Chapter (29) - ကုလန်နှင့် ယွမ်ချူးခန်

1.4K 204 18
                                    

Chapter (29) - ကုလန်နှင့် ယွမ်ချူးခန်


ယွမ်ချူးခန်သည် ဆူမီရာ၏ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် ပုံလေးကို ငေးကြည့်ရင်း ရင်ထဲ ကြည်နူးမှုတို့ပြည့်နေစဉ် အထောက်တော်က သတင်းပို့လာခဲ့သည်။

" မယ်တော်ကြီးထံမှ စာလွှာရောက်လာကြောင်းပါ အရှင် "

" ရှုး... သူနိုးသွားလိမ့်မယ် "

ယွမ်ချူးခန်က အခြွေရံကို ဆူမီရာနိုးလာလျှင် လာသတင်းပို့ရန်မှာ ကြားကာ ထွက်လာခဲ့သည်။ ယွမ်ချူးခန်သည် မယ်တော်ထံမှ စာကို ဖတ်ပြီးနောက် နူတ်ခမ်းက ကော့ညွတ်ကာ ပြုံးလိုက်သည်။

" ကိုယ့်အစွမ်းစနဲ့မရှာနိုင်တော့ မယ်မယ့်ကို အကူညီတောင်း တယ်ပေါ့.. ဟမ်..ကုလန်.. မင်းကို ငါ အလွတ်ပေးမယ် ထင်နေလား။ မင်းကို လုံးဝမေ့သွားတဲ့အထိ ဆူမီရာကို အချစ်တွေ အယုယတွေနဲ့ ပြုစုပြီးမှ မယ်မယ့်ရှေ့ကို ခေါ်သွားမယ် စိတ်ချ...  "

ယွမ်ချူးခန်၏ မျက်နှာက နတ်ဆိုးလိုအပြုံးမျိုးပေါ်လာပြီး အဆိပ်သခင်ထံကို ထွက်လာခဲ့သည်။

" အရှင်မင်းသား... "

" လက်ရှိအခြေနေကို ပိုပြင်းထန်အောင်လုပ်လိုက်တော့.. "

အဆိပ်သခင်က ထိုအမိန့်ကိုရသော် ချက်ချင်း ထွက်သွားပြီး ဒေသအသီးသီးနိုင်ငံအသီးသီးမှ မိမိလက်အောက်ကလူများကို အရှိန်မြှင့်ရန် အမိန့်ကို ထပ်ဆင့်ထုတ်ပြန်လိုက်သည်။

" မကြာခင် တောင်ပိုင်းဒေသ တစ်ခုလုံး သွေးချောင်းစီး သတ်ဖြတ်မှုတွေ မြင်စေရမယ်။ ဘိုးဘိုးထန်ဟူရဲ့ နာကျင်မှုကို သွေးနဲ့ဆေးကြောရမယ်  "

အဆိပ်သခင်က အေးစက်စွာပြုံးကာ ကြုံးဝါးလိုက်သည်။ ဝင်္ကပါမြိုင်တွင် မိမိနှစ်ပေါင်းများစွာ လျှို့ဝှက်ပြီး ခိုဝင်ခဲ့တာက ဖိုးဖိုးထန်ဟူအတွက် ကလဲ့စားချေချင်သောကြောင့်ဖြစ်သည်။ အဆိပ်သခင် ထန်လုံ၏ အဆိပ်ကျမ်းကို ရအောင်ပြန်ယူ နိုင်ပြီးနောက် ဖိုးဖိုးထန်ဟူ၏ မျိုးဆက်ကို တောင်ပိုင်းတခွင်မှာ ဖိန့်ဖိန့်တုန်အောင် လုပ်ရမည်။ ပြီးလျှင် ထန်လုံကို လက်စသတ်လိုက်မည်။

