Chapter (37) _ဝင်္ကပါမြိုင်ကို ထိုးစစ်ဆင်ခြင်း (Z+U)

1.3K 200 21
                                    

Chapter (37) _ဝင်္ကပါမြိုင်ကို ထိုးစစ်ဆင်ခြင်း  (Z+U)

အထောက်တော်က ယွမ်ချူးခန်၏ နန်းဆောင်သို့ ဝင်ရောက်သွားပြီး စစ်ပွဲသတင်းကို ပေးပို့လိုက်သည်။

" ဘာပြောတယ်.... ကုလန်နဲ့ မီရာ လွတ်သွားတယ် ဟုတ်လား။ နှစ်ဆင့် ထောင်ချောက်ဆင်ထားတာတောင် ဘယ်လိုလွှတ်သွားတာလဲ။ ကျောက်တောအုပ်ထဲက တပ်မှုးနဲ့ သံချပ်ဝတ်တပ်မှုးကို ချက်ချင်း ခေါ်ခဲ့စမ်း "

ယွမ်ချူးခန်က ထိုသတင်းကိုကြားသော ဒေါသဖြင့် အော်ဟစ်လိုက်သည်။ မဖြစ်နိုင်ပါ။ မိိမိချထားသည့် ပထမ တပ်ကို ကျော်နိုင်ဖို့ဆိုတာ မလွယ်ရသည့်အထဲ သံချပ်ဝတ် တပ်ကိုပါ အောင်နိုင်သွားတယ်ဆိုတော့ ဒါ လုံးဝမဖြစ်နိုင်ပေ။ ကုလန်က နတ်စစ်သည်မို့ ဒီလောက်စွမ်းနိုင်မှာလား။

" လျှောက်တင်ပါတယ် အရှင်.... ကျောက်တောအုပ်က တပ်မှုးက ဝင်္ကပါမြိုင်က လူတွေလက်ချက်ကြောင့် သတိလစ်နေပါတယ်။ သံချပ်ဝတ်တပ်မှုးက ကုလန်လက်ချက်ကြောင့် သေဆုံးသွားပါပြီ "

ရဲမတ်လေးက အရှင်ငယ်၏ ဒေါသကြောင့် တုန်ယင်စွာဖြင့် ဆက်လက်လျှောက်တင်လိုက်သည်။

" ဘာ "
"  ဝုန်း....ဒုန်း "
"  ခွမ်း"

ယွမ်ချူးခန်က ဒေါသတကြီးဖြင့် စားပွဲပေါ်က မှင်သွေးကျောက်၊ စုတ်တံများကို တွန်းချဖျက်စီးပစ်လိုက်သည်။

"  ဝင်္ကပါမြိုင်က ဘယ်လိုလုပ် ဝင်ပါခဲ့တာလဲ။ ချိုဟန်ဆီက ဘာသတင်းရသေးလဲ။ ချက်ချင်း ဆက်သွယ်စမ်း "
"  မှန်ပါ....မှန်ပါ...."

အပါးတော်မြဲကြီးက အမြန်ပြေးထွက်ကာ ခိုင်းတာ လုပ်လိုက်စဉ် ယွမ်ချူးခန်က အဆိပ်သခင်ကို ခေါ်ခိုင်းလိုက်သည်။

" အဆိပ်သခင်ကို ခေါ်လိုက်စမ်း "

အနက်ရောင်ဝတ်ရုံနှင့် အဆိပ်သခင်ရောက်လာပြီး အရိုသေပေးကာ မေးလိုက်သည်။

" အရှင်ငယ်... ကျွန်တော်မျိုးကို ခေါ်ပါသလား "

ယွမ်ချူးခန်က သူ့ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

" သံချပ်ဝတ်တပ်ဖွဲ့ ရှုံးသွားပြီ။ ခင်ဗျားရဲ့ အဆိပ်လက်နက်တွေက တကယ်ကော အစွမ်းထက်ရဲ့လား "

" မဖြစ်နိုင်ဘူး။ ဒီလက်နက်တွေက ကျုပ်အပြင် ဘယ်သူမှ ရင်မဆိုင်နိုင်ဘူး။  "

