Chapter (21) (Zawgyi+Unicode)

1.2K 149 3
                                    

Chapter (21)  (Zawgyi+Unicode)


ဝူတိုင်းပြည်မှ မင်းသားဂျူဒါအမ်းသည် မယ်တော် နတ်ရွာစံလို့မှ တလမပြည့်ခင် ခမည်းတော်က နောက်ထပ် ကြင်ယာတော်မြှောက်ကာ မိဖုရားခေါင်အသစ် တင်မည်ဆိုသည့် သတင်းကို ကြားသော် မြိုသိပ်ထားသည့် စိတ်တို့ ပေါက်ကွဲလာတော့သည်။ သူက ယွမ်ချူးခန်နှင့် တွေ့ဆုံက လိုရင်းကို တောင်းဆိုလိုက်သည်။


" မင်း ဘာလိုချင်တာလဲ... မင်းလိုချင်တာ အကုန်လုပ်ပေးမယ်။ ဒါပေမယ့် ငါ့ကို တစ်ခုတော့ ပြန်လုပ်ပေး။ ဆူမီရာနဲ့ ကုလန်တို့ အတူနေတာ မမြင်ချင်ဘူး။ သူတို့နှစ်ယောက်ကွဲအောင် မင်းလုပ်ပေးပါ"

" ဆူမီရာ ကို ငါခေါ်သွားပြီးရင် ရွှေပေါ်မြတင်ထားမယ်ဆိုတာ မင်းသိတယ် မဟုတ်လား။ ကုလန်နဲ့နေတာထက် ပိုကောင်းအောင် ငါ ထားမှာ။ မင်း နောင်တ မရဘူးလား"

"  ကုလန်နဲ့ မဟုတ်ပဲ အခြားလူနဲ့ဆိုရင် ဆူမီရာက နတ်ဘုံပေါ်နေရလည်း မပျော်ဘူးဆိုတာ ငါ သိတယ်။ ဒါကြောင့် မင်း သူ့ကို စိန်စီပြီး ရွှေချ ထားလည်း ဘာမှ မဖြစ်ဘူး။ ကုလန်နဲ့ ဆူမီရာတို့ကို ခွဲပေးမယ်လို့ ငါ့ကို ကတိပေးရင် မင်းလိုချင်တာ အားလုံး ဖြစ်အောင် ငါ လုပ်ပေးမယ်"

" ကောင်းပြီ။ အရင်ဆုံး မင်း ဝူဘုရင်ဖြစ်အောင် အရင်လုပ်ပါ။ ပြီးရင် ငါ မင်းဖြစ်စေချင်တာ အမြန်ဆုံး လုပ်ပေးမယ် "

" ကောင်းပြီ။ "

ဝူမင်းသားသည် ငြိမ်သက်ကာ ရင်ထဲမှ သောကကို ဖော်ပြလေ့မရှိသဖြင့် မယ်တော်ဖြစ်သူ နတ်ရွာစံသွားသည့် ဖြစ်ရပ်က သူ့ကို ဘယ်လောက် နာကျင်စေသည်ကို မင်းကြီးက သတိမထားမိလိုက်ပေ။ မင်းကြီးသည် မိဖုရားခေါင်ကို ချစ်ပေမယ့် အခြားသော မိဖုရားများ၏ ရင်ခွင်ကြားခိုဝင်ပြီး နာကျင်မှုတို့ အတော်လျော့သွားပြီဖြစ်သဖြင့် တော်ဝင်ကြင်ယာတော်ကို မိဖုရားခေါင်အဖြစ် တင်မြှောက်ရန် စိုင်းပြင်းနေတော့သည်။

