Chapter (32) - ဝူပြည်နှင့် ထန်ပြည် တိုက်ပွဲ/ဝူပြည်နှင့် ထန်ပြည် တိုက်ပွဲ

1.4K 192 10
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2)

Chapter (32) -  ဝူပြည်နှင့် ထန်ပြည် တိုက်ပွဲ

"ဘာပြောတယ်... အချုပ်နှောင်ခံထားရတဲ့ မိဖုရားခေါင်ကြီး မီဒယ်ကို တထန်ပြည်ကို ပြန်လည်ပို့ဆောင်ရမယ် ဟုတ်လား။ ပြန်လည် မပို့ဆောင်ရင် တထန်ပြည်က စစ်ချီလာမယ်တဲ့လား.... တောက်... အတင့်ရဲလိုက်လေ..."

ဝူဘုရင်မင်းမြတ် ဂျူဒါအမ်းက သဝဏ်လွှာကို ပစ်ပေါက်ကာ မေးလိုက်သည်။ ညီလာခံတစ်ခုလုံး မင်းကြီး၏ ဒေါသကြောင့် တုတ်တုတ်မှ မလှုပ်ရဲကြတော့ပေ။ မင်းကြီး မယ်တော်ကြီး နတ်ရွာစံ ပြီးကတည်းက အမူယာခက်ထန်ကာ ရက်စက်ကြမ်းကြုတ်လာခဲ့ သဖြင့် ညီလာခံတွင် မင်းကြီး ဒေါသထွက်ချိန် မည်သူမှ ဘာမှ မပြောရဲကြပေ။

"မင်းတို့ တထန်ပြည်က သိပ်ကို ကြီးမြတ်နေတယ်များ ထင်နေတာလား။ လာကြစမ်း။ အတင့်ရဲ မိုက်ရိုင်းလှတဲ့ တထန်ပြည်ကို ပညာပေးတဲ့အနေနဲ့ ဒီသံတမန်ကို ခေါင်းဖြတ်ပြီး သူတို့ တိုင်းပြည်ကို ပြန်ပို့စေ..."

"အရှင်မင်းကြီး မသင့်တော်ကြောင်းပါ..."
"အရှင်မင်းကြီး ဆင်ခြင်တော်မူပါဘုရား"
"အရှင်မင်းကြီး သံတမန်ကို မသတ်ဖြတ်သင့်ပါဘူး"

တိတ်ဆိတ်နေသည့် ညီလာခံတစ်ခုလုံးက အမတ်တွေက ကြောက်လန့်တကြားဖြင့် မင်းကြီးကို ဒူးထောက်တောင်းပန်ကာ ကန့်ကွက်စကား ဆိုကြသည်။

ထိုစကားကို ကြားသော် ဂျူးဒါအမ်း၏ ဒေါသ ပိုကြီးလာပြီး ဘေးက ကိုယ်ရံတော်၏ ဓါးကို ဆွဲယူကာ သံတမန်ကို လှမ်းပေါက်လိုက်တော့သည်။

"ဒုတ်..."

သံတမန်က ဝူဘုရင်၏ အပြောဆို အမူယာကြောင့် သတိနှင့်နေရာမှ မိမိထံ ဓါးရှည်လွင့်ပျံလာတော့ ချက်ချင်းရှောင်လိုက်သည်။

"သံတမန်ကို သတ်ဖြတ်တာက တထန်ပြည်ကို စစ်ကြေငြာတဲ့ သဘောပါပဲ။ ကျွန်တော်မျိုးတို့ မင်းကြီးကို ဒီအကြောင်းကို ပြန်လည်လျှောက်တင်လိုက်ပါ့မယ်  "

သံတမန်က ချက်ချင်း ညီလာခံမှ ထွက်ပြေးသွားတော့ ဂျူဒါအမ်းက အမိန့်ပေးလိုက်သည်။

"တထန်ပြည်က သူလျှိုကို ချက်ချင်း ခေါင်းဖြတ်စေ..."

