စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2)
Chapter (31) - စစ်ကြေငြာခြင်း
ကုလန်သည် ချိုနန် စစ်ဆေးပြီးသည်ကို စောင့်ပြီး အဖြေကို အေးစက်စွာ နားထောင်လိုက်သည်။ ပြီးတော့ စစ်ရေးညီလာခံကို ချက်ချင်းဆင့်ခေါ်လိုက်တော့သည်။
"တောင်ပိုင်းက မဟာမိတ်နိုင်ငံအားလုံးကို စာလွှာပို့လွှတ်ပြီး မြောက်ပိုင်းက ယွမ်ချူးခန်ရဲ့လုပ်ရပ်တွေကို ဖော်ထုတ်လိုက်။ ပြီးရင် အားလုံးကို သတ်မှတ်ထားတဲ့ စစ်သည်အင်အားကို အာနန်ပြည်ကို ပို့လွှတ်ခိုင်းလိုက်။ မလိုက်နာတဲ့ တိုင်းပြည်က ဘုရင်ကို ချက်ချင်း နန်းချပြီး အရန်တစ်ယောက်နဲ့ အစားထိုးမယ်။ "
"အမိန့်အတိုင်းပါ အရှင်"
"တိုလုအီ ဝိဇယပြည်ဘက်က သတင်းကို စုစည်း၊ ရုမာသီကို ချက်ချင်း နေပြည်တော်ကို ဆင့်ခေါ်လိုက်။ ပြီးရင် ထန်လိုခိကို စစ်ရေးအသင့်ပြင်ပြီး ဝူပြည်က မီဒယ်ကို ချက်ချင်း ကယ်တင်ခိုင်းလိုက်။ ဝူပြည်က ငြင်းဆန်ရင် ချက်ချင်း ဝူပြည်ကို ဝင်တိုက်ခိုင်းတော့... "
"နောင်တော်... ဝူပြည်က အခွင့်ရေး မပေးတော့ဘူးလား။ ဘာပြောပြော သူက ကျွန်တော်တို့နဲ့ တစ်ကျောင်းတည်းတက်ခဲ့သူဖြစ်တော့ စေ့စပ်ညှိနှိုင်းရင် ရမယ် ထင်ပါတယ်"
"မရတော့ဘူး။ ဝူမင်းသားက ခေါင်းမာတယ်။ သူ့မယ်တော် နတ်ရွာစံတာ ဆူမီရာ လာမကုပေးလို့ ဆိုပြီး ဆူမီရာကို အသေသတ်ဖို့ ဆုံးဖြတ်ထားပြီးလို့ သူ့ကို ရှင်းပစ်လိုက်တော့။ အကြောင်းကျိုး မစဉ်းစားတတ်တဲ့ မိတ်ဆွေက ရန်သူထက်ပ ပိုကြောက်ဖို့ ကောင်းတယ်"
ကုလန်၏ ရက်စက်ပြတ်သားသော အမိန့်ကြောင့် တိုလုအီ စောဒက မတက်တော့ပဲ ချက်ချင်း အမိန့်ကို ထုတ်ပြန်ရန် စီစဉ်လို်က်သည်။
ကုလန်က ချိုနန်ကို ကြည့်လိုက်တော့ ချိုနန်က နောင်တော်ဘက်ကို ဦးညွတ်ကာ ချက်ချင်း ပြောလိုက်သည်။
"ကျွန်တော် ဝင်္ကပါမြိုင်ကို ချက်ချင်း ပြန်ပြီး ဖွားဖွားကို အားလုံးပြောပြလိုက် ပါ့မယ်။ အဆိပ်ကျမ်းကိုပြန်ရဖို့ ဖွားဖွားက ဝင်္ကပါမြိုင်က လက်ရွေးစင်တွေကို သုံးခွင့်ပြုမှာပါ နောင်တော်..."
"ကောင်းပြီ။ ဒီအပိုင်း မင်းကိုပဲ လွှဲလိုက်တော့မယ် ချိုနန်..."
တိုလုအီက ချိုနန်နှင့် အတူ အဆောင်ကို ပြန်လာတော့ စိတ်ပူစွာမေးလိုက်သည်။
"မင်း လမ်းမှာ လုပ်ကြံခံရနိုင်တယ်။ သေချာ သတိနဲ့သွားပါ..."
