Chapter ( 19 ) (zawgyi+Unicode)

1.8K 200 5
                                    


Chapter ( 19 ) (zawgyi+Unicode)

ချူလူလူသည် ချိုစန်းထံမှ နောင်တော် တိုလုအီအကြောင်းတခုခုသိမည်ကို ခံစားမိသောကြောင့် ညစာစားပြီးနောက် အခြွေရံတယောက်ကို စေလွှတ်ကာ ချိုစမ်းကို ဖိတ်ခေါ်ခိုင်းလိုက်သည်။

"ချူလေး... မင်း ကိုယ့်ကို ဘာကြောင့် အခေါ်လွှတ်လိုက်တာလဲ... ကိုယ့်ကို လွမ်းလို့လား"

"ခင်ဗျား ယောကျာ်းခြင်းကို စကားအကောင်း ပြောလို့မရဘူးလား။ ကြည့်ရတာ ခင်ဗျားက မိန်းမလို မိန်းမရစိတ်ဝင်နေသလားပဲ..."

"ချူလေးရဲ့ လျှာက အတော်ကို ထက်မြက်တာပဲ။ ကြားရသူကို ရူးမတတ်ခံစားရစေတာ သေချာတယ်..."

ချိုစန်းက ရယ်ရယ်မောမောနှင့် တုန့်ပြန်လိုက်ပြီး ပြုံးစစနှင့် ကြည့်နေသဖြင့် ချူလူလူ ထွက်လာသည့် ဒေါသကို မြိုသိပ်ကာ သူ့ကို မေးလိုက်သည်။

"နောင်တော် တိုလုအီကို ခင်ဗျား နောင်တော်ချိုနန် ဘာလုပ်ဖို့ကြံထားတာလဲ..."

"ဒါတော့ ကိုယ်မသိဘူး။ သူက ကိုယ်တို့ ညီအစ်ကိုတွေထဲမှာ အလျှို့ဝှက်ဆုံးပဲ။ ဘယ်တော့မှ သူလုပ်မယ့် အစီစဉ်ကို ပြောလေ့မရှိဘူး..."

"ခင်ဗျား လိမ်နေတာလား... ခင်ဗျား အကို ကျွန်တော့် နောင်တော်ကို တခုခု လုပ်ဖို့ကြံနေတာတော့ ခင်ဗျား သိတယ်မဟုတ်လား။ သူ နောင်တော် တိုလုအီနဲ့ ရန်ငြိုးရှိတယ်လို့ ကြားဖူးသလား။ နောင်တော့်ကို သူ အဆိပ်နဲ့ လုပ်ကြံနိုင်လား..."
"အားယိုး.... ချူလေးရဲ့ မေးခွန်းတွေကြောင့် ကိုယ်မူးသွားချင်ပြီ။ ချိုစန်းဆိုတဲ့ ကိုယ်က တဇွတ်ထိုးလုပ်ချင်လုပ်မယ်။ ဒါပေမယ့် ဘယ်တော့မှ မလိမ်တတ်ဘူးဆိုတာ မင်းလေး သိသင့်တယ်။ ပြီးတော့ မင်းနောင်တော် တိုလုအီအကြောင်းကို မေးချင်ရင် ဒီလို တရားခံစစ်တဲ့ လေသံနဲ့ မမေးရဘူးကွ။ အနည်းဆုံးတော့ ကိုယ့်ခေါင်းထဲ သတိပြန်ရအောင် ကြည်နူးစရာလေး တခုခုတော့ ပြောပေးသင့်တာပေါ့..."
ချူလူလူသည် သူဆိုလိုသည်ကို သိလိုက်ပြီး သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
"ခင်ဗျားကို စောင်းတီးပြရင် စိတ်ကြည်မလား..."