စစ်သည်တော်များက လိုက်ဖမ်းကြပေမယ့် ထို သံတမန်က မထင်မှတ်အောင် တိုက်ရည်ခိုက်ရည်ကောင်းသည့်အပြင် နန်းတော်အပြင်ဘက်တွင် အသင့်စောင့်နေသည့် တထန်စစ်သည်တော်များနှင့် အတူ ဝူတိုင်းပြည်က စစ်သည်တော်များကို တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

"အခုက စပြီး ဝူပြည်တစ်ပြည်လုံး စစ်အင်အားကို အသင့်ပြင်ဆင်ကြတော့။ တထန်ပြည်ကို တိုက်ခိုက်ပြီး ဝူပြည်ရဲ့ အစွမ်းကို ပြသရမယ်"

ဝူနိုင်ငံတစ်ခုလုံး အိမ်တိုင်းမှ လူငယ်များ စစ်ထဲဝင်ရမည်ဆိုသည့် အမိန့်ထွက်လာပြီး မနာခံသူများကို တစ်မိသားစုလုံး ဖမ်းဆီးကာ ထောင်ချမည်ဆိုသည့် အမိန့်ကြောင့် တိုင်းပြည်တစ်ခုလုံး ကျွတ်ကျွတ်ညံသွားကြသည်။ ဒါပေမယ့် အမိန့်ကို ဖီဆန်သည့် အိမ်ထောင်စု တချို့ကို အပြစ်ပေးပြီးနောက် အချိန်တိုအတွင်း ဝူပြည်တွင် အင်အားတောင့်တင်းသော စစ်အင်အားတို့ ပေါ်ထွန်းလာတော့သည်။

"တထန်ပြည်ကို ချေမှုန်းပြီးရင် ဆူမီရာရဲ့တိုင်းပြည်ကို ချီတက်ရမယ်။ သူ့ကြောင့် မယ်တော် မသေသင့်ပဲ သေခဲ့ရတယ်။ ငွေတောင်ပြည်ကို လုံးဝ တိုက်ခိုက်ဖျက်စီးပစ်မယ်။ ဒါမှ နတ်ပြည်နတ်ရွာက မယ်တော်လည်း စိတ်ကျေနပ်လိမ့်မယ်"

"မင်းကြီး ရဲ့ အမိန့်တော်အတိုင်းဖြစ်ရစေပါ့မယ် ဘုရား..."

စစ်သေနာပတိချုပ်ကြီးက မင်းကြီး၏ အမိန့်ကို ထောက်ခံလိုက်သည်။ ထိုစကားကြောင့် ဂျူဒါအမ်း ကျေနပ်သွားခဲ့သည်။ ထို့နောက် မီဒယ်၏ အဆောင်ကို ကြွချီလာပြီး တထန်ပြည်နှင့် စစ်ဖြစ်တော့မည်ကို ပြောလိုက်သည်။

"အရှင်မင်းကြီး... တထန်ပြည်ကို ဘာကြောင့် စစ်ချီရတာလဲ။ ဒါဆိုရင် ဝူပြည် အထိနာလိမ့်မယ်"

မီဒယ်သည် မိမိကို အကျဉ်းချထားသည်ကို စိတ်မနာနိုင်ပဲ အစ်ကိုတော် ထန်လိုခိတို့၏ လေ့ကျင့်သားပြည့်ဝသည့် တထန်စစ်တပ်နှင့် ရင်ဆိုင်မိလျှင် ဝူပြည်မှ လူများ သေကြေကုန်မည်ကို စိုးရိမ်ကာ အလျင်မြန်လျှောက်တင်လိုက်မိသည်။

"ဖြန်း...."

"မိန်းမယုတ်... မင်းမှာ ဘာအခွင့်ရှိလို့ ငါ ကိုယ်တော်ရဲ့ စိတ်ကူးကို မေးခွန်းထုတ်ရဲ့တာလဲ။ မင်း အထင်ကြီးနေတဲ့ တထန်ပြည်က ငါ လက်တချက်ယမ်းတာနဲ့ အဆိပ်ယမ်းငွေ့ကြား အားလုံး သေကုန်မယ်ဆိုတာ မင်း မသိပဲ ဘာကို ဝင်ပြောနေရတာလဲ။ ငါ့တိုင်းပြည်က သေးငယ်ပြီး အေးအေးချမ်းချမ်းနေခဲ့ပေမယ့် အဆိပ်ပြင်းတယ်ဆိုတာ မကြာခင် လူတွေ အားလုံး သိလာစေရမယ်။"

မီဒယ်သည် ဂျူဒါအမ်း၏ ပါးရိုက်ချက်ကြောင့် ကြမ်းပေါ်လဲကျကာ မူးဝေသွားသည့် ကြားက ထိုစကားကို ကြားသော် အမြန် တွားသွားကာ ဂျူဒါအမ်၏ ခြေအစုံကို သိုင်းဖက်ကာ တောင်းပန်လိုက်သည်။

