Zawgyi Version
"သူမလား? သူမက ဘာလို့ သေရမှာလဲ? သေသွားတဲ့သူက သူမရဲ့ အစေခံချိုင်ဟွာပဲ! ချိုင်ဟွာက ဓားစားခံဖြစ်သွားတာ! မင်ယွဲ့က ကောင်းမွန်တဲ့ ကံတရားနဲ့ ကြီးမားတဲ့ ကောင်းချီး ရှိတယ်။ သူမက ဘယ်လိုလုပ် သေလိမ့်မလဲ? "
လီချိုးရွှေက ပြောရင်းဖြင့် သူမအကြည့်က ဝမ်ရမ်လဲ့ဆီ ရောက်လာတော့ ဝမ်ရမ်လဲ့မှာ ထိတ်လန့်သွားသည်။ ဒီမိန်းမက အရူးပဲ! အရင်တုန်းက ဖြစ်ပျက်သမျှ အကုန်လုံးကို ထုတ်ပြတော့မလို့လား? မရဘူး! သူမကို ပြောစေလို့ မဖြစ်ဘူး!
"မင်ယွဲ့က မသေဘူးပေါ့? ဒါဆို သူမက ဘယ်မှာလဲ?"
ထိုစကားကို ပြောသောအခါ တုန်ဖန်လန်က ထရပ်လိုက်သည်။ သူမသမီး မသေဘူးတဲ့လား? သူမ သမီး မသေဘူးတဲ့!
"ဘာကြောင့် ကျွန်မ ရှင့်ကို ပြောဖို့ လိုအပ်မှာလဲ? ကျွန်မ မပျော်နိုင်ဘူးဆိုမှတော့ ရှင်တို့အားလုံးကို မပျော်စေရုံပဲ! ဒါ့အပြင် ရှင်တို့ရဲ့ ဘယ်နားကများ သူမ အသက်ရှင်နေသေးတယ်လို့ ကျွန်မ ပြောတာ ကြားလိုက်ရလို့လဲ? သူမကို မွေးတုန်းက မင်ယွဲ့မသေသေးဘူးလို့ပဲ ကျွန်မ ပြောတာလေ! အဲ့ဒါပြီးတော့ ဘာဖြစ်သွားလဲဆိုတာ ကျွန်မ ဘယ်လိုလုပ် သိမှာလဲ?"
"မင်း ငါ့ရဲ့မင်ယွဲ့ကို ဘာလုပ်လိုက်တာလဲ?"
တုန်ဖန်လန်က လီချိုးရွှေမျက်လုံးထဲမှ အမုန်းတရားများကို ရှင်းလင်းစွာ မြင်နိုင်သည်။ လွန်ခဲ့သည့် ဆယ့်ငါးနှစ်က ယန်တန်းတောင်ပေါ်မှ တိုက်ပွဲ အပါအဝင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လီချိုးရွှေလုပ်သည်ဟု သူမ ယူဆလိုက်သည်။ အဲ့ထဲကနေ လီချိုးရွှေက အကျိုးအမြတ်ရတာလဲ ဖြစ်နိုင်သည်။
"ပြောစမ်း!"
ဝမ်ရမ်လဲ့ကလည်း ဘေးတဖက်နေ ဆူပူလိုက်သည်။
တုန်ဖန်လန်က အလွန်စည်းကမ်းတင်းကြပ်သော်လည်း လီချိုးရွှေက မကြောက်ပေ။