"  ဖိုးဖိုးရဲ့ အောင်မြင်မှုကို လုယူပြီး ချောက်ချသတ်ဖြတ်ခဲ့တဲ့ ဖိုးဖိုးရဲ့ အစ်ကို လူယုတ်မာ ထန်လုံကို ကျွန်တော်ကိုယ်တိုင် အဆိပ် နဲ့ သတ်ပြပါ့မယ်။ ထန်လုံရဲ့ တပည့်နှစ်ယောက်လုံးကို တကယ့် အဆိပ်သခင်ရဲ့ စွမ်းရည်ကို မျက်ဝါးထင်ထင်မြင်အောင် လုပ်ပြီး သတ်ပြစ်ပါ့မယ် ဖိုးဖိုး၊ တမလွန်ဘဝကနေ စိတ်ချပါတော့။ "

ထိုအချိန်တွင် ဆူမီရာက အိပ်ယာထက်မှ လူးလွန့်ကာ နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ညက ဘယ်လိုလုပ်ပြီး ဒီလောက်သတိကင်းမဲ့အောင် အိပ်ပျော်သွားသလဲဆိုတာ ပြန်စဉ်းစားရင်း ယွမ်ချူးခန်လက်ချက်ဆိုတာ တွေးမိသည်နှင့် သူ မိမိကို တခုခုလုပ်ချင်လို့ ဆေးခတ်သည်ကို သိကာ အိပ်ယာထက်မှ ဝုန်းခနဲထကာ ကြေးမုံရှေ့ရပ်ကာ မိမိကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ထင်သည့်အတိုင်း လည်ပင်းမှ အနီမှတ်များကို တွေ့သော် ဆူမီရာ အဝတ်ကို ချွတ်ကာ မိမိကိုယ်ကို စစ်ဆေးလိုက်သည်။ အနောက်ပိုင်းမှ နာကျင်မှုကို မခံစားရသဖြင့် သူ လွန်ကျူးထားခြင်းမရှိသည်ကို သိကာ စိတ်သက်သာသွား ပေမယ့် မိမိတကိုယ်လုံးကို ဒီအတိုင်းအလှကြည့် မနေလောက်ဘူးဆိုတာ သိလို့ သက်ပြင်းရှိုက်လိုက်မိသည်။

" အခြွေရံတွေ... "

" အရှင့်သား နိုးလာပြီလားရှင့်...အရှင့်သားအတွက် မျက်နှာသစ်ရေ ယူလာပါ့မယ် "

" ချိုးရေပြင်လိုက်...  "

" မှန်လှပါ... "

အခြွေရံမလေး ထွက်သွားပြီး မကြာခင်ပြန်ရောက်လာတော့ ဆူမီရာ ရေချိုးဆောင်ဘက်ကို ထွက်လာလိုက်သည်။ ယွမ်ချူးခန် ထိကိုင်နမ်းထားသည့် ကိုယ်ကို မသတီပေ။ ပန်းပေါင်းစုံရေထဲ ကိုယ်ကို နီရဲလာအောင် အထပ်ထပ်တိုက်ချွတ်နေရင်း ဒေါသနှင့် ရေရွတ်နေမိစဉ် ရေချိုးဆောင်ထဲ ယွမ်ချူးခန် ဝင်လာသဖြင့် ဆူမီရာ ဒေါသနှင့် သူ့ကို အော်လိုက်သည်။

" ယွမ်ချူးခန်... "

" ဘာလဲ မီရာရ။ ကိုယ့်ကို အိပ်ယာနိုးနိုးချင်းမတွေ့ရလို့ စိတ်ဆိုးနေတာလား။ တောင်းပန်ပါတယ်ကွာ။ အလုပ်လေးတွေရှိနေသေးလို့... "

" အရူးလိုလုပ်မနေနဲ့ ယွမ်ချူးခန်။ မနေ့ညက မင်း ငါ့ကို ဘာလုပ်ခဲ့တာလဲ.. "

" ဘာလုပ်ခဲ့တယ်ထင်လို့လဲ... "

ယွမ်ချူးခန်က ပြုံးစေ့စေ့နှင့်မေးလိုက်တော့ ဆူမီရာ ရေထဲမှ ထကာ သူ့အနားကို လျှောက်လာခဲ့သည်။ အဝတ်ကင်းမဲ့သည့် ကျောက်စိမ်း ကဲ့သို့ ဖြူဖွေးနေသည့် ကိုယ်လေးကို ငေးစိုက် ကြည့်ရင်း ယွမ်ချူးခန်၏ အသက်ရှုနှုန်းမြန်လာခဲ့သည်။