"အကြံကောင်းလေးပဲ... မဆိုးဘူး... ချူလေးရဲ့စောင်းသံကိုကြားရင် ကိုယ့်နောင်တော်ပြောတာကို ပြန်သတိရနိုင်တယ်ကွ..."
ချိုစန်းက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်ကို ချူလူလူ စိတ်ကို ဆွဲစန့်ပြီး စောင်းကို စားပွဲပေါ်တင်ကာ တီးခတ်ဖို့ပြင်လိုက်သည်။ မျက်လုံးကို ခဏမှိတ်လိုက်ပြီး ရှုပ်နေသည့် အတွေးအားလုံးကို ဖယ်ရှားကာ တီးမည့် သီချင်းကို အာရုံဝင်စားလိုက်သည်။ ထို့နောက် သွယ်လျသည့် လက်ချောင်းများက စောင်းကြိုးတွေပေါ်ကို လူးလွန့်ပြေးလွှားပြီး လှပသည့် သံစဉ်ကို ဖော်ထုတ်လိုက်တော့သည်။

နောက်တီးနောက်တောက်လုပ်နေသည့် ချိုစန်း၏မျက်နှာက ချက်ချင်း တည်ကြည်လေးနက်သွားပြီး ချူလူလူ၏ မျက်နှာလေးကို ငေးကြည့်ကာ စောင်းသံခေါ်ဆောင်သည့်နောက်ကို စီးမျှောလိုက်ပါသွားတော့သည်။ ချိုစန်း၏ခေါင်းထဲ အရာအားလုံးရှင်းလင်းသွားသလို ရင်ထဲမှာ ချူလူလူကို ချစ်သည့် စိတ်များကလည်း ပိုလို့ တိုးလာခဲ့သည်။

"ချစ်တယ် ချူလေးရယ်။ မင်းကို အရမ်းချစ်တယ်။ ဘယ်တော့မှများ မင်း ကိုယ့်အချစ်ကို မြင်နိုင်မှာလဲ။ ကိုယ် မင်းကို စောင့်ပါ့မယ်။ မင်းရဲ့နောင်တော် တိုလုအီကို စိတ်မပူပါနဲ့။ မင်းတို့နှစ်ယောက်လုံး ကိုယ်တို့ မိသားစုဝင်အဖြစ် ပြန်တွေ့တော့မှာဖြစ်လို့ မင်း အနာဂါတ်မှာ ပျော်ရွှင်နိုင်မှာပါ..."
ချူလူလူသည် တေးတပုဒ်ပြီးတော့ ရပ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မိမိကို နူးညံ့စွာကြည့်နေသည့် ချိုစန်း၏ အကြည့်ကို တွေ့သော် ရင်ထဲ ထိတ်ခနဲဖြစ်သွားတော့သည်။ ဘာကြောင့်ရယ်မသိ။ ဒီအကြည့်က နောင်တော် တိုလုအီကြည့်သည်ထက် လေးနက်နေသလို ခံစားလိုက်ရသည်။ ဝင်္ကပါမြိုင်မျိုးဆက်လူငယ်တွေရဲ့ အကြိုက်က ထူးခြားသလို သူတို့အစွမ်းကလည်း ကြောက်စရာကောင်းလှသည်။ ကံကောင်းထောက်မစွာဖြင့် နောင်တော် ကုလန်ရဲ့ ညီဝမ်းကွဲတွေဖြစ်လို့ မိမိတို့ကို ဘေးဖြစ်အောင် တော့ မလုပ်လောက်ဟု သေချာသိကာ စိတ်သက်သာရာရသွားတော့သည်။

"ကိုယ် မင်းကို ဘယ်တော့မှ ဒုက္ခရောက်အောင် မလုပ်ပါဘူး... ကိုယ်က မင်းကို မုန်းနေတဲ့သူ မဟုတ်ဘူး။ ချစ်နေတဲ့သူပါ... ဒါကို ကိုယ့်အသက်နဲ့ရင်းပြီး ကတိပေးပါတယ်"

ထိုစကားကို ကြားလိုက်ရတော့ ရုတ်တရက် ချူလူလူ ငိုင်ကျသွားသည်။

"ခင်ဗျား ဘာကြောင့်  ကျွန်တော့်ကို ချစ်ရတာလဲ။ ခင်ဗျားတို့ မျိုးနွယ်ထဲက မိန်းကလေးတွေက ရူးလောက်အောင် လှနေလျက်နဲ့ ဘာကြောင့် ကျွန်တော့်လို ယောကျာ်းလေး တစ်ယောက်ကို လာကြိုက်ရတာလဲ..."

