Zawgyi Version
"ကျွန်မ သဘောတူလိုက်လို့လား?"
မုရုံချီချီက မျက်ခုံးတဖက်ကို ပင့်လိုက်သည်။
"ရှင့်ရဲ့ ဘယ်နားတဖက်ကများ ရှင့်ကို ဝမ်ဖူအိမ်တံခါးပေါက်ကနေ ဝင်လာဖို့ ကျွန်မ ပြောတာ ကြားမိတာတုန်း?ဟမ်?"
"ကျွန်မတို့ မကြားမိပါဘူး! သခင်မလေး အဲ့လို မပြောပါဘူး!"
စုမိန်နှင့် စုယွဲ့တို့သည် ခေါင်းကို လျင်မြန်စွာ ခါရမ်းလိုက်ကာ ပူးပေါင်းဆောင်ရွက်ကြသည်။
"အိမ်ရှေ့စံမင်းသမီး၊ မင်းသမီးတို့ရော ကြားလိုက်လား?"
မုရုံချီချီက ယွီရှစ်ရှစ်နှင့် ဝမ်ရမ်ပေါင်ကျူးတို့အား ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အမှန်ပင် မုယွီတိုက်ကို ကူညီလိုသော်လည်း အစမှ အဆုံးထိ မုရုံချီချီက ခေါင်းလည်း မညိတ်သလို လက်ခံသည်ဟုလည်း မပြောပေ။ နှစ်ယောက်သား ခေါင်းခါလိုက်ကြသည်။
ဒီအချက်တွင် မုယွီတိုက်မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားသည်။ သူမ ဘာကို ဆိုလိုတာလဲ? စောစောက သူမ ပြောခဲ့တဲ့စကားတွေ ခင်ပွန်းကို မျှဝေပေးမယ်လို့ အဓိပ္ပာယ်မသက်ရောက်ဘူးလား? အဓိပ္ပာယ်က တော်တော်သိသာနေတာကို ဘာကြောင့် မုရုံချီချီက သူမစကားကို ပြန်ရုတ်သိမ်းရတာလဲ?
"ရှင် ဘာကိုဆိုလိုတာလဲ?"
မုယွီတိုက်သည် နှုတ်မှ လွှတ်ခနဲ့ ထွက်လာသည်။
မုယွီတိုက် အရမ်းဒေါသဖြစ်နေတာ မြင်သောအခါ မုရုံချီချီက တခစ်ခစ်ရယ်မောလိုက်သည်။
"မုသခင်မလေး ကျွန်မ ဘာကိုဆိုလိုတယ်ဆိုတာ နားမလည်ဘူးလား? ကျွန်မတို့ဝမ်ရယ်မှာ သူ့ရဲ့ တစ်ဦးတည်းသော ဇနီးအဖြစ် ကျွန်မတယောက်တည်းကပဲ ရှိနေလိမ့်မယ်။ လက်မထပ်ခင်ကလည်း ဒီလိုပဲ ရှိနေပြီး လက်ထပ်ပြီးရင်လည်း ဒီလိုပဲ ရှိနေလိမ့်မယ်။ မုသခင်မလေးရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးအခေါ်အတွက်တော့ ကောင်းကောင်းနားထောင်ပေးပြီး ဆိုလိုရင်းကို ခေါင်းထဲထည့်ထားပေးပါ။ ကျွန်မတို့ ဝမ်ရယ်ကို ကပ်ဖို့ စိတ်အားထက်သန်နေတဲ့ အမျိုးသမီးတိုင်းကိုသာ ကျွန်မ သဘောတူရရင် သူတို့နဲ့ ဒီမြို့တော်က ဆန့်မှာ မဟုတ်ပါဘူး!"