Chapter (34)- ချိုနန်၏ ထောင်ချောက် (Z+U)

923 146 3
                                    

Chapter (34)- ချိုနန်၏ ထောင်ချောက်  (Z+U)

ရုမာသီထံမှ စာပို့သိမ်းဌက်ရောက်လာသောအခါ ကုလန်က စာကို ဖတ်ပြီး တိုလုအီထံကို ပေးလိုက်သည်။

" တောက်... ဒီကောင် ယွမ်ချူးခန် ... လွန်လှချည်လား။ နောင်တော် ကုလန်.... ကျွန်တော်တို့ ဒီကောင့်ကို မှတ်လောက်အောင် ပညာပြန်ပေးမှ ဖြစ်တော့မယ် "

တိုလုအီက စာကိုဖတ်ပြီးကာ ပေါက်ကွဲစွာဖြင့် ဒေါသတကြီးပြောလိုက်သည်။
 
" အရမ်းမလုပ်နဲ့။ သူတို့ဘက်က အဆိပ်သခင်ရှိနေတာ တစ်ပန်းသာနေတယ်။ နောင်တော်က နေရာတိုင်း မရှိနိုင်တော့သူတို့ သွားလေရာ အဆိပ်သုံးတာကို မတားဆီးနိုင်ဘူးဖြစ်နေတယ်။  "

ကုလန်က ဆူမီရာကို ယုံကြည်သည်။ ဆူမီရာက က ယွမ်ချူးခန်ကို သေချာပေါက် ထိန်းနိုင်ဖြစ်လို့ အရမ်းတော့ စိတ်မပူပေ။ ပြီးတော့ ယွမ်ချူးခန်က ဆူမီရာကို ကိုယ်ရော စိတ်ပါ လိုချင်သောကြောင့် သူ ကအောက်တန်းကျသောနည်းဖြင့် အတင်း သိမ်းပိုက်တာ လုပ်မည်မဟုတ်ပေ။

ဒါပေမယ့် အခု သူ တမင်သက်သက် ဝိဇယပြည်ကို ဝင်သွားပြီး မိမိကို ဂရုမစိုက်ကြောင်း သက်သေပြသွားသည့် အကွက်ကို ကောင်းကောင်းနားလည်သည်။ တောင်ပိုင်း တိုင်းပြည်များကြား ဝင်ရောက် ခလောက်ဆန်ကာ စစ်ဖြစ်အောင် လုပ်ကာ အာရုံလွှဲပြီး သူက မြောက်ပိုင်းကို သွားတာ ဘာလုပ်ချင်လို့လဲ.....။ သူ ဘာ ကြံထားတာလဲ။

" သားတော် ဆူမီရာကို ယွမ်ချူးခန်က ဝိဇယကျွန်းကနေ ပြန်ခေါ်ထုတ်သွားနိုင်ခဲ့တယ်ဆို ဟုတ်လား "

ယေစုကိုင်းကိုယ်တိုင်ရောက်လာသောကြောင့် ကုလန်နှင့် တိုလုအီက အရိုသေပေးကာ လျှောက်တင်လိုက်သည်။

"  မှန်လှပါ ခမည်းတော် ဘုရား။ သူတို့ဘက်က အဆိပ်ကို သုံးပြီး ထိန်းချုပ်ကစားသွားကြောင်းပါ..."

" အင်း... ဖိုးဖိုးထန်ကို ရအောင်ရှာမှ ဖြစ်တော့မယ်။ လောလောဆည် အထောက်တော်တွေဆီက ဘာသတင်းမှ မရဘူးဖြစ်နေတာ ခက်တယ်။ ဝူပြည်နဲ့ တထန်ပြည် တိုက်ပွဲက အခြေနေ ဘယ်လိုလဲ သားတော် "