"ချစ်တယ်ဆိုတာ ဘယ်သူ ဘယ်ဝါမှလို့ သတ်မှတ်လို့ရတဲ့အရာလား။ အဓိက ကတော့ မင်းလေးရဲ့ အနုပညာစွမ်းရည်ဖမ်းစားတာ ခံလိုက်ရတာကြောင့် ကိုယ်မင်းကို ချစ်မိသွားတာဖြစ်နိုင်တယ်။ ပထမ မင်းရဲ့ စောင်းသံကို စွဲလန်းတယ်။ နောက်တော့ မင်းကို ချစ်မိသွားတယ်..."

"ကျွန်တော် စောင်းမတီးနိုင်တော့ရင် ခင်ဗျား ကျွန်တော့်ကို စွန့်ပစ်သွားမယ်ထင်တယ်..."

"အင်း....မင်းက မချစ်ဖူးတော့ ဒါကို ဘယ်နားလည်မလဲ။ နှလုံးသားကို အချစ်ကြိုးနဲ့ ချည်နှောင်မိပြီးသွားရင် ဒီလူက အစွမ်းမရှိတော့လည်း၊ ရုပ်မလှတော့လည်း ဆက်ချစ်နေနိုင်တာပဲဆိုတာ မင်းနားလည်တဲ့ တနေ့ကို ကိုယ် စောင့်နေမှာပါ။ အဲ့ဒီနေ့မှ မင်း ကိုယ့်အချစ်ကို ကိုယ်ချင်းစာ နားလည်လိမ့်မယ်..."
"ခင်ဗျားသဘောကျတဲ့ စောင်းသံကို ဖန်တီးတဲ့သူက အခြား လူတစ်ယောက်ဖြစ်နေရင် တကယ်လို့ မိန်းကလေး ဖြစ်နေရင်လည်း ခင်ဗျား ချစ်မိသွားမှာပဲလား..."
ချူလူလူ သိလိုစိတ်နှင့် မေးလိုက်သည်။ တကယ် ချိုစမ်း ဘယ်လိုဖြေမလဲဆိုတာကို ရင်ခုန်စွာစောင့်နေမိသည်။ ချိုစန်းကပြုံးကာ ချူလူလူ၏ပါးပြင်ကို အသာထိကာ ငြင်သာစွာပြောလိုက်သည်။

"မင်းဖြစ်နေလို့ မင်းသီချင်းသံကို ကိုယ် စွဲလန်းတာပေါ့... မင်း မဟုတ်ဘူးဆိုရင် ကိုယ်က အသိမှတ်ပြုံရုံပြုပြီး လှည့်ထွက်လာမှာ သေချာတယ်"

"လူလိမ်..."
ချုလူလူက သူ့စကားကိုကြားသော် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူ လိမ်နေတာဟု တွေးကာ ဒေါပွသွားသည်။ ချိုစန်းက တချက်ရယ်မောလိုက်ကာ ထရပ်လိုက်သည်။ ချူလူလူက သူ့လက်ကို လှမ်းဆွဲကာ အမြန်မေးလိုက်သည်။

"ခင်ဗျား.... ကျွန်တော့် နောင်တော်အကြောင်းကို ပြောပြဦး..."