အဆိပ်သခင်က မာနကြီးစွာဖြင့် ခိုင်မာစွာပြောလိုက်သည်။

" အခုတော့ ခင်ဗျား အာမခံထားတဲ့ သံချပ်တပ်ဖွဲ့က ကုလန်တို့တပ်ဘက်က အဆိပ်လက်နက်ဒဏ်ကြောင့် သေကြေကုန်တာတဲ့။  ကုလန်က ခင်ဗျားရဲ့ အဆိပ်တွေကို ဖြေနိုင်တယ် ဆိုတဲ့ သဘောလား"

" မဖြစ်နိုင်ဘူး။ ဒါ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။  "

အဆိပ်သခင်၏ မျက်လုံးက နီရဲလာပြီး ပြောလိုက်သည်။ မဖြစ်နိုင်သည့် သတင်းကြောင့် သူ့ဒေါသ ကြီးထွားလာခဲ့သည်။ ဒီလောကတွင် သူ့အဆိပ်ကို သူကလွဲပြီး ဘယ်သူမှ မဖြေနိုင်ပေ။

အဆိပ်သခင်က မုတ်ဆိတ်မွေးရှည်ကို ဒေါသတကြီးနှင့် ဆုပ်ကိုင်ကာ ပြောလိုက်သည်။ ပြီးတော့ တစ်စုံတစ်ခုကို သတိရလိုက်ပြီး မျက်လုံးအစုံက ကျဉ်းမြောင်းသွားခဲ့သည်။

" ဖြစ်နိုင်တာ တစ်ခုက ကျုပ်အကို ပြန်လာပြီထင်တယ် "

ထိုစကားကိုကြားသော် ယွမ်ချူးခန် ငြိမ်ကျသွားခဲ့သည်။

"ခင်ဗျားရဲ့အကို...ဝိဥာဉ်မဲ့ အဆိပ်သခင်လား...  "

" ဟုတ်တယ်။ ကျုပ်ရဲ့အဆိပ်ကို ဖြေနိုင်တာက ဒီအဆိပ်ကို ထွင်ထားတဲ့ ကျုပ်အကိုကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး "

" ခင်ဗျားအကိုရှိတဲ့နေရာကို စုံစမ်းခိုင်းပြီး ချက်ချင်းသွားရှင်းလိုက်။ ကုလန်ကို ကျုပ် တားထားလိုက်မယ်။ သူတို့ကို ဒီပွဲမှာ အပြတ်မသတ်နိုင်ရင် ကျုပ်တို့ နန်ကျောင်ပြည် ဂုဏ်သိက္ခာကျတယ်။ "

ယွမ်ချူးခန်သည် အဆိပ်သခင်ကို အမိန့်ပေးပြီးနောက် စစ်သေနာပတိချုပ်များကို ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်စေသည်။ နန်ကျောင်တပ်မကြီး 5 ခုက မထင်မှတ်ထားသော တောင်ပိုင်း အာနန်တပ်က ဘာကြောင့် နန်ကျောင် နယ်စပ်ကိုရောက်လာပြီး ရှောင်တခင် တိုက်ခိုက်သည်ကို နားမလည်နိုင်ဖြစ်သွားသည်။

တကယ်တော့ လျှို့ဝှက်တပ်ဖွဲ့နှင့် သံချပ်ဝတ် အဆိပ်လူသတ်သမားတပ်ဖွဲ့ သာလျှင် အိမ်ရှေ့မင်းသား ယွမ်ချူးခန် လက်ထဲတွင်ရှိပြီး ပင်မတပ်မကြီး 5 ခုက ခန်မင်းကြီးလက်ထဲတွင်သာ ရှိသည်။ မင်းကြီး၏ တံဆိပ်တုံးဖြင့်သာ သူတို့ကို အမိန့်ပေးနို်င်သည်။ ယခုတော့ ထိုတံဆိပ်တုံးက မင်းသား၏လက်ထဲကိုရောက်နေသဖြင့် မင်းကြီးက မင်းသားကို ထိးနန်းလွှဲပေးလိုက်ပြီဆိုတာကို ရိပ်မိကာ ချက်ချင်းဦးညွှတ်ပြီး အမိန့်နာခံလိုက်သည်။