ယေစုကိုင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သားတော်ဖြစ်သူ ကုလန်က အဆိပ်ပညာကို သင်ထားပေမယ့် သူက လူသတ်ရာမှာ ဒီ အဆိပ်ကို သုံးမည့်သူ မဟုတ်သည့်အပြင် ယခု အဆိပ်သခင်က ဖိုးဖိုးထန်၏ ညီတော်မှ ဆင်းသက်လာသူဖြစ်သည့်အပြင် ဖိုးဖိုးထန်၏ လျှို့ဝှက် အဆိပ်ကျမ်းကိုပါ ရထားသဖြင် ကျားကို အတောင်တပ်ပေးနေသလိုဖြစ်နေသည်။ စစ်မြေပြင်မှ စစ်သားချင်း တိုက်တာ မဟုတ်ပဲ အဆိပ်ကြောင့် အလကားသက်သက် မိမိတို့ စစ်သည်တော်များကို အသေမခံနို်င်သဖြင့် ယေစုကိုင်း အခု တောင်ပိုင်းတိုင်းပြည်များကြားက စစ်ပွဲကို ဝင်မစွတ်ဖက်ပဲ စောင့်ကြည့်နေခြင်းဖြစ်သည်။

ဒါပေမယ့် တထန် ပြည်နှင့်ဝူပြည်၏ တိုက်ပွဲတွင် မိမိတို့ အင်အားကို မပြလျှင် မဟာမိတ်ပြုထားသည့် တောင်ပိုင်းတိုင်းပြည်များက အရိုသေတန်ကာ မြောက်ပိုင်း နန်ကျောင်ပြည်၏ ဆွဲဆောင်မှုအောက်ကို ကျရောက်ပေတော့မည်။ ဒါကြောင့် ဝူပြည်မှာတော့ အာနန်ပြည်က ဝင်ပါမှ ဖြစ်တော့မည်။

" အဆိပ်ကို ကာကွယ်ဖို့ သားတော် ဆေးညွှန်းပို့လိုက်လို့ ဝူပြည်က အဆိပ်က စစ်သည်တော်တွေကို မထိခိုက်ပေမယ့် စိတ်ရှိတိုင်း တိုက် လို့မရဖြစ်နေကြောင်းပါ "

ကုလန်က တထန်ပြည် တိုက်ပွဲကို ခမည်းတော် စိတ်မပူစေရန် လျှောက်တင်လိုက်သည်။

" အင်း... တထန်ပြည်ကို လင်းယုန်တပ်ဖွဲ့ စစ်ကူလွှတ်ပေးလိုက်ပါ သားတော်.... စစ်ပွဲကြာရှည်ရင် ကြားက အပြစ်မရှိတဲ့စစ်သည်တော်တွေ သေကြေကုန်မယ်။ လျန်မင်းသမီး မီဒယ်ကို ကယ်တင်ပြီး နန်းတော်ကို သိမ်းခိုင်းလိုက်တော့ "

" မှန်လှပါ ခမည်းတော်ဘုရား "

ယေစုကိုင်းက စစ်ပွဲထဲ ဝင်မပါချင်ပေမယ့် ကြာနေရင် သေသူများလာမည်စိုးသောကြောင့် အာနန်ပြည်၏ လက်ရွေးစင် လင်းယုန်တပ်ဖွဲ့ကို ဝူပြည်ကို နန်းသိမ်းဖို့ အမိန့်ပေးကာ တရားဝင် စစ်ပွဲထဲသို့ အာနန်ပြည် က ဝင်ပါလိုက်တော့သည်။

ကုလန်သည် မီရာကို လွမ်းဆွတ်ကာ အမြန်ပြေးတွေ့ချင်ပေမယ့် တိုင်းပြည်ရေးကို စီမံရမည်ဖြစ်သောကြောင့် မြောက်ပိုင်းကို မလိုက်သေးပဲ စီစဉ်စရာကို ဦးဆောင်ညွှန်ကြားနေရသည်။


လင်းယုန်တပ်ဖွဲ့ထွက်သွားပြီး နောက်တနေ့တွင် မီရာပို့ခိုင်းသည့် စာတစ်စောင်ထပ်ရောက်လာခဲ့သဖြင့် ကုလန်က ခမည်းတော်ထံ ဝင်ရောက် အကြောင်းကြားလိုက်သည်။

" ခမည်းတော်ဘုရား... မီရာက သားတော်ကို မယ်တော်နဲ့ လာတွေ့ဖို့ ခေါ်လိုက်ပါတယ်။ ယွမ်ချူးခန်က မယ်တော်နဲ့တွေ့ဖို့ မီရာကို ခေါ်သွားပါပြီ။ သားတော် မယ်တော်ကို သွားတွေ့ချိန် တန်ပြီထင်ပါတယ် ဘုရား"