"နောင်တော် ချိုနန်လည်း ကိုယ့်လိုပဲ။ သူက တိုလုအီရဲ့ဉာဏ်ရည်ကို သဘောကျလို့ ချစ်သွားတာ... သူက တိုလုအီကို ချစ်နေတာ ၊ မင်း ဘာမှ စိတ်ပူစရာမလိုဘူး... "
ထိုစကားပြောပြီး ချိုစန်း လှည့်ထွက်သွားတော့သည်။ ချူလူလူက နောင်တော် တိုလုအီအတွက် စိတ်လေးစွာနှင့် သက်ပြင်းချလိုက်မိသည်။ ဒီညီအစ်ကို ဘယ်လိုဖြစ်ပြီး မိမိနှင့် နောင်တော် တိုလုအီကို သဘောကျနေပါလိမ့် ဆိုတာ နားမလည်နိုင်တော့ပေ။ ဆူမီရာကိုတော့ သူတို့နောင်တော် အကြီးဆုံးက မကြိုက်လောက်ပါဘူး လို့တွေးလိုက်မိသည်။ ဒါပေမယ့် သူ့သူငယ်ချင်းမဖြစ်သူ ဟီဒယ်ကို သဘောကျနေသည်ကိုတော့ ချူလူလူ မသိခဲ့ပေ။

====================
ဆူမီရာသည် ချူလူလူ၏ မိခင်ဖြစ်သူ အဆိပ်မိသည်ကို ကြားသောအခါ သွားကုပေးချင်သော်လည်း ဦးရီးတော် ယေစုကိုင်းက တားထားသဖြင့် သုံးရက်စောင့်နေခဲ့သည်။ နောင်တော်က တိပေးထာသည့်အတိုင်း သုံးရက်အတွင်းပြန်လာမည်ကို ယုံကြည်ကာ စောင့်နေပေမယ့် နောင်တော် ပြန်မရောက်လာသောအခါ ဆူမီရာ ဦးရီးတော်ကို ဝင်တွေ့ကာ ဘာဖြစ်ဖြစ် မိမိသွားမှဖြစ်မည်ကို ပြောကာ တောင်းပန်လိုက်သည်။ ယေစုကိုင်းက ဆူမီရာ၏ စိတ်ဓါတ်ကို သိသူပီပီ ဆက်မတားတော့ပဲ အစောင့်ရှောက်အပြည့်အစုံနှင့် ချူတိုင်းပြည်ကို စေလွှတ်လိုက်တော့သည်။ ဝူတိုင်းပြည်မှ အမတ်များက မင်းကြီးကို  လျှောက်တင်ကာ ဝူတိုင်းပြည်ကို အရင်လိုက်ကုပေးဖို့ တောင်းဆိုလိုက်သည်။ ဒါပေမယ့် ချုတိုင်းပြည်က ပိုနီးသဖြင့် ဆူမီရာက အဆိပ်ဖြေဆေးတချို့နှင့် မိမိ သင်ထားပေးသည့် သမားတော်ကို အရင်စေလွှတ်ကာ ကုသင့်တာကို ကုထားစေပြီး ချူတိုင်းပြည်ကိုသာ ထွက်လာခဲ့သည်။
ချုတိုင်းပြည်ကိုရောက်တော့ ချူမင်းကြီးက ဆူမီရာကို လာကြိုပြီး မိဖုရားအဆောင်ကို ပို့ပေးလိုက်သည်။ ဆူမီရာက အဆိပ်ကို စမ်းသပ်ကာ ကုသဖို့လုပ်လိုက်သည်။ ဒါပေမယ့် အဆိပ်က ထူးခြားနေသဖြင့် သက်သာလာတာပဲ ရှိပြီး အရှင်းပျောက်မသွားသဖြင့် ဆူမီရာ စိတ်ပန်းလူပန်းဖြစ်လို့နေသည်။ ချူတိုင်းပြည်မှာ ကုသချိန်ကြာသွားသဖြင့် ဝူတိုင်းပြည်မှ မိဖုရားခေါင်ကြီးက အဆိပ်ဖြင့် နတ်ရွာစံသွားသည်ကို ကြားလိုက်ရစဉ် ဆူမီရာ ယူကျုံးမရဖြစ်သွားခဲ့သည်။
မိမိဆေးကုသသည့် ဖြစ်စဉ်တလျှောက်လုံး ပထမဆုံး လူသေခြင်းဖြစ်သည်။ တကယ်တမ်းပြောရလျှင် အကူညီတောင်းခံခဲ့ပေမယ့် လိုက်မကူပေးရသဖြင့် ဝူမိဖုရားခေါင်ကြီး နတ်ရွာစံသွားခဲ့သည်။ တကယ်လို့ ဆူမီရာသာ ဝူတိုင်းပြည်ကို လိုက်ကုပေးလျှင် မပျောက်ပေမယ့် အဆိပ်ကို တားထားနိုင်မှာသေချာသည်။ ယခုတော့ ချုမိဖုရားအသက်ကို လုနေရသဖြင့် ဝူမိဖုရားခေါင်ကြီးကို လက်လွှတ်လိုက်ရသည်။