"အရှင်... အရှင်က အဆိပ်ကို သုံးပြီး တထန်ပြည်ကို တိုက်ခိုက်တော့မလို့လား။ မလုပ်ပါနဲ့။ အရှင် မကျေနပ်ရင် ကျွန်မကိုပဲ သတ်လိုက်ပါတော့။ ကျွန်မ အသက်ကို ရရင် ကျေနပ်ပါတော့  "

ဂျူဒါအမ်းက သူ့ခြေထောက်ကို ဖက်ထားသည့် မီဒယ်၏ လက်ထဲမှ ရုန်းထွက်ကာ မုန်းတီးစွာပြောလိုက်သည်။

"မင်းရဲ့ အသက်က ဘယ်လောက်တန်ဖိုးရှိလို့လဲ။ ငါ့မယ်တော်ရဲ့ အသက်ကို ရဖို့ မင်းတို့ နဲ့ ဆွေမျိုးတော်စပ်တဲ့ တိုင်းပြည်ကို ဖျက်စီး ရမှာ ငါကျေနပ်နိုင်မယ်ကွ"

မီဒယ်သည် ဂျူဒါအမ်း၏ ခက်ထန်သော အမူယာကို ကြည့်ကာ မိမိ နှင့် လက်ထပ်ခဲ့သော နူးညံ့သိမ်မွေ့သည့် ယဉ်ကျေးကာ သနားတတ်သော ဂျူဒါအမ်း မဖြစ်နိုင်ဟု ထင်လာမိသည်။

အခု ဂျူဒါအမ်း၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် လူသတ်လိုရိပ်တို့ပြည့်နေသည့်ပြီး အပြောအဆိုက ရိုင်းစိုင်းကြမ်းတမ်းလှသည်။

"ရှင်... ရှင်က  ဘယ်သူလဲ။ ကျွန်မရဲ့ ခင်ပွန်း ဂျူဒါအမ်း အစစ်က ဘယ်မှာလဲ..."

ဂျူဒါအမ်းက ထိုစကားကို ကြားသော် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး မီဒယ်၏ မျက်နှာကို ပင့်မကာ အေးစက်စွာ ပြောလိုက်သည်။

"ငါက ဂျူဒါအမ်းပဲ။ တထန်တပ်ကို ဖြိုခွင်းပြီးရင် ထန်လိုခိကို ငါကိုယ်တိုင်သတ်မယ်။ ပြီးရင် မင်းကိုလည်း တမလွန်မှာ မယ်တော်နဲ့ အဖော်ပြုခိုင်းမယ်။ အခုတော့ အချိန် ခဏ အသက်ရှင်လိုက်ဦးပေါ့..."

ဂျူဒါအမ်းက ပြောပြီး မီဒယ်ကို မုန်းတီးစွာဖြင့် လွှတ်ချကာ မိဖုရားခေါင် အဆောင်မှ ထွက်လာခဲ့သည်။ မီဒယ်သည် မင်းကြီးကြောင့် ကြောက်ရွံ့ကာ ကျန်ရစ်ခဲ့သည်။

"အစ်မတော်.. အစ်မတော် ဟီဒယ်.. ညီမကို ကယ်ပါဦး "

မီဒယ်က အားကိုးတကြီးနှင့် အစ်မတော်ကို တမ်းတကာ ငိုကြွေးလိုက်တော့သည်။

---------------------------------------

ထန်လိုခိသည် မိမိတို့ ဆီပြန်ရောက်လာသည့် သံတမန်အဖြစ် သွားရောက်သည့် လက်ရွေးစင်စစ်သည်တော်၏ စကားအရ မျက်မှောင်ကြုတ်လိုက်သည်။။

"ဂျူဒါအမ်းက စိတ်ကြမ်းတမ်းနေတယ်။ ဒါက သူ့ပုံစံ မဟုတ်ဘူး အစ်ကိုတော်။ သူ အဆိပ်ဆေးတမျိုးမိနေပုံရတယ်"

ဟီဒယ်က မှတ်ချက်ချလိုက်သည်။ ထန်လိုခိက ခေါင်းငြိမ့် လိုက်ပေမယ့် စိုးရိမ်နေသည့် အချက်ကိုပြောလိုက်သည်။