" အရှင်ငယ်ရဲ့အမိန့်ကို နာခံလျက်ပါ "

" တပ်မ တစ်နဲ့ နှစ်က မြို့တော်ကို ကာကွယ်ထားပါ။ တပ်မ 3 နဲ့ 4 က ကုလန်ရဲ့တပ်တွေကို ချေမှုန်းပစ်မယ်။ တပ်မ ငါးက ဝင်္ကပါမြိုင်ကို သွားပြီး အကုန် ဖျက်စီးပြီး အကြီးကဲတွေကို ဖမ်းခေါ်ခဲ့ပါ။  "

"  အမိန့်တိုင်းပါ အရှင်ငယ်"

" နယ်စားကြီး ငါးဦးကို ဆင့်ခေါ် လိုက် "

ယွမ်ချူးခန်က မိဖုရားများ၏ ဖခင် နယ်စားငါးဦးကို ဆင့်ခေါ်ကာ တောင်ပိုင်းကို လွှတ်ထားသည့် သူလျှိုများကို ဦးစီးစေပြီး တောင်ပိုင်း ဘုရင်များကို လုပ်ကြံဖို့ အမိန့်ပေးလိုက်သည်။ ပြီးနောက် သူတို့တာဝန်ယူထားသည့် နယ်မြေများကို သိမ်းပိုက်ဖို့ တစ်လက်စတည်း အမိန့်ထုတ်ပြန်ကာ ထိုနယ်မြေကို သိမ်းလို့ရသမျှ ရတနာကို သိမ်းပိုက်ခွင့်လည်း ပေးလိုက်သည်။ နယ်စားငါးဦးက သူတို့မျှော်လင့်ထားသည့် နေ့ရက်ကိုရောက်လာသောကြောင့် တက်ကြွစွာ ထွက်သွားကြသည်။

နန်ကျောင်နန်းတော်တစ်ခုလုံး သွေးဆာရူးသွပ်စွာ လှုပ်ရှားလာခဲ့လေပြီ။

မယ်တော်မိဖုရားခေါင်ကြီး ဟော်သွန်း၏ အဆောင်ကို အစောင့်များတင်း ကြပ်စွာချထားပြီး တိုက်ပွဲသတင်းကို လုံးဝလျှို့ဝှက်ထားသဖြင့် ဟော်သွန်းက ကုလန်နှင့် မီရာ တောင်ပိုင်းကို လွတ်သွားပြီဟုသာ ထင်နေခဲ့သည်။

ခန်မင်းကြီးနှင့် တားဂေါတိုင်းက ယခုမှ နတ်ဘီလူးသဖွယ် အသက်ဝင်လာသော သားတော်ကို ကြည့်ကာ ပီတိဖြာနေကြသည်။

"ခန်မျိုးဆက်ရဲ့ဘိုးဘေးသွေးမျိုးဆက် နိုးလာခဲ့ပြီ။ ခန်မင်းဆက်က ဘိုးဘေးတွေရဲ့ ခြေရာကို နင်းနိုင်ပြီး တောင်ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မယ် အမတ်ကြီး  "

" မှန်ပါတယ် မင်းကြီး... အရှင်ငယ်က ဘိုးဘေးတွေရဲ့ ဂုဏ်ကို ပြန်လည်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒီတိုက်ပွဲအပြီးမှာ နန်ကျောင်ကို အာခံနေတဲ့ တောင်ပိုင်းဒေသတစ်ခု လုံး သွေးချောင်းစီးပြီး နန်ကျောင်က အကြွင်းမဲ့ အင်ပါယာကြီးဖြစ်လာပါလိ့မ်မယ် "

