Zawgyi
ဒီတခါတော့ ဖုန်းချန်က တည်ငြိမ်တဲ့အမူအယာကို ပြောင်းလဲသွားတယ်။ သူ့ရဲ့ ဖီးနစ်မျက်လုံးထဲမှာ ရယ်မြူးရိပ်တွေ သန်းနေတယ်။ သူ့ကိုယ်ပေါ်က နှင်းဖြူရောင်သားမွှေးကို ဆွဲချွတ်လိုက်တယ်။ ပြီးတော့ သူဟာ အပေါ်ဝတ်ရုံကို ချွတ်လိုက်လိုက်ပြီး အတွင်းထဲက အဖြူရောင်ကို ပေါ်လာစေတယ်။ သူက အတွင်းဝတ်အင်္ကျီကို ချွတ်လုနီးပါးမှာပဲ မုရုံချီချီက အရမ်းကို ထိတ်လန့်သွားပြီး ဖုန်းချန်လက်ကို ဆုပ်ကိုင်ထားတော့တယ်။
"ဝမ်ရယ်.... ကျွန်မက စနေတာပါ... တကယ်ပါ"
"မရတော့ဘူး... ကိုယ်သာ ချင်းချင်းကို ပေးမပြမိရင် ချင်းချင်းစိတ်ထဲမှာ တရားမမျှတဘူးလို့ပဲ ထင်နေလိမ့်မယ်... ဒါ့အပြင် ကိုယ်က ချင်းချင်းကို ကြည့်ပြီးသွားပြီ... အခုတော့ ကိုယ်က ချင်းချင်းကို ကြည့်စေလှည့်ပဲ... ကိုယ့်အနေနဲ့ ယဉ်ကျေးမှုကို ယဉ်ကျေးမှုနဲ့ပဲ တုန့်ပြန်ပေးသင့်တယ်"
"မလိုပါဘူးဆိုမှ...."
မုရုံချီချီက သူမခေါင်းကို ခါလိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်တယ်။ ဒီအခေါက်တော့ ပျော်စရာလည်း အဝေးထွက်ပြေးသွားပြီ။ စုယွဲ့နဲ့ တခြားသူတွေသာ ဖုန်းချန်ရဲ့ အဝတ်ဖရိုဖရဲပုံကို မြင်ရရင် သူတို့နှစ်ယောက် လှည်းထဲမှာ တခုခုလုပ်နေကြတယ်လို့ သူတို့ ထင်တော့မှာပဲ။ နောက်ပြီး သူမပဲ သေလောက်အောင် အရှက်ရတော့မှာမလား...။
"တကယ်... မလိုအပ်ဘူးလား?"
မုရုံချီချီရဲ့ သွေးနီရောင်မျက်နှာ၊ လည်တိုင်နီနီနဲ့ ရှက်ရွံမှုတွေ ပြည့်သိပ့်နေတဲ့ မျက်ဝန်းလှလှတစုံကို ကြည့်ရင်း ဖုန်းချန်က အပြုံးမမည်တဲ့ အပြုံးတခုကို ပြုံးလိုက်တယ်။
"မလိုဘူး!"
'....'
ခန်းဆီးက ဖွင့်ဟသွားပြီး ဝမ်ရမ်ခန်ရဲ့ မျက်နှာချောချော ထွက်ပေါ်လာတယ်။
"ဝမ်းကွဲမရီးတော်က ဘာတွေ မလိုချင်နေတာလဲ?"
သူ့ရှေ့က မြင်ကွင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်သွားသောအခါ ဝမ်ရမ်ခန်ဟာ ကြက်သေသေသွားတယ်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာ တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ ဖုန်းချန်ကို လက်ညိုးထိုးလိုက်တယ်။