ချိုနန်က တိုလုအီ၏ စိတ်ပူစကားကြောင့် တချက်ပြုံးလိုက်ကာ အလေးအနက် ဖြင့် သတိထားမည့်အကြောင်းကို ပြောလိုက်သည်။
" မင်းကို ကျုပ် သက်တော်စောင့်တွေ ထည့်ပေးလိုက်မယ် "
"မထည့်ပါနဲ့။ ကျွန်တော် သွားတာကို သူတို့ရိပ်မိသွားလိမ့်မယ်။ ကျွန်တော်က ရုပ်ဖျက်ပြီး သွားမှာ"
"မင်း ရုပ်ဖျက်ပညာတတ်လို့လား"
"နောင်တော်ကြည့်လိုက်လေ...."
ချိုနန်က အေးဆေးစွာပြောကာ လက်နှင့် မျက်နှာကို တချက်ပွတ်လိုက်သည်နှင့် သူ့မျက်နှာက ချူလူလူနှင့် တစ်ထေရာတည်း တူသွားတော့သည်။
"မင်း..."
ချိုနန်က လက်နှင့် တချက် သပ်လိုက်တော့ တိုလူအီနှင် တူသွားပြန်သည်။
တိုလူအီက ထိုပညာကို တွေ့တော့ ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။
"ဒါက ဘာပညာလဲ။ ရုပ်ဖျက်တယ်ဆိုတာ မျက်နှာကို လိမ်းခြယ်ဖို့လိုတယ် မဟုတ်လား"
"အခုက အသင့်လုပ်ထားတဲ့ မျက်နှာဖုံးကို မျက်နှာပေါ် ကပ်လိုက်တာပါ။ ဒီမှာ..."
ချိုနန်က မျက်နှာအစပ်နားကို လက်နှင့် အသာတွန်းလိုက်တော့ ပါးလွှာသော အသာရောင်မျက်နှာဖုံးတစ်ခု ကျွတ်ပါလာသည်။ ထိုမျက်နှာဖုံးတလွှာပြီးတော့ နောက်ထပ်တလွှာကို ချွတ်လိုက်တော့မှ ချိုနန်၏ ပင်ကိုယ်ရုပ်ပြန်ပေါ်လာတော့သည်။
တိုလုအီက ထိုပါးလွှာသော မျက်နှာဖုံးကို ကိုင်ကြည့်ကာ ချီးကျူးလိုက်သည်။
"ဝင်္ကပါမြိုင်က မျက်နှာဖုံးတွေက တကယ့်အစစ်အတိုင်းပဲ လက်ရာမြောက်လိုက်တာ။ ပြီးတော့ မင်း စွပ်လိုက်တာ အရမ်းမြန်တာပဲ။ ဘယ်လောက် လေ့ကျင့်ခဲ့ရလဲ။"
"သုံးနှစ် "
ချိုနန်၏ စကားကြောင့် တိုလုအီက သက်ပြင်းရှိုက်လိုက်သည်။ ချိုနန်ဆီမှာ သူ မသိသော ပညာများစွာရှိသည်ကို သိရတော့ တိုလုအီ လေးစားလာမိသည်။
"မင်း အရမ်းတော်တာပဲ"
ထိုချီးကျူးစကားကိုကြားသော ချိုနန်၏ မျက်လုံးထဲ ဝမ်းသာရိပ်ကြောင့် အရောင် လဲ့လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် နောင်တော် တိုလုအီ။ "
ချိုနန်၏ မျက်နှာကို ကြည့်ပြီး တိုလုအီ၏ အမြင်တို့ စတင်ပြောင်းလဲလာတော့သည်။ ဒီ ဝင်္ကပါမြိုင်က အင်မတန်ထူးချွန်သည့် လူငယ်က ဘာကြောင့် မိမိကို သဘောကျသည်ကို နားမလည်နိုင်တော့ပေ။ သေချာတာကတော့ သူနှင့် လက်ထပ်ခဲ့ရသည့်အတွက် တိုလုအီအတွက် အရှုံး လုံးဝမရှိပေ။
"ကျွန်တော် သွားထုပ်ပိုးလိုက်ပါဦးမယ် နောင်တော်။ အရင် အနားယူနှင့်ပါ.."
တိုလုအီက ဦးညွတ်ကာ ထွက်သွားသည့် ချိုနန်ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။
--------------------------------
ယွမ်ချူးခန်က ကုလန်ဘက်က စစ်ပြင်ဆင်သည့် သတင်းကို ကြားသော ကျေနပ်စွာ ရယ်မောလိုက်သည်။
"ဟား..ဟား...ဟား... ငါ့ အကြံအောင်ပြီကွ။ ကုလန်..ကုလန်... ဆူမီရာ မျက်လုံးထဲမှာ အင်မတန်ကို လေးစားစရာကောင်းတဲ့ စစ်ဘုရင်ကြီးတဲ့လား။ မင်းက လူသတ်သမား၊ စစ်ပွဲကို စတင်တဲ့သူဆိုတာ သိရင် ဆူမီရာ ဘယ်လို ခံစားရမလဲ ... ဟား...ဟား...ဟား"
ဒုတိယ အဆိပ်သခင်က မြောက်ပိုင်း မင်းသားကို စောင့်ပြီးမှ မေးလိုက်သည်။
"ကျွန်တော်မျိုး ဘာဆက်လုပ်ရမလဲ အရှင်.."