ကုလန်က ခမည်းတော်ကို ခွင့်တောင်းလိုက်သည်။ ယေစုကိုင်းက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

"  အင်း.... မင်းရဲ့မယ်မယ် ဆီကို ဒီပြသနာ မရောက်စေဖို့ ခမည်းတော်တို့တွေ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ကံတရားက ပါလာပြီထင်ပါရဲ့။ မင်း မယ်မယ်ကို သေချာပြောပြပြီး ဖျောင့်ဖျလိုက်ပါ။ သူ့ သားအငယ်က ထိန်းမရတော့ဘူး။ ပြီးတော့ ကြည့်ရတာ ဒီတစ်ခါ နန်ကျောင်ပြည်မှာ မင်းပြောင်းမင်းလွဲဖြစ်တော့ မယ် ထင်တယ်။ လိုက်သွားပြီး တတ်နိုင် သလောက် တားစီးလိုက်ပါ သားတော်။ ယွမ်ချူးခန်က သူ့ ခမည်းတော် ဆီက ဘုရင်နေရာကို လွဲယူတော့မယ်။ သူ ဘုရင်ဖြစ်လာရင် သေချာပေါက် သွေးချောင်း စီးတော့ မယ်။ တောင်ပိုင်း စစ်ပွဲတွေ ကို ခမည်းတော် ဆက် ကြည့်ပြီး ကြီးကြပ်ထားလိုက်မယ်"

 ကုလန်သည် ခမည်းတော်ဆီက မိမိအထင်နှင့် ကွက်တိ စကားကို ကြားရတော့ ချက်ချင်း မြောက်ပိုင်းကို ခရီးပြင်းနှင်ခဲ့သည်။

ဝင်္ကပါမြိုင်တွင် ချိုနန်သည် ဘေးမသီရန်မခဖြင့် ပြန်ရောက်လာခဲ့သည်။ အပေါက်ဝတွင် နောင်တော် ချိုဟန်ကို တွေ့လိုက်တော့   မေးလိုက်သည်။

" နောင်တော် ဘာကြောင့် ယွမ်ချူးခန်ကို ကူညီပြီး ဟီဒယ်တို့ကို နှောက်ယှက်ရတာလဲ.... "

" သူကမ်းလှမ်းတဲ့ အကျိုးမြတ်က မက်လောက်စရာကိုးကွာ..ဒါနဲ့ ညီလတ် ... မင်းက ရွှေဉာဏ်ရှင်နဲ့ လက်ထပ်လိုက်တယ်ဆို။ နောင်တော် ပြန်လာတာကိုတောင် မစောင့်ပါလား။ ဘာကြောင့် ဒီလောက် လောနေရ တာလဲ။  "

ချိုဟန်က ညီလတ်ကို ပြုံးကာ ဖြေလိုက်သည်။ သူက အပြစ်မလုပ်ထားသလို၊ ဝင်္ကပါမြိုင်ရဲ့စည်းကမ်းကို ချိုးဖောက်က အပြင်က တိုင်းပြည်ရေးထဲ ဝင်မပါထားသလိုပင်။ သူက ပင် တိုလုအီနှင့် လက်ထပ်သည့်အကြောင်းကို မေးလိုက်သေးသည်။

" ကျွန်တော်က ရတဲ့ အခွင့်ရေးကို သုံးပြီး ကိုယ်ချစ်တဲ့သူကို ရအောင် ယူလိုက်ရတာမို့ နောင်တော့်ကို မစောင့်လိုက်နိုင်တာပါ။ နောင်တော် ကျွန်တော့်ကို ခွင့်ပြုပါဦး။ အဖွားတော်နဲ့ တွေ့စရာရှိလို့ပါ "

ချိုနန်က နောင်တော်ကြီး၏ ပုံစံကြောင့် စိတ်ထဲ ထင့်ကာ စကားစဖြတ်ပြီး အဖွားတော်နှင့် တွေ့ဖို့ နူတ်ဆက်လိုက်သည်။

ဒါပေမယ့် ချိုဟန်က ချိုနန်ကို တားကာ ပြောလိုက်သည်။

" နေပါဦးကွ။ မင်းက ဘာကြောင့် ဒီလောက် လောနေရတာလဲ။ နောင်တော်လည်း အဖွားတော်ကို သွားတွေ့မလို့ပဲ။ အတူတူ သွားကြတာပေါ့ "