အိမ်ရှေ့စံ ဝူမင်းသားသည် ခမည်းတော်၏ လုပ်ရပ်ကို တွေ့သော် အေးစက်စက်ဖြင့် တချက်ပြုံးကာ မိမိတပ်များကို နန်းတော်ကို ချီတက်လာစေရန် အမိန့်ပေးလိုက်တော့သည်။ မယ်တော်ဖြစ်သူ၏ အိမ်တော်က ဝူတိုင်းပြည်၏ စစ်တပ်များကို အုပ်ချုပ်သည့် စစ်သေနာပတိမျိုးရိုးဖြစ်သောကြောင့် သူတို့၏ မြေးဖြစ်သူ ဝူအိမ်ရှေ့စံကို နန်းတင်ရန် နှစ်ခါ မစဉ်းစားတော့ပေ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မိဖုရားခေါင်အဖြစ်တင်မြှောက်မည့် တော်ဝင်ကြင်ယာတော်က အမတ်ချုပ်ကြီး၏ သမီးဖြစ်ပြီး အိမ်ရှေ့စံမင်းသားလေးနှင့် ရွယ်တူ ငယ်ရွယ်သော မိန်းမပျိုလေးတစ်ဦးဖြစ်သည်။ ထိုမိဖုရားခေါင်အသစ်မှ သားလေးမွေးလာလျှင် ဝူမင်းကြီးက လက်ရှိ အိမ်ရှေ့စံကို တနည်းနည်းနှင့် ဖယ်ရှားပြစ်ဖို့ များသည်။ ဒါကြောင့် ဝူမင်းသား၏ အမိန့်ကိုကြားသည်နှင့် ဝူတိုင်းပြည်မှ စစ်တပ်များ နန်းတော်ကို ချီတက်ကာ ဝန်းရံလိုက်တော့သည်။

ဝူနန်းတော်ထဲတွင် မင်းကြီးနှင့် မိဖုရားခေါင်အသစ်တို့ ချစ်ကြည်နူးစွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေပြီး အမတ်ချုပ်ကြီးက မုတ်ဆိတ်မွေးသပ်ပြီး အနာဂါတ် ဝူပြည်ကြီးကို မိမိစိတ်တိုင်းကျ အုပ်ချုပ်ရတော့မည်ကို တွေးကာ ပျော်နေစဉ် အိမ်ရှေ့စံက အခမ်းနားမှ နေမကောင်းဘူးဟု ခွင့်တောင်းကာ ထွက်ခွာသွားတော့သည်။

မိဖုရားခေါင်အသစ်ဖြစ်သူက ထွက်ခွာသွားသည့် အိမ်ရှေ့စံ၏ ကျောပြင်ကို စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ အရင်က အိမ်ရှေ့စံမင်းသားလေး၏ ကြင်ယာတော်ဖြစ်ရန် နောက်က တကောက်ကောက်လိုက်ခဲ့ပေမယ့် ခွေးတစ်ကောင် ကြောင်တမြီးလို အသိမှတ်ပြုမခံရသမျှ ဝူဘုရင်မင်းမြတ်က မိိမိခြေရင်းတွင် ကျရှုံးကာ မိဖုရားခေါင်အဖြစ်ကို ရရှိခဲ့လေပြီ။ နောက်ရက် ဝူအိမ်ရှေ့စံက မိမိကို မယ်တော်ဟု ခေါ်သည်ကို အရသာခံရန် တေးထားစဉ် သက်ကြားအို မင်းကြီးက မိမိလက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

" ဘာတွေစဉ်းစားနေတာလဲ နှမတော်လေးရဲ.. "
" ညကျရင် မောင်တော့်ကို ဘယ်လို ပြုစုပေးရမလဲလို့ တွေးနေတာ... "

မိဖုရားခေါင်လေး၏ အဖြေကြောင့် ဝူမင်းကြီး၏ တကိုယ်လုံး သွေးတိုးနှုန်းမြန်သွားခဲ့သည်။ အမတ်ချုပ်ကြီးက သူ့သမီးကို ဘယ်လိုကောင်းကောင်းပျိုးထောင်ထားသည်ကို သိလိုက်ပြီး ကျေနပ်သွားသည်။ အရင်မိဖုရားခေါင်ကြီးက ထက်မြက်သည့် စစ်သူကြီး အိမ်တော်မှ လာသည့်အပြင် တည်ကြည်လွန်းသည့်အတွက် လင်မယားရယ်သာဖြစ်လာသည်။ မိမိ လိုချင်သည့် အနေထား ပုံစံအတိုင်းပြုစုပေးခြင်းမရှိပေ။ ဝူမိဖုရားခေါင်ကြီး၏ အစွမ်းအစနှင့် ထက်မြက်မှုကြောင့် ဝူပြည်က ပိုမိုတိုးတက်လာပြီး နန်းတွင်းတစ်ခုလုံးကိုလည်း တည်ငြိမ်အောင်ချုပ်ကိုင်ထားနိုင်သဖြင့် မိမိက ဘုရင်လို့သာဆိုသည် အရုပ်သာသာဖြစ်နေရသည်။