" မင်း အရမ်းချောတယ် မီရာ... မင်းက ငါ့ကို ရူးမလိုကို ပြုစားနိုင်တယ် သိလား "

ထိုစကားကိုကြားသော် ဆူမီရာ၏ဒေါသပေါက်ကွဲလာပြီး ကန်ဘောင်ဘေးက ယွမ်ချူးခန်ကို စိတ်လိုက်မာန်ပါ ရေထဲကို ဆွဲချကာ ရေထဲနှစ်လိုက်သည်။

" ဝုန်း... "

ယွမ်ချူးခန်က မရှောင်ပဲ အဆွဲခံကာ ရေထဲ ပြုတ်ကျလာပြီး ဆူမီရာ စိတ်ကျေနပ်အောင် ရေထဲ နစ်သမျှ ခံနေလိုက်သည်။

"သေစမ်း အရူးကောင် ယွမ်ချူးခန်...  "

ဆူမီရာက ယွမ်ချူးခန်၏ခေါင်းကို ရေအောက်နှစ်ကာ ဖိထားလိုက်သည်။ ဒါပေမယ့် ယွမ်ချူးခန်ကရုန်းကန်ခြင်း မရှိပဲ ရေအောက်မှ ငြိမ်နေသဖြင့် ဆူမီရာက ပထမ သူ ဟန်ဆောင်နေသည် ထင်ပြီး ဆက်ဖိထားပေမယ့် အတော်လေးကြာသည် အထိ ယွမ်ချူးခန်က ရုန်းကန်ခြင်းမရှိ လုပ်သမျှ ခံနေသဖြင့် စိုးရိမ်လာကာ ဆွဲထူလိုက်သည်။

" အဟွတ်..အဟွတ်... "

ယွမ်ချူးခန် ချောင်းဆိုးကာ ရေများ အန်ထုတ်လာသဖြင့် ဆူမီရာက သူ့ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်ကာ မေးလိုက်သည်။

" မင်း ဘာဖြစ်လို့ မရုန်းတာလဲ...  "

" မင်း ကို ငါ ညက နမ်းထားမိတာကို မင်း ဒေါသထွက်နေတာကိုး။ မင်း အပြစ်ပေးတာကို ငါ ခံယူသင့်တာပေါ့ "

" ငါမကြိုက်တာ မလုပ်နဲ့... အရူးကောင်ရ "

" ငါ တမင်လုပ်တာ မဟုတ်ဘူး။ မင်းကို မြင်တိုင်း ငါ့ စိတ်တွေ ထိန်းမရဘူး။ ငါ မင်းကို ချစ်တယ် မီရာ.. "

" ငါ မင်းကို မချစ်ဘူး ယွမ်ချူးခန်... ငါ နောင်တော်ကုလန်ကိုပဲ ချစ်တယ်။ မင်း ဘယ်လို အသနားခံလည်း ငါ မင်းကို ပြန်ချစ်မှာ မဟုတ်ဘူး "

" အင်း... သူ အသက်ရှင်နေသေးသရွေ့ မင်း ငါ့ကို ပြန်မချစ်မယ့်ပုံပဲ။ ဒါဆိုလည်း သူ ဒီလောကမှာ အသက်မရှင်နိုင်အောင် လုပ်လိုက်ရုံပေါ့.. "

ထိုစကားကိုကြားတော့ ဆူမီရာနှာခေါင်းရှုံ့လိုက်သည်။

" နောင်တော်ကုလန်က စစ်ဘုရင်ကွ။ မင်း ပြောသလို လွယ်လွယ် ဖယ်ပစ်လို့မရဘူး "

" ဟုတ်လား။ စမ်းကြည့်တာပေါ့။ မင်းရဲ့နောင်တော်ကို ငါ သတ်လိုက်ရင် မင်း စိတ်ဆိုးမလား မီရာ "