"ဒီအဆိပ်က သာမန်မဖြစ်နိုင်ဘူး။ ဖိုးဖိုးထန်ကို မေးမှဖြစ်မယ်..."
ဆူမီရာသည် ချုမိဖုရားကို သက်သာစေသည့် ဆေးများပေးထားပြီး သမားတော်များကို သေချာမှာကြားက ငွေတောင်ပြည်မှ သက်တန့်တောင်ကို ချက်ချင်း ခရီးဆက်ခဲ့သည်။ ဒါပေမယ့် သက်တန့်တောင်ပေါ်မှ ဖိုးဖိုးထန်နေသည့်နေရာတွင် မည်သူ့ကိုမှ မတွေ့ရတော့ပေ။ ဖိုးဖိုးထန် ဘယ်ကိုထွက်သွားသလဲဆိုတာ မသိဖြင့် ဆူမီရာ ချက်ချင်း ငွေတောင်နန်းတွင်းကို ခရီးဆက်ရပြန်သည်။

"သားတော်လေး...ဘယ်လိုလုပ်ပြီးပြန်ရောက်နေတာလဲ..."
"ခမည်းတော် ဖိုးဖိုးထန် ဘယ်ကို ထွက်သွားသလဲ... တယောက်ယောက် ဖမ်းခေါ်သွားတာများလား..."
ငွေတောင်ပြည့်ရှင်က ခေါင်းယမ်းက သားတော်ကို ဖြောင့်ဖြလိုက်သည်။

"ဖိုးဖိုးထန်က လူသူမရောက်နိုင်တဲ့ နေရာကို ထွက်သွားတယ် သားတော်။ ခမည်းတော်နဲ့ မင်းမယ်တော် ဘယ်လိုတားတားမရခဲ့ဘူး။ "

"ဘာဖြစ်လို့တဲ့လဲ ခမည်းတော်ဘုရား...ဖိုးဖိုး ဘာကြောင့်ထွက်သွားရတာလဲ.."

"မင်းဖိုးဖိုးက ဘာမှ မပြောခဲ့ဘူး။ အင်း...ကြည့်ရတာ..သူ့မိသားစု အဆက်အသွယ်တွေနဲ့ ထိပ်တိုက်မတွေ့ချင်လို့ထင်ပါရဲ့"
ခမည်းတော်၏စကားကြောင့် ဆူမီရာ အံ့အားသင့်သွားခဲ့သည်။ ဖိုးဖိုးထန်၏ မိသားစုအကြောင်းကို ခမည်းတော်ပြောတာ ပထမဆုံးဖြစ်သည်။
"ဖိုးဖိုးရဲ့မိသားစုက ဘယ်သူလဲ.."

"ဝင်္ကပါမြိုင်လို့ပဲ ပြောသွားတယ်...ခမည်းတော်တို့လည်း မသိဘူး သားတော်..."