မိမိကို ချစ်ကာ ဝူပြည်တိုးတက်အောင် လုပ်ပေးသည့် ကျေးဇူးကြောင့် မိဖုရားခေါင်ကြီးကို မိမိ၏ သွေးသားဆန္ဒကို ဖြည့်ဆည်းဖို့ ဘယ်လိုမှ ပြောမထွက်ဝံ့ပေ။ အခု အမတ်ချုပ်ကြီး၏ သမီးဖြစ်သူက ငယ်ရွယ်သည့်အပြင် အိပ်ယာထက်တွင် မိမိလိုချင်သည့်အတိုင်း မရှက်မကြောက် ပြုစုပေးသဖြင့် ဝူမင်းကြီးတစ်ယောက် အသက်ကြီးမှ နတ်စည်းစိမ်ခံနေရသလိုပင်။ ဒါကြောင့် ဝူမိဖုရားခေါင်ကြီး နတ်ရွာစံပြီး တစ်လပြည့်သည်နှင့် တော်ဝင်ကြင်ယာတော်ကို မိဖုရားခေါင်အသစ် အဖြစ် တင်မြှောက်လိုက်ခြင်းဖြစ်သည်။ သားတော်ဖြစ်သူ၏ ကန့်ကွက်မှု ကိုလည်း မိဖုရားခေါင်ဆိုတာ တိုင်းပြည်၏ မိခင်ဖြစ်သောကြောင့် မရှိမဖြစ်ဟုဆိုပြီး ကန့်ကွက်ချက်ကို ပယ်ချကာ မိဖုရားခေါင် တင်မြှောက်ပွဲ ကို အတင်းစီစဉ်ခဲ့သည်။ သားတော်၏နောက်တွင် သူ့မယ်တော်၏ အိမ်တော်တစ်ခုလုံး သစ္စာခံထားမည်ဟု လုံးဝ ထင်မထားခဲ့မိပေ။

ဘာကြောင့်လဲဆိုတော့ သားတော် အိမ်ရှေ့စံက ငယ်စဉ်ကတည်းက အေးဆေးငြိမ်သက်ကာ မိမိ၏ စကားကို လုံးဝမပယ်ရှားဝံ့သည်ကို အသိဆုံးဖြစ်သည်။ သားကြီးလာရင် အားလည်ဖြစ်နိုင်သလို ကျားလည်း ဖြစ်နိုင်သည်ကို မိမိမေ့လျော့သွားခဲ့သည့်အချက်ကို နန်းတော်ထဲ ဝင်ရောက်စီးနင်းသည့် တပ်တော်ကို မြင်တော့မှ ဝူမင်းကြီး အမှန်တရားကို သိသွားတော့သည်။

ဝူတိုင်းပြည်တွင် မင်းပြောင်းမင်းလွဲဖြစ်သွားခဲ့သည်။ မိဖုရားခေါင်ကြီး သေဆုံးပြီး တစ်လအကြာတွင် မိဖုရားခေါင်အသစ် တင်မြှောက်သည့် မင်းကြီးကို မကျေနပ်သည့် စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး အိမ်ရှေ့စံ မင်းသားကို ဘုရင်အဖြစ် တင်မြှောက်လိုက်သည်။

သက္ကရာဇ် 516 ခုနှစ် သီတင်းကျွတ်လပြည့်ကျော် 5 ရက်နေ့တွင် ဝူတိုင်းပြည်တွင် ဂျူဒါအမ်းဘုရင်သစ် နန်းတက်ခဲ့သည်။ သူနန်းတက်စဉ်တွင် ကြင်ယာတော်များနှင့် ဘိသိက်ခံခြင်းမပြုပဲ တစ်ပါးတည်း ဘိသေနက အခမ်းနားကို ကျင်းပခဲ့သည်။ အကြောင်းပြချက်ကတော့ မယ်တော်နတ်ရွာစံတာ မကြာသေးသည့်အတွက် မိဖုရားခေါင်တင်မြှောက်ခြင်းသည် မလေးစားရာကျသည်ဟု ဆိုပြီး လျံတိုင်းပြည်မှ မင်းသမီး မီဒယ်ကို ကြင်ယာတော်အဆင့်ဖြင့်သာ နန်းတော်ထဲကို ခေါ်ဆောင်လာခဲ့သည်။