ခန်မင်းကြီးနှင့် တားဂေါတိုင်းက စစ်သွေးကြွကာ ပြင်ဆင်နေသည့် တပ်မတော်ကြီးကို နန်းမြင့်မျှော်စင်ပေါ်က ကြည့်ကာ ပီတိဖြစ်နေသည်။

------------------

ဝင်္ကပါမြိုင်မှ အင်အားစုများသည် ကျောက်တောအုပ်မှ စစ်တပ်ကို ထက်မြက်သော ပရိယာယ် လက်နက်ဆန်းများဖြင့် အနိုင်ယူပြီးနောက် ချက်ချင်း ကိုယ်ယောင်ဖျောက်သွားကြသည်။

ယွမ်ချူးခန်၏ တပ်မဟာငါးက ဝင်္ကပါမြိုင်ကို ဝိုင်းရံပြီး အထဲကို ချီတက်လာတော့ အမျိုးမျိုးသော ထောင်ခြောက်နှင့် ဝင်္ကပါများနှင့် ရင်ဆိုင်ရပြီး အတွင်းထဲထိ တော်တော်နှင့် ထိုးဖောက်လို့မရနိုင်အောင်ဖြစ် နေ သည်။ တပ်မဟာငါး၏ အကြီးအကဲက ဝင်္ကပါပညာရှင်နှင့် ထောင်ချောက်ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာ ရှေ့မှဦးဆောင်စေ သောလည်း ဝင်္ကပါမြိုင်၏ ဝင်္ကပါက အဆင့်မြင့်လှသောကြောင့် တပ်၏ သုံးပုံတစ်ပုံက ဝင်္ကပါထဲ ပိတ်မိနေတော့သည်။

ချိုနန်သည် နန်ကျောင်တပ်မဟာငါးကို အေးစက်စက်စိုက်ကြည့်ကာ ဝင်္ကပါကို အထက်စီးမှကြည့်ကာ သူ့လက်ထဲကိုင်ထားသည့် အလံများကို ဆက်တိုက်လှုပ်ရှားပြီး အချက်ပြလိုက်သည်။ ဝင်္ကပါကို ထိန်းချုပ်နေသည့် လက်အောက်ငယ်သားများက ထိုအချက်ပြမှုကို ကြည့်ပြီး လှုပ်ရှားလိုက်တော့ ဝင်္ကပါထဲရှိ လျှို့ဝှက်လက်နက်များက ပွင့်ကာ ပိတ်မိနေသူများကို ပစ်ခတ်တော့သည်။ အပ်များက ပျားအုပ်ကြီးနှယ်တိုးထွက်လာပြီး တပ်မဟာငါးမှ တပ်သားများကို ထိမှန်ကုန်သည်။

" အားလုံး သတိထားကြ....  "
" ဝှစ်...ဝှစ်...ဝှစ်... "
"  အား...အား"
" အပ်မှာ အဆိပ်ပါတယ်.... အားလုံး နောက် ဆုတ် "

ဒါပေမယ့် အပ်များဖြင့် စိုက်မိသည့် တပ်သားများက ချက်ချင်း လဲပြိုကျကုန်တော့သည်။ နာရီဝက်အတွက် ဝင်္ကပါထဲပိတ်မိသည့် အုပ်စုက အတုံးရုံးမြေကြီးပဲလဲကျကုန်သည်။

" အထဲက တပ်စုက လှုပ်ရှားမှု မရှိတော့ဘူး။ နောက်ထပ် တစ်စု တစ်စု တက် "
" တက်...တက်... "

မကြာမီ ထိုတပ်စုက မြူခိုးဝေသည့် တောင်ကြောထဲကိုရောက်သွားပြီး လွှင့်ပျံလာသည့် အငွေ့ကိုရှုမိသဖြင့် ရူးကြောင်ကြောင်ဖြစ်ကုန်ကြ တော့သည်။ ထင်ယောင်ထင်မှားဖြင့် တပ်သားအားလုံး စိတ်ဖောက်ကာ လုပ်ချင်ရာ လုပ်ကာ ခြေဦးတည့်ရာပြေးလွှားကုန်တော့သည်။