"သူ ဘယ်အတိုင်းတာအထိ ဆေးရဲ့လွှမ်းမိုးတာကို ခံနေရပြီလဲ ဆိုတာ ကိုယ်တို့ မသိဘူး။ ဒီအကြောင်း ဆူမီရာကို မေးရအောင်လည်း မီရာက ယွမ်ချူးခန် လက်ထဲရောက်နေတယ်။ နောင်တော် ကုလန်ကိုပဲ မေးလိုက်တာပေါ့။ အခုတော့ ကိုယ်တို့ စစ်တပ်ကို သေချာသတိပေးရမယ်။ ဝူပြည်ဘက်က အဆိပ်ကို သုံးလောက်တယ်။"

ဟီဒယ်က ထိုစကားကို ကြားတော့ စိတ်တင်းကြပ်လာခဲ့သည်။

"ဂျူဒါအမ်းက ဘယ်လိုလုပ်ပြီး ခုလို ထိန်းချုပ်ခံလိုက်ရတာလဲ"

" ဝူမိဖုရားခေါင်ကြီး အဆိပ်မိကတည်းက သူလည်း ထိန်းချုပ်ခံ လိုက်ရပုံပေါ်တယ်။ ဒါကြောင့် နောက်ပိုင်း သူ့လုပ်ရပ်တွေက အလွန်အကျူးတွေဖြစ်လာတာ။ အခုဆိုရင် သူ့တိုင်းသူပြည်သား တွေ ကိုတောင် ထည့်မတွက်တော့ဘူး။ အတင်းအကျပ် စစ်ထဲ ဝင်ခိုင်းနေတယ် "

ဟီဒယ်က ထန်လိုခိကို စိုးရိမ်စွာကြည့်လိုက်သည်။

"ဒီစစ်ပွဲက ရှောင်လွဲလို့မရတော့ဘူးလား အစ်ကိုတော်.."

"မရနိုင်တော့ဘူး။ ကိုယ်တို့ အမြန်ဆုံး စစ်ကို အနိုင်တိုက်နိုင်မှ အသေအကြေနည်းလိမ့်မယ်။ "

"ဒီကာလထဲ မီဒယ်ကို ကယ်ဖို့လုပ်ရမယ် အစ်ကိုတော်... တကယ်လို့ စစ်ရှုံးတယ်ကြားရင် သူက မီဒယ်ကို ချက်ချင်း သတ်ပစ်နိုင်တယ်"

"ဟုတ်တယ်။ ကိုယ် မီဒယ်ကို ကယ်တင်ဖို့ လက်ရွေးစင်တစ်ဖွဲ့ ကိုလွှတ်လိုက်မယ်။ အရမ်းစိတ်မပူပါနဲ့။ သူတို့ က အဆိပ်သုံးတယ်ဆိုလည်း နောင်တော်ကုလန်ဆီက အဆိပ်ဖြေဆေး လှမ်းတောင်းကြတာပေါ့။"

ဟီဒယ်သည် ခုနောက်ပိုင်း အခြေနေတွေ ပြောင်းလဲပုံမြန်ဆန်လွန်း သောကြောင့် ယွမ်ချူးခန်၏ အကြံစည်ကို စေ့စပ်စွာ တွေးနေသည်။ မီရာက ယွမ်ချူးခန်ကို ဖြောင့်ဖျလို့မရသည့် အပိုင်းကို ရောက်သွားပြီလားဟု တွေးကာ ငြိမ်နေမိသည်။

ထန်လိုခိသည် နောင်တော်ကုလန်ဆီက ပြန်လာသည့် စာနှင့် အတူ ပေးပို့လိုက်သည့် အဆိပ်ဖြေဆေးဖော်စပ်နည်းနှင့် ကြိုတင်ပြင် ဆင်ရမည့် အချက်ကို သေချာစစ်တပ်ကို ညွှန်ကြားလိုက်သည်။

မကြာခင်မှာ တထန်ပြည်၏ စစ်တပ်အားလုံးက လိုအပ်သည့် ပြင်ဆင်မှုအားလုံးလုပ်ပြီးသည်နှင့် ဝူပြည်ကို စတင်ချီတက် သွားတော့သည်။

ဟီဒယ်သည် အစ်ကိုတော် ထန်လိုခိ စစ်တပ်ကို ဦးဆောင်ပြီး ထွက်သွားသည်ကို မြို့ရိုးပေါ်မှ ငေးကြည့်ကာ ကျန်နေရစ်ပြီး မကြာခင် ဆက်လက်လာမည့် သွေးချောင်းစီးတိုက်ပွဲကို တွေးပြီး သက်ပြင်းရှိုက်လိုက်မိသည်။

==============================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Where stories live. Discover now