"ဝူတိုင်းပြည်ကို ကူညီပေးလိုက်။ ထန်လိုခိ အထိနာပါစေ.... ကုလန်ရဲ့ ဒေါသမီးကို ဆီလောင်းပေးရသေးတာပေါ့...။ ဟီဒယ်ကို ဝူမင်းသားဆီရောက်အောင် ဖိအားပေးလိုက်..."
"အမိန့်အတိုင်းပါ အရှင်..."
အဆိပ်သခင်ထွက်သွားတော့ ယွမ်ချူးခန်က အမိန့်စာ တချို့ရေးကာ ညွှန်ကြားလိုက်သည်။ မကြာခင် မြောက်ပိုင်း တခွင်လည်း စစ်ရေးပြင်ဆင်သံတို့ တညံညံကြားရပေတော့မည်။ တောင်ပိုင်း မြောက်ပိုင်းကို ပေါင်းစည်းပြီး အင်ပါယာကြီး ထူထောင်ဖို့ ယွမ်ချူးခန် မစောင့်နိုင်အောင် ဖြစ်လာတော့သည်။
" လှေတော်ကို ပြင်မယ်။ မြောက်ပိုင်းကို ရေကြောင်းက ပြန်မယ် "
"အမိန့်အတိုင်းပါ အရှင်..."
ယွမ်ချူးခန်က စီစဉ်စရာများကို စီစဉ်ပြီးနောက် ဆူမီရာရှိရာကို လာခဲ့သည်။ ဆူမီရာက အခန်းထဲ လှည့်ပတ်လမ်းလျှောက်ကာ ယွမ်ချူးခန်လက်ထဲက ဘယ်လိုလွှတ်အောင်လုပ်ရမည်ကို စဉ်းစားနေစဉ် ယွမ်ချူးခန် ဝင်လာသဖြင့် လှည့်ကာ မေးလိုက်သည်။
"မင်း ငါ့ကို ဘယ်တော့ လွှတ်ပေးမှာလဲ ချူးခန်..."
"ဘယ်တော့မှ လွှတ်မပေးဘူး။ မင်းကို ငါပြောပြီးသားပဲ။ မင်းကို ငါချစ်လို့ အတူနေဖို့ ခေါ်လာတာပါဆို။ ဒါကြောင့် လွှတ်ပေးဖို့ မျှော်လင့်မနေနဲ့..."
"မင်းက တကယ်ကို သေလမ်းရှာတာပဲ ယွမ်ချူးခန်။ နောင်တော် ကုလန်ရဲ့ ဒေါသကို တကယ် ဆွဲဖို့ စိတ်ကူးနေတာလား။ မင်း အခုချိန် ရပ်လိုက်ရင် အချိန်မှီသေးတယ်။"
"ဘယ်လို အချိန်မှီတာလဲ..."
ယွမ်ချူးခန်က မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။ အရီးတော် ဟော်သွန်း၏ အလှတရားကို အမွေဆက်ခံထားသည့် ယွမ်ချူးခန်၏ အမူယာက ဆူမီရာကို သက်ပြင်းငွေ့ငွေ့ချ မိစေသည်။ ဒီကောင် ဘာအရူးထပြီး ဒီလောက်ပြောရခက်သည်ကို နားမလည်နိုင်တော့ပေ။
"နောင်တော် ကုလန် စစ်ကြေငြာရင် သွေးချောင်းစီး တိုက်ပွဲဖြစ်လိမ့်မယ်။ ဒါကြောင့် ငါ့ကို ပြန်လွှတ်ပေးပါတော့..."