" တပ်မဟာမှုးကြီး...ဒုတိယ တပ်စုလည်း ထွက်မလာနိုင်တော့ပါဘူး။ "

" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဝင်္ကပါမြိုင်က ဒီလောက် လူအင်အားမရှိပဲ နဲ့ ငါတို့တပ်စု နှစ်ခုကို ဘယ်လို ခုခံနိုင်တာလဲ။ မဖြစ်နိုင်ဘူး။ တတိယတပ်စု အထဲမှာရှိတဲ့ ငါတို့လူနဲ့ ဆက်သွယ်လိုက်... သူ့ကို ချက်ချင်း လျှို့ဝှက်လမ်းကို ဖွင့်ခိုင်းလိုက် "

" မှန်ပါ "

" ရာရာစစ လက်တစ်ဆုပ်စာ မျိုးနွယ်လေးက ငါတို့ တပ်မဟာငါးကို ရင်ဆိုင်ရဲ့တယ်။ ဒီဝင်္ကပါမြိုင်တစ်ခုလုံးကို မီးလောင်တိုက်သွင်းဖို့ လောင်စာတွေ အသင့်ပြင်ထား "

"မှန်ပါ  "

တပ်မဟာငါး ၏ တပ်မမှုးကြီးက ဒေါသတကြီးနှင့် ဝင်္ကပါမြိုင်ကို မီးရှို့ဖျက်စီးဖို့ အမိန့်ပေးလိုက်တော့သည်။
မကြာခင် လောင်စာများစွတ်ထားသည့် အဝတ်ပတ်ထားသည့် မြှားတံများကို မီးညှိကာ ဝင်္ကပါမြိုင်၏ အလယ်ဗဟိုသို့လှမ်းကာ ပစ်လာကြသည်။

" တွေ့လား အကိုကြီး...ခင်ဗျားနဲ့ပူးပေါင်းထားတဲ့ နန်ကျောင်မင်းသားက ကျွန်တော်တို့ ဝင်္ကပါမြိုင်တစ်ခုလုံးကို ဖျက်စီးဖို့ အမိန့်ထုတ်ထားလိုက်တာ။ အကိုကြီးက သူတို့နဲ့ပူးပေါင်းထားတာတောင် အကိုကြီးကို ကယ်ဖို့ စိတ်မကူးပဲ တစ်ခါတည်း မီးလောင်တိုက်သွင်းတယ် ဆိုကတည်းက ယွမ်ချူးခန်ရဲ့စိတ်ဓါတ်ကို သိလောက်ရောပေါ့....  ကံကောင်းထောက်မလို့ ကျွန်တော်တို့က နောင်တော် ကုလန်ရဲ့ အကြံအတိုင်း လူအကုန်ကို အခြားနေရာကို ပြောင်းထားလို့သာပေါ့။ မဟုတ်ရင် ဒီနေ့ ဝင်္ကပါမြိုင်ရဲ့မျိုးဆက်ဆိုတာ လုံးဝ ပျောက်ကွယ်သွားမှာ သေချာတယ် "

ချိုနန်က အကိုကြီး ချိုဟန်ကို အောက်ဘက်မှ မီးလောင်နေသည့် မြင်ကွင်းကို ပြကာ ပြောလိုက်သည်။

ချိုဟန်က ဘာမှပြန်မပြောပေမယ့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူက လိပ်လိုမျိုး ပုန်းကွယ်နေရသည့် ဘဝကို မပျော်ပိုက်သဖြင့် မိမိတို့ ဝင်္ကပါမြိုင်၏ နောက်မျိုးဆက်များ လူ့လောက အလယ်တွင် ခမ်းခမ်းနားနား ထည်ထည်ဝါဝါနေနိုင်အောင်လို့ ယွမ်ချူးခန်နှင့် ပူးပေါင်းခဲ့ပေမယ့် ယွမ်ချူးခန်က ယခုလို သူ့မိခင်ဘက်မှ အမျိုးနွယ်ဖြစ်သည့် ဝင်္ကပါမြိုင်ကို ဖျက်စီးလိမ့်မည်ဟု အိပ်မက်ပင် မက်မထားမိပေ။