--------------------------------

" ကျွန်တော်တို့ ဖွားဖွားကို သွားတွေ့ရအောင်။ ခင်ဗျားနဲ့ကျွန်တော် အကြင်လင်မယားဖြစ်နေပြီဆိုတာ ဖွားဖွားကို တရားဝင်အကြောင်းကြားပြီး အသိမှတ်ပြုခံယူဖို့လိုတယ်။  "

" ကောင်းပြီ။ လောလောဆယ် ငါ့ အာနန်ပြည်ကို ခဏဝင်စရာရှိတယ် "

" ဆူမီရာနဲ့တွေ့ဖို့လား "

" ဟုတ်တယ်။ မင်း မလိုက်ချင်ဘူးဆိုရင် စောင့်နေလို့ရတယ်။"

" ဟင့်အင်း...ကျွန်တော် လိုက်တွေ့ချင်တယ်။ သူက ကျွန်တော်တို့ ဖိုးဖိုးရဲ့ ပညာကို အမွေရထားတဲ့သူဖြစ်လို့ သူနဲ့စကားပြောကြည့် ချင်တယ်။  "

တိုလုအီ မျက်ခုံးပင့်သွားပြီး ချိုနန်ကို စိုက်ကြည့်လိုက်သည်။ ချိုနန်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ်။ ဖိုးဖိုးထန်က ကျွန်တော်တို့ရဲ့ဖိုးဖိုးပါ။ ဖွားဖွားနဲ့ စကားများပြီး မောရကစ်မျိုးနွယ်ရဲ့ပိုင်နက် မဟာမြိုင်က ထွက်သွားပြီး ဇာတ်မြှုပ်နေထိုင်ခဲ့တာ။ အခု ပြင်းထန်တဲ့ အဆိပ်ကို ဖြေနိုင်မှတော့ ဆူမီရာက ဖိုးဖိုးရဲ့ ပညာကို ဆက်ခံရထားတဲ့ တပည့်ဆိုတာ သေချာသွားပြီ။ ဒါကြောင့် သူနဲ့တွေ့ချင်တယ်။ ကျွန်တော့်ကို ခေါ်သွားပေးလို့ရမလား နောင်တော် တိုလုအီ "

" ရပါတယ်။ သွားကြတာပေါ့ "

တိုလုအီနှင့် ချိုနန်သည် အာနန်ပြည်သို့ ခရီးဆက်လာခဲ့ပြီး မကြာခင် နန်းတွင်းထဲကိုရောက်လာခဲ့သည်။ တိုလုအီ၏ ဝင်ခွင့်တံဆိပ်ပြားကိုတွေ့ သည်နှင့် နန်းစောင့်များက အစစ်ဆေးမရှိ ချက်ချင်း ဝင်ခွင့်ပေးလိုသည်။ အာနန်ပြည်ကြီးက အချိန်တိုအတွင်း စည်ကားစွာ တိုးတက်လာသလို နန်းတော်လည်း စနစ်ကျသည့် လုံခြုံရေးအစီမံများဖြင့် လွန်ခဲ့သော ဆယ်နှစ်ကျော်က ခြေသလုံးအိမ်တိုင် လှည့်လည်နေသည့် မျိုးနွယ်စုဟု ထင်ရက်စရာမရှိအောင် စနစ်ကျလှသည်။

"လုံခြုံရေးအစီမံတွေကို နောင်တော် အကြံထပ်ပေးပြီး တိုးမြှင့်ထားတာ မဟုတ်လား။  "

" မင်း ဘယ်လိုသိတာလဲ။  "

" နောင်တော်ရဲ့ လုပ်ကိုင်ဟန်ကို ရင်းနှီးနေလို့ပါ။ လုံခြုံရေးက ပြောစရာမရှိပေမယ့် မြို့တော်ပတ်လည်က အစီမံက လျော့ရဲနေသေးတယ်။ လိုအပ်ချက်ရှိသေးတယ်  "

" မင်းက ဒီအပိုင်းကို နားလည်တာလား။ "

" ဟုတ်ကဲ့။ "