ချိုနန်လည်း အကိုကြီး၏ စကားကြောင့် ခေါင်းညိမ့်ကာ အတူတူထွက်လာစဉ် ရုတ်တရက် နောင်တော် ချိုဟန်ဘက်က တိုက်ခိုက်မှုကြောင့် ရှောင်လိုက်ပေမယ့် နီးကပ်လွန်းသဖြင့် အကြောပိတ်ခံလိုက်ရကာ လဲကျသွားခဲ့သည်။

" နောင်တော် ဒါ ဘာလုပ်တာလဲ... ဘာကြောင့် ကျွန်တော့်ကို အကြောပိတ်ရတာလဲ... "

ချိုနန်က နောင်တော် ခုလို လုပ်လိုက်ရသည့် အကြောင်းရင်းကို ခန့်မှန်းမိကာ ရင်ထိတ်သွားပေမယ့် မသိချင်ဟန်ဆောင်ကာ မေးလိုက်သည်။

"  ညီလတ် နောင်တော် တောင်းပန်ပါတယ်ကွာ။ ခဏသည်းခံပေးပါ။ လောလောဆည် မင်း အဖွားတော်နဲ့ သွားတွေ့လို့မဖြစ်သေးဘူး။ "

" နောင်တော်က ယွမ်ချူးခန်နဲ့ပူးပေါင်းလိုက်တာလား "

" အင်း... မင်း သိနေတာလား။ ကဲ... နောင်တော် မင်းကို နားလို့ရမယ့်နေရာ ခေါ်သွားပေးမယ်။  "

ချိုဟန်က ချိုနန်ကို ထမ်းကာ သူ့အဆောင်ကို ခေါ်လာခဲ့ပြီး ကုတင်ပေါ်မှာ သက်တောင့်သက်သာဖြစ်စေရန် တင်ပေးလိုက်သည်။ ချိုနန်က နောင်တော် ချိုဟန်ကို ထွက်မသွားခင် အမြန်မေးလိုက်သည်။

" နောင်တော်... ဘာကြောင့် ကျွန်တော့်ကို အလစ်တိုက်ခိုက်ရတာလဲ.။ ကျွန်တော့်ကို နူတ်ပိတ်ဖို့ ကြံထားတာလား"

" မင်းက နောင်တော့် အကြံကို ဖျက်စီးတော့မှာဆိုတော့ မင်းကို ခဏ ထိန်းထားလိုက်တာပါ။ စိတ်ချပါ။ နောင်တော်က ကိုယ့်ညီနောင်တွေကို မသတ်ပါဘူး။ နောင်တော်တို့ ဝင်္ကပါမြိုင်ကို လူတွေကြားမှာ အခြေချဖို့ ကြိုးစားရုံပါ။ နောက်ဆိုရင် မင်းတို့က နောင်တော့်ကို ကူညီပြီး အပြင်လောကမှ အင်အားတိုးချဲ့ပေးရမှာ။  "

ချိုဟန်က အယုံလွယ်သော ညီလတ်ကို ပြုံးကြည့်ကာ ပြန်လှည့်လာပြီး ပြောလိုက်သည်။

" နောင်တော် အဖွားတော်ချထားတဲ့ စည်းကမ်းတွေကို ချိုးဖျက်တော့မလို့လား "

"  အဖွားတော်ချထားတဲ့ စည်းကမ်းတိုင်းကို မချိုးဖျက်ပါဘူး။ အခုက မလိုအပ်တဲ့ စည်းကမ်းကို ချိုးဖျက်ရုံလေးပါကွာ။ နောင်တော်တို့ ဝင်္ကပါမြိုင်က ဒီလောက် အစွမ်းထက်နေလျက်နဲ့ ဘာကြောင့် လိပ်လို အခွံထဲ ခေါင်းဝှက်နေရမှာလဲကွာ။ အခု နောင်တော် ရဲ့ စိတ်ကူးကို အကောင်ထည်ဖော်ခွင့်ရပြီ။ နောင်တော်က ဝင်္ကပါမြိုင်ရဲ့ခေါင်းဆောင် နေရာကို တရားဝင်ဆက်ခံပြီးသွားရင် ဝင်္ကပါမြိုင်က တောင်ပိုင်း မြောက်ပိုင်းနယ်မှာ အင်အားကြီး အဖွဲ့တစ်ခုဖြစ်တော့မယ်။ အတိုင်းတိုင်းအပြည်ပြည်က လေးစားရတဲ့ အဖွဲ့ဖြစ်တော့မှာပါ။ "