"ဝင်္ကပါမြိုင်...ဘယ်လိုမိသားစုမို့ ဖိုးဖိုး ကအတွေ့မခံချင်လို့ ထွက်သွားရတာလဲ..."
ဆူမီရာ ပိုစိတ်ပူလာခဲ့သည်။ ကြည့်ရတာ အခုအဆိပ်မိသည့်ဖြစ်ရပ်က ဝင်္ကပါမြိုင်နှင့်များ ပတ်သတ်နေရော့သလား။ နောင်တော်ကလည်း ဘာလို့ကြာနေပါလိမ့်။ အရီးတော် ဟော်သွန်းနှင့် တခုခုများ အဆင်မပြောလို့လား။ နောင်တော် တိုလုအီကို ခေါ်သွားသည်လူများက ဘယ်လိုလူများမို့ နောင်တော် လွယ်လွယ်ကူကူ မဖြေရှင်းနိုင်ပဲ ကြာနေရတာလဲ...။

"သားတော်...မင်း ဒီမှာ နေဦးမလား..မင်းရဲ့မယ်တော်ကလည်း မင်းကို လွမ်းနေတာ...မယ်တော် အခု အလုပ်နဲ့ မုတိုင်းပြည်ကို သွားနေတာ... နှစ်ရက်နေရင် ပြန်လာတော့မယ်"

"သားတော် နေလို့မဖြစ်ဘူး ခမည်းတော်ဘုရား။. ချူလူလူရဲ့မယ်မယ် အဆိပ်မိထားလို့ သားတော် အနားမှာ ရှိမှဖြစ်မယ်။ "

"သားတော်...ယွမ်ချူးခန်နဲ့တွေ့ရင် သူ့ကို ပစ်ပစ်ခါခါတော့ မလုပ်လိုက်ပါနဲ့။ ခမည်းတော်စိတ်ထဲ ထင့်နေတယ်။ သူက သားတော်ငြင်းတာကို ခံလိုက်ရပြီး ပြသနာအားလုံးရဲ့ အရင်းမြစ်ဖြစ်သွားမှာပဲကြောက်နေမိတယ်။ သူက ဆိုးသွမ်းသွားရင် သူ့နောင်တော်ထက် ပိုကြောက်ဖို့ကောင်းလိမ့်မယ်..."
ဆူမီရာသည် ခမည်းတော်၏ ပြောခဲသည့် စကားကိုကြားသော် အံ့အားသင့်သွားပြီး မေးလိုက်သည်။

"သူက သားတော်နဲ့ တစုံတခုပတ်သတ်မှုရှိသလား ခမည်းတော်..."

"အတိတ်တဘောင်အရ ... သားတော်က သူတို့ညီနောင်ကြားမှာ ငြိမ်းချမ်းမှုရအောင် ယူဆောင်ပေးလာနိုင်တယ်ဆိုပေမယ့်... အခန့်မသင့်ရင် ပိုကြောက်စရာကောင်းတဲ့ စစ်ပွဲကို ဖန်တီးမိနိုင်တယ်။ ယွမ်ချူးခန်ကို သေချာထိန်းကြောင်းပေးပါ။ သူက သားတော်ရဲ့ သံယောဇဉ်ကို နားလည်ရင် သားတော်ကို ပြန်ငဲ့ပေးမှာသေချာပါတယ်..."

"သားတော် ကြိုးစားပ့ါမယ်ခမည်းတော်ဘုရား။ သားတော်လည်း ချူးခန်ကို ခင်ပါတယ်။ သူ့ကို သာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်စေချင်တယ်..."

ငွေတောင်ပြည့်ရှင်သည် သားတော်ထွက်သွားသည့်ဘက်ကိုငေးကြည့်ကာ သက်ပြင်းသာရှိုက်လိုက်မိတော့သည်။ မိမိတို့သားလေးက ထူးကဲသည့် နိမိတ်နှင့်မွေးဖွားလာသည့်အပြင် အင်အားကြီးသည့် နဂါးနှစ်ကောင်ဖြစ်သည့် ကုလန်နှင့် ယွမ်ချူးခန်တို့ ကံတရားနှင့်လည်း ပတ်သတ်နေလို့ သားတော်လေး ဘဝ ဒီထက် ခါးသီးမည်ကို စိုးရိမ်နေမိသည်။
=========================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now