ချိုနန်က ခပ်တိုတိုပဲပြောပြီး နန်းတော်ကို အကဲခတ်နေစဉ် ဆူမီရာ ရောက်လာပြီးနောင်တော် တိုလုအီကို ပြေးဖက်တော့သည်။

" နောင်တော်... ကျွန်တော် ကြားခဲ့ရတဲ့သတင်းတွေက အမှန်လား။ နောင်တော် ယောကျာ်းတစ်ယောက်ကို လက်ထပ်လို့ အိမ်ရှေ့မင်းသား  ရာထူးကို စွန့်လွှတ်လိုက်ရတယ်ဆို... တကယ်လား။ ဘယ်လိုဖြစ်တာလဲ။ "
ဆူမီရာက ချိုနန်ကို သတိမထားမိပဲ စိုးရိမ်ပူပန်စွာဖြင့် နောင်တော် တိုလုအီကို ဆွဲယမ်းပြီး အတင်းမေးနေတော့သည်။

" ချူလူလူကိုရော ဘယ်လိုလုပ်မလဲဟင်။ နောင်တော်ပဲ သူ့ကိုချစ်တယ်ဆို။ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောပြီး အခု အခြားယောကျာ်းတစ်ယောက်ကို လက်ထပ်လိုက်တာ။ ဘယ်လို ရှင်းပြမလဲ။ ဒါ ဘယ်လိုဖြစ်တာလဲ... နောင်တော်က ဒီလို သစ္စာဖောက် တတ်တဲ့လူ မဟုတ်ပါဘူး။ နောင်တော် ဘယ်လိုကြောင့် ခုလို လုပ်ရတာလဲ "

တိုလုအီသည် ဆူမီရာ၏ စကားကြောင့် သက်ပြင်းရှိုက်ကာ တဖက်က စကားရပ်သည် အထိ စောင့်ပြီးမှ ပြောလိုက်သည်။

" ဇာတ်လမ်းက အရှည်ကြီးပဲ မီရာ။ နောင်တော် ချူလူလူကို ကိုယ်တိုင်တွေ့ပြီး တောင်းပန်လိုက်ပါ့မယ်။ နောင်တော် သူ့ကို ကစားတာ မဟုတ်ပဲ တကယ်ချစ်ခဲ့တာပါ။ ဒါပေမယ့် နောင်တော် လွန်ခဲ့တဲ့ငါးနှစ်က အရက်မူးပြီး လူငယ်လေးတစ်ယောက်ကို လွန်ကျူးခဲ့မိတယ်။ ဒါကြောင့် နောင်တော် အဲ့လူငယ်လေးကို ပြန်တွေ့တော့ တာဝန်ယူလိုက်တယ်။  "

ဆူမီရာသည် နောင်တော် တိုလုအီ၏ မျက်ဝန်းထဲမှ စိတ်မချမ်းသာရိပ်ကို တွေ့လိုက်သဖြင့် အပြစ်တင်ချင်သော်လည်း ဆက်မတင်ရပ်တော့ပေ။ နောင်တော့်နောက်နားမှာ ရပ်ပြီး နောင်တော့်ကို ခပ်ငေးငေးလေးကြည့်နေသည့် လူရွယ်တစ်ဦးကို တွေ့သော် နောင်တော် တိုလုအီနှင့် လက်ထပ်လိုက်သည့် လူမှန်းသိကာ အားနာသွားသည်။ ချူလူလူကို ချစ်သည်ပြောပြီး အခြားလူကိုလက်ထပ်သဖြင့် စိတ်ဆိုးတာ သတ်သတ်၊ မိမိစကားကြောင့် နောင်တော် တိုလုအီနှင့် လက်ထပ်ထားသည့်သူ စိတ်မချမ်းမသာဖြစ်အောင် လုပ်မိသည်က သတ်သတ်ဖြစ်သောကြောင့် ဆူမီရာက သူ့ကို အရိုသေပေးကာ တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော်က သူငယ်ချင်းအတွက် မွှန်ပြီး ရှေ့နောက် မကြည့်ပြောလိုက်မိတယ်။ နောင်တော်တို့ အိမ်ထောင်ရေးကို အဖုထစ်ဖြစ်စေရင် တောင်းပန်ပါတယ် "