"  မင်း နောင်တော့်နားကို ကပ်နိုင်ပါစေဦး။"

ယွမ်ချူးခန်က မီရာ့ကိုစိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

" ဒီတိုက်ပွဲမှာ မင်းနောင်တော်ကို ငါသတ်လိုက်ရင် ငါ့ကို မုန်းမှာလား မီရာ။ ငါတို့နှစ်ယောက်က မယ်တော်ရဲ့အချစ်ကို လုကြသလို မင်းရဲ့အချစ်ကိုလည်း လုနေတဲ့ ရန်သူတွေဖြစ်နေပြီ။ ငါရဲ့မြောက်ပိုင်းတပ်က ကုလန်ရဲ့တောင်ပိုင်းတပ်ကို စစ်ကြေငြာလိုက်ပြီ။ ငါ နဲ့သူ တရားဝင် တိုက်ခိုက်ကြတော့မယ်။ အသန်မာဆုံးလူကပဲ စစ်ပွဲမှာ ရှင်ကျန်ရစ်မယ်။ ရှင်ကျန်တဲ့သူပဲ လူစွမ်းကောင်း။ ဒီတိုက်ပွဲမှာ နိုင်တဲ့သူ မင်းကို ပိုင်ဆိုင်လိမ့်မယ်။ မီရာ... ဒီတိုက်ပွဲက မင်းကို ပိုင်ဆိုင်ဖို့ငါ လုပ်တဲ့ စစ်ပွဲပဲ.. "

" မင်း ရူးနေပြီလား။သူက မင်းရဲ့နောင်တော်လေ။ ပြီးတော့ ငါလို ယောကျာ်းလေးတစ်ယောက်ကြောင့် တောင်ပိုင်းမြောက်ပိုင်း သွေးချောင်းစီးအောင် မင်းက လုပ်ချင်သေးတာလား။ မင်းအမေ ဝမ်းနည်းအောင် မင်း လုပ်ရက်သလား "

" မယ်မယ်က ခဏတော့ ဝမ်းနည်းမှာပေါ့။ နောက်ဆိုရင် ငါ့ကို ခွင့်လွှတ်နိုင်မှာပါ။ မယ်မယ့်ကို ငါ တောင်းပန်မှာပါ။ မီရာ... မင်းကို ငါရအောင်ယူတော့မယ်။ တောင်ပိုင်းကို အောင်နိုင်တဲ့အခါ မင်းက ငါ့ရဲ့ဘေးကနေ အင်ပါယာကြီးကို အုပ်ချုပ်ရမယ်။  "

" မင်း ရဲ့ သားသမီးတွေနဲ့ မင်း မိဖုရားတွေကို ဘယ်နားသွားထားမှာလဲ ယွမ်ချူးခန်။ မင်းက ကုမရအောင် ရူးနေပြီ။  "

"  ဒီလို သွေးချောင်းမစီးစေချင်ရင် မင်း ငါ့ကို လက်ခံလိုက်လေ။ ငါ့တပ်တွေကို ချက်ချင်း ရုပ်သိမ်းလိုက်မယ်"

" လက်မခံနိုင်ဘူး။ ငါ အသက်ရှင်နေသရွေ့.. ငါ နောင်တော်ကလွဲပြီး ဘယ်သူ့ကိုမှ လက်မခံဘူး "

"  ကောင်းပြီ။ ဒါဆို ငါ့ကို အဆိုးမဆိုနဲ့တော့.."

ယွမ်ချူးခန်က ပြောပြီး ရေကန်ထဲမှ တက်သွားတော့သည်။

" ယွမ်ချူးခန်... မင်း ဘာလုပ်မလို့လဲ.. "

" ရေချိုးပြီးရင် တက်လာတော့။ မနက်စာ အတူစားပြီးရင် ငါတို့ ခရီးထွက်မယ် "

ဆူမီရာက ယွမ်ချူးခန် လျှောက်လုပ်မည်ကို စိုးရိမ်ကာ ရေအမြန်ချိုးပြီး အဝတ်လဲကာ သူ့နောက်ကို လိုက်လာခဲ့သည်။

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now