ယွမ်ချူးခန်က ကုလန်ကို အထင်တကြီးရှိလွန်းသည့် ဆူမီရာကို ခပ်စိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"သွေးချောင်းစီးအောင် သူမှ လုပ်နိုင်တာ မဟုတ်ဘူး။ ငါလည်း လုပ်နိုင်တာပဲ။ မင်းက ငါ့ကို အတော် အထင်သေးတာပဲ။ ငါ ဆိုတဲ့ ယွမ်ချူးခန်က ခန်မင်းဆက်တစ်ယောက်ပါ။ အရင်က ငါက အသုံးမကျတာဖြစ်ပေမယ့် ဒီနှစ်အတွင်း ငါ ဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာ မင်း မသိပါဘူး မီရာ။ အခု ငါက မင်းရဲ့ ကုလန်ကို ကောင်းကောင်းယှဉ်နိုင်အောင်ကို အင်အားကြီးနေပါပြီ။ ဒါကြောင့် သူ့ဘက်က တစ်ဖက်သတ် သွေးချောင်းစီးတိုက်ပွဲကို ဆင်နွဲနိုင်မယ်လို့ချည်းပဲ မထင်နဲ့။ "
ဆူမီရာက ယွမ်ချူးခန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
" မင်းက တိုက်ပွဲဖြစ်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားလား။ "
"ဟုတ်တယ်။ ကဲ .. ဒီနေ့ ငါတို့ ပင်လယ်ထဲ လှေစီးထွက်ပြီး လေညှင်းခံလိုက်ရအောင်။ မင်းလည်း ဒီမှာ ကြာကြာနေရတာ ငြီးငွေ့ရောပေါ့။ ငါတို့ ဝိဇယပြည်ဘက်ကို အလည်သွားရအောင်"
"မင်းမှာ လှေတပ်ရှိလို့လား။ နောင်တော် ကုလန်က ပင်လယ်ပြင်ကို လွှမ်းမိုးထားတဲ့ ရေတပ်ကြီး ရှိတယ်ဆိုတာ မသိဘူးလား"
ယွမ်ချူးခန်က ရယ်မောကာ ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ကာ အပြင်ကို လျှောက်လာရင်းပြောလိုက်သည်။
"ငါ ကုလန်နဲ့ပတ်သတ်တာအ ကုန်သိပါတယ်။ မင်း ခဏခဏ သတိမပေးစမ်းပါနဲ့။ ငါတို့နှစ်ယောက် အတူရှိချိန် သူ့နာမည်ကို မကြားချင်တော့ဘူး။ "
ယွမ်ချူးခန်၏ စကားကြောင့် သူ့ဆီမှာ ရေတပ်အင်အားရှိတာကို ရိပ်မိပြီး ဆူမီရာ ရင်လေးသွားခဲ့သည်။
ကမ်းခြေသို့ရောက်သော ကြီးမားလှပသည့် လှေကြီးတစ်စင်းကို တွေ့လိုက်ရပြီး လှေငယ်လေးတစ်စင်းဖြင့် ခပ်လှမ်းလှမ်းတွင် ကျောက်ချထားသည့် လှေပေါ်တက်လာတော့ ကုန်သည်များ အသွင် ရုပ်ဖျက်ထားသော စစ်သည်တော်များကို တွေ့လိုက်ရသည်။
"လှေထွက်တော့..."
ကုန်သည်လှေအသွင်ယူထားသည့် လှေကြီးက ချက်ချင်း ရွက်စုံဖွင့်ကာ ပင်လယ်ထဲတွင် အရှိန်မြန်ဆန်စွာဖြင့် ခရီးစတော့သည်။
"ငါတို့ ဘယ်သွားမလို့လဲ..."
"လေညင်းခံတာပါဆိုကွာ။ လာ အထဲမှာ ခဏသွားနားရအောင်။ ပင်လယ်ထဲ ရောက်ပြီးမှ အပြင်ထွက်ကြတာပေါ့..."
ယွမ်ချူးခန်က ဆူမီရာ၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လှေထဲကို ခေါ်သွားလိုက်တော့သည်။
ဆူမီရာသည် လူသစ်တစ်ယောက်လို လုံးဝပြောင်းလဲသွားသည့် ယွမ်ချူးခန်ကို ကြည့်ကာ ခေါင်းသာယမ်းလိုက်မိတော့သည်။
"မင်း ကုမရအောင် ရူးနေပြီ ချူးခန်..."
"ကုလို့ရပါတယ် မီရာ။ မင်းရဲ့ အချစ်နဲ့ ငါ့ကို ကုပေးရင် ငါ ချက်ချင်း ကောင်းလာမှာ သေချာတယ်။ မယုံရင် ကုကြည့်လေ.. "
"မင်း တကယ်ရူးသွားပြီ။"
ထိုစကားကလွဲပြီး ဆူမီရာ ဘာမှ မပြောနို်င်တော့ပေ။
=============================
![](https://img.wattpad.com/cover/182390617-288-k423192.jpg)
YOU ARE READING
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)
Historical Fictionစစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် Season 1+2 တစ်မအေထဲက မွေးဖွားလာပေမယ့် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့စိတ်ဓါတ်၊ အတွေးခေါ်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားမယ်လို့ သင်တို့ထင်ပါသလဲ။ လူတစ်ချို့က ကိုယ့်လက်ထဲက အရာထက် အခြားလူလက်ထဲက အရာ...