ချိုဟန်က ဆေးပညာနှင့် အခြားပညာရပ်မှာ ပါရမီပါသလောက် အမြင်မကျယ်သော ညီလတ်ကို ကြည့်ကာ ရှင်းပြရင်း ဆွဲဆောင်လိုက်သည်။ အနာဂါတ် ဝင်္ကပါမြိုင်ကို တိုးချဲ့ရာတွင် ညီလတ်၏ စွမ်းရည်ကို သုံးဖို့လိုအပ်သေးသည်။ အခြား တပည့်များ ရှိသည်ဆိုပေမယ့် ညီလတ်ကတော့ ဝင်္ကပါမြိုင်၏ ပညာများကို အဖွားးတော်ထံမှ လက်ထက်သင်ပေးခံရသောကြောင့် အပြင်လောကမှ အရမ်းကိုအသုံးဝင်သည်။ ဒီညီနှစ်ယောက်ကို မိမိသာ ရသွားခဲ့လျှင် တောင်မြောက်တိုင်းပြည်များကို အလွယ်လေး သြဇာလွှမ်းမိုးလို့ရမှာ သေချာသည်။


"နောင်တော် ဘယ်လိုလုပ်ပြီး ဒီလိုကြံစည်ရဲရတာလဲ။ အဖွားတော်သိရင် စိတ်ဆိုးမှာ  "

ချိုနန်က စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။

" အဖွားတော် စိတ်ဆိုးလည်း ခဏပေါ့ကွာ။ ဝင်္ကပါမြိုင် အင်အားကြီးလာတာ တွေ့ရင် စိတ်ပြေသွားမှာပါ။ ကဲ... နောင်တော် အဖွားတော်ကို ခေါင်းဆောင်တံဆိပ်ပြားလွှဲပေးဖို့ သွားပြောလိုက်ဦးမယ်။ "

" အဖွားတော်က လက်ခံမှာ မဟုတ်ဘူး နောင်တော်... ပြီးတော့ ညီလေး ချိုစန်းလည်း နောင်တော့် အကြံကို တားလိမ့်မယ် "

" ချိုစန်းလား... သူ့ကို အရင်ပြောတာ။ သူက စကားနားမထောင်လို့ နောင်တော် သူ့ကို ဖမ်းချုပ်ထားပြီးသားပါ။ ချိုနန် ... မင်းက ဉာဏ်ကောင်းတဲ့သူပါ။ အခုချိန် ဘယ်သူ့ဘက်ပါရမယ်ဆိုတာ မင်း ကောင်းကောင်းသိပါတယ်။ တကယ်လို့ မင်း နောင်တော့်ကို ဆန့်ကျင်တယ်ဆိုရင် မင်း လက်ထပ်ထားတဲ့ တိုလုအီက ဝင်္ကပါမြိုင်က လက်ရွေးစင်တွေ လက်ချက်နဲ့ အသက်ထွက်သွားနိုင်တယ်နော်။ "

ချိုဟန်က ရယ်ရင်း အညှာကိုင်ကို ခြိမ်းခြောက်လိုက်သည်။ ညီလတ်ကို ရလျှင် ညီငယ်လည်း အလိုလို မိမိလက်အောက်ကို ပါလာလိမ့်မည်။

" နောင်တော်က ကျွန်တော်နဲ့ ချိုစန်းကို ဖမ်းထားတယ်။ ပြီးတော့ အဖွားတော်ထဲက ခေါင်းဆောင်တံဆိပ်ပြားကို အတင်း လွှဲပေးခိုင်းတော့မယ်ပေါ့ ဟုတ်လား "

ချိုနန်က နောင်တော်၏ လုပ်ရပ်ကို မယုံကြည်ဟန်ဖြင့် ထပ်မေးလိုက်သည်။

"  စောလွှဲခိုင်းရုံပါကွာ။ အဟုတ်လည်း ဝင်္ကပါမြိုင်က နောင်တော့်လက်ထဲ ရောက်မှာပဲလေ.... ကဲ ... အေးဆေး နားနေဦး။ ပြီးမှ နောင်တော် မင်းကို လူလွှတ်ခေါ်ခိုင်းလိုက်မယ်။"

