အပိုင်း - ၂၂ ( Uni + Zaw )

76 6 4
                                    

ပူတာအို၏ အေးချမ်းမှုမှ တဖြေးဖြေးဝေးကွာလာလေပြီ ။ လဆန်းစ လဝန်းငယ်က အလင်းရောင်သည် ကြယ်တို့၏ ထောက်ပံ့မှုနှင့် တောက်ပနေလေသည် ။

လပြည့်ဝန်းမဟုတ်သော်လဲ လဝန်းငယ်သည် သူတတ်စွမ်းသမျှအင်အားနှင့် တောက်ပနေလျက်ပင် ။

မဟူရာနောက်ခံသည့် ကောင်းကင်ပြင်သည် စိန်မှူန်များတလက်လက် တောက်ပနေသကဲ့သို့ပင်မြင်ယောင်နေရသည့်သဏ္ဌာန် ကြယ်တို့က ခွန်အားအပြည့်ဖြည့်ပေးနေကြလေသည် ။

မြို့ကြီးများကဲ့သို့ မီးရောင်များထွန်းလင်းနေသောနေရာမဟုတ်ဘဲ တောင်တန်းများကြားမှ ကွေ့ကောက်လျက်ရှိတဲ့ တောင်ကြားလမ်းလေးပေမို့ ည၏အလှကို အပြည့်အဝခံစားနိုင်လေသည် ။

တချက်ချက် လမ်းနံဘေးမှာပေါက်သည့် ညမွှေးပန်း နှင့် ဆောင်တော်ကူးပန်းတို့၏ အဝေနံ့က ကားထဲကို လေညှင်းသွဲ့သွဲ့နှင့် ဖော်ဆောင်ကာ ရိုက်ခတ်‌လာလေသည် ။

ညဦးယံဖြစ်သည်မို့ လမ်းတလျှောက်သည်တိတ်ဆိတ်နေသလို ကားငယ်လေးပေါ်တွင်လဲ လူတိုင်းမှာအတွေးကိုယ်စီနှင့် ငြိမ်သက်နေကြသည် ။

ည 10 ခွဲနောက်ပိုင်းမှသာ သူတို့စံအိမ်ကိုပြန်ရောက်ကြသည် ။ အပြန်ခရီးသည် လေယာဉ်နှင့်မို့အေးဆေးသာ ။ ပူတာအိုကိုလေယာဉ်နဲ့သွားနိုင်သော်လဲ ဧကက တောင်တန်းတွေကိုကြည့်ရတာ သဘောကျသူမို့ ကားဖြင့်သာသွားခဲ့ခြင်းပင် ။

အဝတ်အစားလဲကာ ရေမိုးချိုးပြီးသည်နှင့် ဦးစိုင်းသည် စံအိမ်ဥယျာဉ်အလယ်ရှိ နားနေဆောင်ငယ်လေးထဲဝယ် လူစုခိုင်းတော့သည် ။

နားနေဆောင်ထဲမှ ကျောက်သားစားပွဲငယ်ထက်တွင်တော့ ဝါးဆစ်နှင့်ထည့်ထား‌ေသာ ကချင်ရိုးရာ ခေါင်ရည်ဘူးများကိုတင်ထားလေသည် ။ မြေပဲပြုတ် ၊ ငါးခြောက် ၊ ဂျီသားခြောက်ဖုတ် ၊ ငါးကင် ၊ မြေပဲဆားလှော် စသောအမြည်းများက အပြည့်ပင် ။

ကိုယ်စီနေရာယူလိုက်ကြကာ ဝါးဆစ်ခွက်ပုပုလေးများထဲသို့ ခေါင်ရည်များထည့်ကာ ခွက်ချင်းတိုက်လိုက်ကြသည် ။
ခေါင်ရည်စစ်သည်မို့ စူးရှကာသောက်ကောင်းလှသည် ။ အနံ့သင်းသင်းကလဲ စွဲနေစေနိုင်လေသည် ။ လုပ်ငန်းရှင်တွေနှင့် အမြဲသောက်နေကျဖြစ်သည်မို့ ဧက ၊ ထွေးနှင့်ဦးစိုင်းတို့က တော်ရုံမမူး ။ နံဘေးမှ အူရိုင်းလေးနှစ်ယောက်မှာတော့ မျက်လုံးများကရီဝေကာ ခေါင်းစိုက်နေကြလေပြီ ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now