သူ ငယ်စဉ်ကတည်းက ညီအစ်ကို သုံးယောက် အတူပျော်ပါး ကစားခဲ့သည့် နေရာအားလုံးကိုမီးများ ဝါးမြိုဖျက်ဆီးလိုက်သည့် မြင်ကွင်းကို ကြည့်ပြီး ချိုဟန် ရင်ထဲ တဆစ်ဆစ်နာကျင်လာခဲ့သည်။

ချိုနန်လည်း ထိုမြင်ကွင်းကို ရင်နာစွာကြည့်ကာ အကိုကြီးကို ပြောလိုက်သည်။

" ဖွားဖွားနာယောင်းက ကျွန်တော်တို့မျိုးနွယ်ကို လူ့လောကထဲ ထွက်ပြီး အတိအလင်းနေထိုင်ခွင့်ပြုလိုက်ပြီ။ ကျွန်တော်တို့က တောင်ပိုင်း အာနန်ပြည်မှာ ပြောင်းရွှေ့နေထိုင်ကြတော့မယ်.. နောင်တော်ဖြစ်စေချင်တဲ့ အတိုင်း ဖွားဖွားက ခွင့်ပြုလိုက်ပြီ။  "

ထိုစကားကိုကြားသော် ချိုဟန် ဝမ်းသာသွားခဲ့သည်။

" တကယ်လား..ဖွားဖွား တကယ်ခွင့်ပြုလိုက်ပြီလား "

" ဟုတ်တယ်။ ဖွားဖွားက တောင်ပို်င်းကို အရင်သွားနှင့်ပြီ။ နောင်တော် လုပ်ထားတဲ့ ကိစ္စကို ပြတ်အောင်ရှင်းဖို့ ဖွားဖွားက မှာခဲ့တယ်။ ယွမ်ချူးခန်က ဝင်္ကပါမြိုင်ကို ခုလို ဖျက်ဆီးတဲ့အတွက် အကိုကြီးက တာဝန်ယူ လက်တုန့်ပြန်ရမယ်လို့ ဖွားဖွားက အမိန့်ပေးသွားခဲ့တယ်။ "

ချိုဟန်က ဒီစကားကိုကြားတော့ ညီလတ်ကို လေးနက်ခိုင်မာစွာကြည့်ကာ ပြောလိုက်သည်။

" စိတ်ချပါ။ အကိုကြီးက ဝင်္ကပါမြိုင်က လူတစ်ယောက်ပါ။ ဝင်္ကပါမြိုင်ကို ဖျက်ဆီးတဲ့လူကို အပြစ်ပေးဖို့ အကိုကြီး တာဝန်ယူပါတယ် "

" ဒါဆို အကိုကြီးကို ဒီနေရာကို လွဲထားခဲ့တော့မယ်။ ကျွန်တော်က တောင်ပိုင်းက လာတဲ့ အုပ်စုနဲ့ လုပ်စရာရှိသေးတယ် "

" စိတ်ချလက်ချ သွားလိုက်၊ ဒီနေ့ ဝင်္ကပါမြိုင်ကို ကျူးကျော်လာတဲ့လူတွေ အားလုံး တစ်ယောက်မှ မလွတ်စေရဘူး "

ချိုနန်က အကိုကြီး၏ လက်ကို တစ်ချက် ဖျစ်ညစ်ကာ လှည့်ထွက်သွားခဲ့သည်။ လမ်းမှားရောက်နေသော ညီအစ်ကိုတစ်ယောက် အသိစိတ်ပြန်ဝင်လာပြီး မိမိတို့ဘက်ကို ပြန်လာခဲ့သဖြင့် ချိုနန် စိတ်ဓါတ် တက်ကြွစွာဖြင့် ထွက်လာခဲ့တော့သည်။

သူဦးတည်နေသည့် နေရာက သူ့ခင်ပွန်း နောင်တော် တိုလုအီ ဦးစီးသည့် တပ်တော်ကြီး ရှိရာဆီသို့ဖြစ်သည်။

==================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now