ချိုဟန်က ကျေနပ်စွာပြုံးကာ လှည့်ထွက်သွားခဲ့သည်။ ချိုဟန်ထွက်သွားသည်နှင့် လျှို့ဝှက်ခန်း တံခါး ပွင့်လာပြီး ချိုစန်းနှင့် အဖွားတော် နယောင်း ထွက်လာပြီး ချိုနန်ကို အကြောဖွင့်ပေးလိုက်သည်။

ချိုနန်က အဖွားတော်ကို အရိုသေပေးလိုက်သည်။ နယောင်းက သက်ပြင်းချကာ ချိုနန်နှင့် ချိုစန်းကို ကြည့်ကာ တံဆပ်ပြားပေးကာ အမိန့်ပေးလိုက်သည်။
 
" ချိုဟန်ကို ဖမ်းပြီး အပြစ်ပေးခန်းမကို ခေါ် လာလိုက်။ အဖွဲ့ခွဲမှုးလေးယောက်ကို မင်းတို့ ခေါ်သွားလိုက် "

"ဟုတ်ကဲ့ပါ အဖွားတော်  "

တကယ်တော့ ချိုဟန်က ညီငယ်နှင့် ညီလတ်ကို ထောင်ခြောက်ဆင်ကာ ဖမ်းဆီးလိုက်ပေမယ့် ထိုထောင်ချောက်က သူ စည်းကမ်းချိုးဖောက်ကြောင့် အဖွားတော်ကို သက်သေပြဖို့ ချိုစန်း စီစဉ်ထားသော ထောင်ချောက်ဖြစ်ပေတော့သည်။

ချိုစန်းကို ချိုနန်က တောင်ပိုင်းမှာကတည်းက လျှို့ဝှက်စာပို့ကာ နောင်တော်ကြီးပြန်လာလျှင် သတိထားဖို့ ကြိုတင်မှာကြား ထားပြီးဖြစ်သည်။ တောင်ပိုင်းက တိုင်းပြည်များကြား နောင်တော် ချိုဟန် ဝင်ပါကတည်းက ချိုနန်က နောင်တော် ယွမ်ချူးခန်ဘက်ကို ပါသွားပြီဆိုတာ သိလိုက်သည်။

တကယ်တော့ ချိုနန်က စကားနည်းကာ အေးဆေးပေမယ့် အင်မတန်ကို စေ့စပ်သေချာသူဖြစ်သည်။ နောင်တော် ချိုဟန်၏ စိတ်နေစိတ်ထားနှင့် ရည်မှန်းချက်ကြီးပုံကို အရင်ကတည်းက သတိထားမိခဲ့သည်။ ဒါကြောင့် တောင်ပိုင်းမှာ နောင်တော်၏ ခြေရာလက်ရာများကို တွေ့ကတည်းက ဒီထောင်ခြောက်ကို စီစဉ်ဖို့ ချိုစန်းကို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

အဖွားတော် နယောင်းက ညီအစ်ကိုး သုံးယောက်ထဲမှာ နောင်တော် ချိုဟန်ကို ပိုချစ်ကာ ပိုယုံကြည်သည်။ တကယ်လို့ မိမိတို့ဘက်က သက်သေနှင့် တကွ၊ နောင်တော် ချိုဟန် ပြောသည့်စကားကို အဖွားကြားအောင် မလုပ်နိုင်ရင် မိမိတို့ကို အဖွားတော်က ယုံကြည်မည် မဟုတ်ပေ။

ထို့ကြောင့် တချက်ခုတ် နှစ်ချက်ပြတ်အောင် အဖွားတော်ကိုယ်တိုင် နောင်တော် ချိုဟန် ပြောသည်ကို ကြားရအောင် စီစဉ်ထားခြင်းဖြစ်သည်။ အခုတော့ ဝင်္ကပါမြိုင်က ယွမ်ချူးခန် အသုံးချမည့် ဘေးကနေ ကယ်တင်လိုက်နိုင်လေပြီ။

----------------------

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now