ်ခုန်တက်ကာ ရထားလုံးနှင့်တကွ မြောက်ဘက်ကို ဦးတည်ထွက်သွားတော့သည်။

••••••••••••••••••••••••••••••

နန်ကျောင်ပြည်ကြီးတွင် အိမ်ရှေ့စံမင်းသား၏ မိဖုရားသုံးပါးမှ သားတော်များ ရှေ့ဆင့်နောက်ဆင့် ဖွားမြင်သောကြောင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပလျက်ရှိသည်။
နန်းတွင်းထဲတွင် မြေးတော်သုံးပါးကိုကြည့်ပြီး ဟော်သွန်း ပြုံးလျက်ရှိသည်။ သားတော်လေးက ဆူမီရာကိုစွဲလန်းသောကြောင့် ဒီတစ်သက် မိဖုရားမထားတော့ဘဲ သူ့ကိုယ်သူ ဖျက်ဆီးမည်ကို စိုးရိမ်ခဲ့သော်လည်း မထင်မှတ်ဘဲ မိဖုရားငါးပါးကို တင်မြှောက်ကာ သားသမီးမွေးလိုက်သဖြင့် ဟော်သွန်းနှင့် ကာလိုခန်မင်းကြီးတို့ ပျော်တပြုံးပြုံးဖြစ်နေသည်။ မင်းကြီးက ကျန်းမာရေးချို့ယွင်းနေသော်လည်း မြေးတော်လေးများကြောင့် စိတ်ဓာတ်တက်ကြွကာ တစ်လပြည့်ပွဲမှာပင် မင်းကြီးကိုယ်တိုင် ပါဝင်သဖြင့် တစ်နန်းတော်လုံး ၀မ်းသာနေကြသည်။

မိဖုရားသုံးပါး၏ ဖခင်အသိုင်းအ၀ိုင်းကလည်း နန်းတော်ထဲ လက်ဆောင်ပဏ္ဍာပို့ဆက်ကာ အလုအယက်ဂုဏ်ပြုနေကြရင်း မင်းသားယွမ်ချူးခန်ကို သူ့ထက်ငါ သစ္စာရှိကြောင်း ပြသနေကြသည်။ ကိုယ်ဝန်အရင့်အမာနှင့် မိဖုရားနှစ်ပါးလည်း ထိုပွဲကို တက်ရောက်ကြသည်။

အိမ်ရှေ့စံမင်းသားက သားတော်သုံးပါးစလုံးကို ပွေ့ချီကာ မိဖုရားများကို ကျေးဇူးတင်စကားဆိုရင်း ကျန်မိဖုရားနှစ်ပါးကိုလည်း မွေးခါနီး ကိုယ်ဝန်ကိုဂရုစိုက်ရန် ကြင်နာစွာ မှာကြားသည်။ နန်းတော်တစ်ခုလုံးသာမက လက်အောက်ခံမှူးမတ်နှင့် နယ်စားကြီးများက တစ်ချိန်ကငွေတောင်မင်းသားကို စွဲလမ်းသည့် မိမိတို့မင်းသား ပြောင်းလဲလာသည်ကို ပျော်နေကြသည်။

သို့သော် ဟော်သွန်းသည် မိမိမွေးထားသည့်သား၏ စိတ်အကြောင်းကို သိထားသူပီပီ ယွမ်ချူးခန်၏ပြောင်းလဲခြင်းက အပေါ်ယံသာဖြစ်သည်ကို သတိပြုမိလိုက်သည်။ မိမိပင်လျှင် မိမိချစ်လင် ယေစုကိုင်းကို ယခုထက်တိုင် မမေ့နိုင်သေးလျှင် သားတော်က ဆူမီရာကို ဘယ်လိုမေ့နိုင်မှာလဲ။ ဒါပေမယ့် သားတော်သုံးပါးနှင့် နောက်ထပ်မွေးလာမည့် ကလေးနှစ်ဦးကို ပြုစုပျိုးထောင်ရင်း သားတော် ပုံမှန်လူသားတစ်ယောက် ဖြစ်လာနိုင်သည်ဟုသာ မျှော်မှန်းနိုင်တော့သည်။

သားတော်ကမွေးသည့် မြေးတော်လေးသုံးဦးကို ငေးကြည့်ရင်း သားတော်ကြီးကုလန်ကို သတိရလာမိသည်။ ဆူမီရာနှင့် တရားဝင်စေ့စပ်လိုက်သည့် သားတော်ကြီး၏သတင်းကြောင့် ဟော်သွန်း ပြုံးရုံသာပြုံးမိတော့သည်။ အချစ်စစ်နှင့် ပျော်ရွှင်ခွင့်ရသည့် သားတော်ကြီးအတွက် ၀မ်းသာသော်လည်း မောင်တော်ယေစုကိုင်း၏ မျိုးဆက်အတွက် စိတ်မကောင်းတော့ဖြစ်မိသည်။ အာနန်ပြည်ကြီး၏နန်းဆက် ဆက်လက်တည်တံ့ဖို့ မောင်တော် ဦးနှောက်ချောက်နေမည်လား...။

"နှမတော်.. ဘာတွေတွေးနေတာလဲ.."

ကာလိုခန်မင်းကြီးက မြေးတော်လေးများကိုငေးရင်း ငြိမ်နေသောမိဖုရားနားကို ကပ်ကာ မေးလိုက်သည်။ ဟော်သွန်းက ပြုံးကာ မုသားတစ်ဝက်နှင့်ဖြေလိုက်သည်။

"သားတော်ငယ်စဉ်ကအကြောင်းကို သတိရလို့ပါ.. သားတော်ငယ်ငယ်က တစ်ယောက်တည်းကြီးပြင်းလာရပေမယ့် မြေးတော်လေးတွေက အဖော်နဲ့ကြီးပြင်းရမှာကို တွေးနေတာပါ မင်းကြီး.."

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now