ချိုနန်သည် မိမိကို တချက်ကြည့်ကာ အားနာစွာ အရိုပေးပြီး တောင်းပန်နေသည့် စိတ်ထားနူးညံ့သည့် လူငယ်လေးကို ကြည့်ကာ မိမိ ညီအစ်ကို နှစ်ဦးလုံး ရူးမတတ်ချစ်သည်ဆိုလည်း ချစ်ထိုက်သည်ဟု တွေးလိုက်မိသည်။ ချိုနန်က အသာပြုံးကာ ပြန်ဖြေလိုက်သည်။

" ရပါတယ်။ ကျွန်တော်က နောင်တော်တိုလုအီ အကြောင်းကို အားလုံးသိလျက်နဲ့ အတင်းအကျပ် လက်ထပ်ခဲ့တာပါ။ ကျွန်တော်က ချိုနန်ပါ။ နောင်တော် ကုလန်ရဲ့ ညီဝမ်းကွဲတော်ပါတယ်။ "

ဆူမီရာက မျက်လုံးဝိုင်းသွားပြီး နောင်တော် ချိုနန်၏လက်ကို ချက်ချင်း ဆုပ်ကိုင်ပြီး လှုပ်ယမ်းကာ မေးလိုက်သည်။

" နောင်တော် ကုလန်ရဲ့ညီဝမ်းကွဲလား။ ဒါဆို နောင်တော်က ဝင်္ကပါမြိုင်ကပေါ့။ "

" ဟုတ်ပါတယ် "

" ကောင်းလိုက်တာ။ ဒါဆို နောင်တော်တို့က နောင်တော် ကုလန်ကို မတွေ့ရသေးဘူးပေါ့... နောင်တော် ကုလန်က ဝင်္ကပါမြိုင်ကို သွားတယ်။ "

" မတွေ့ရသေးဘူး။ ကိုယ်တို့က နန်ကျောင်ဘက်ကနေ လုတိုင်းပြည်ကို တိုက်ရိုက်ဆင်းလာခဲ့တာ။  "

ချိုနန်၏ စကားကို တိုလုအီက ဖြတ်မေးလိုက်သည်။

" ဆူမီရာ..နောင်တော် ကုလန်က မြောက်ပိုင်းကို သွားတာ ဝင်္ကပါမြိုင်နဲ့ပတ်သတ်လို့လား... "

" ဟုတ်တယ် နောင်တော်... နောင်တော် ကုလန်တောင် ပြန်လာတော့မယ် ပြောတယ်။ အတော်ပဲ။ နောင်တော် ချိုနန်လည်း နောင်တော် ကုလန်ကို တခါတည်းတွေ့ဖို့ စောင့်သွားလိုက်ပေါ့ "

တိုလုအီသည် လမ်းတွင်ကြားခဲ့ရသည့်သတင်းကို ဆူမီရာကို ပြောပြလိုက်သည်။

" မီရာ ဝူပြည်မှ ဂျူဒါအမ်းက ဘုရင်ဖြစ်သွားပြီ။  "

" ဟင်...နောင်တော်ရဲ့ ခမည်းတော်က ဘာဖြစ်သွားလို့လဲ.. "

" သူ့မယ်တော်ဘက်က ဦးရီးတော်တွေက နန်းသိမ်းပြီး ဂျူဒါအမ်းကို နန်းတင်လိုက်တယ်။  "

" ဟုတ်လား။ သူတို့နန်းတွင်းရေးကို ငြိမ်တယ်လို့ ကျွန်တော်ထင်ထားတာ။ ဟီဒယ်တို့ သတင်းလည်း ဘာမှ မကြားရသေးဘူး။ နောင်တော် ဘာကြားသေးလဲ။  "

" ထန်လိုခိ ကိုယ်တိုင်ပါနေတာပဲ။ ဟီဒယ် ဘေးကင်းမှာပါ။ ကဲ နောင်တော်တို့ ခရီးပန်းပြီး ဆာလာပြီ။ မီရာ နောင်တော်တို့ကို ဘာမှ မကျွေးတော့ဘူးလား "

ဆူမီရာက ထိုအခါမှ မိမိစိတ်လောကာ စကားပြောနေပြီး ဧည့်ဝတ်မကျေပွန်သည်ကို သိကာ အပြေးအလွှား စားစရာပြင်ဆင်ခိုင်းလိုက်သည်။

========================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now