အပိုင်း - ၂၆« ဇာတ်သိမ်းပိုင်း »( Uni + Zaw )

238 6 3
                                    

လရောင်သည် ကန်ရေပြင်ပေါ်ပြည့်ဝစွာဖြာကျနေလေသည် ။ လေညှင်းသွဲ့သွဲ့က အခန်းငယ်ထဲ ကူးလူးဖြတ်သန်းနေ‌ပြန်သည် ။

ဒီညသည် ချစ်ရသူအား ရင်ခွင်ထဲပွေ့ဖက်နိုင်မည့် ပထမဆုံးညဖြစ်သဖြင့် ဧကရင်ထဲမှ လှုပ်ရှားမှုအားထိန်းနိုင်ရန် မစွမ်းသာပါချေ ။

ဧကတို့ဟာ ရွှေမြဉ္ဇူဘုရားအနီးရှိ တည်းခိုဆောင်ငယ်လေးမှာ အခန်းယူကာအိပ်စက်ကြမည်ဖြစ်သည် ။
အခန်းငယ်လေးသည် သစ်သားများနှင့်ကာရံထားပြီး နှစ်ယောက်အိပ်ကုတင်လေးသည်  အခန်း၏အလယ်တွင် သေသပ်စွာတည်ရှိသည် ။ ကုတင်ခြေရင်းတွင် စားပွဲငယ်လေးနှင့် သစ်သားထိုင်ခုံနှစ်ခုံချထားကာ ကုတင်၏ဘေးနံရံတွင်တော့ ‌အင်းတော်ကြီးအိုင်ကြီးနှင့်ဝန်းရံလျက်ရှိသောတောင်တန်းများ၊ ပြည့်ရွှမ်းလဲ့နေပါသော လစန္ဒာကို လှပစွာမြင်ရနိုင်ရန်ပြတင်းပေါက်ကျယ်တခုရှိသည်။

ပြတင်းပေါက်မှလရောင်သည် ကုတင်ထပ်တွင်လဲလျောင်းနေသော ဧက၏ကိုယ်ပေါ်သို့ ထင်လင်းစွာ ဖြာကျနေပြန်သည် ။ ဟူသည် ခြေလက်သန့်စင်ဦးမယ် ဆိုကာထွက်သွားသဖြင့် ချစ်ရသူပြန်အလာကို လည်တဆန့်ဆန့်နှင့် မျှော်ငေးရပြန်သေးသည် ။

မကြာမီပင် ဟူသည် အခန်းငယ်ထံတိတ်ဆိတ်စွာဝင်ရောက်လာတော့သည်။  အညိုရောင် ပိုးသားညအိပ်ဝတ်စုံသည် ဟူ့၏ခန္ဓာကိုယ်သေးသေးပေါ်တွင် သေသပ်စွာနှင့် နေရာယူနေပေသည် ။ မနက်ပိုင်းတွင်မြင်နေကျကဲ့သို့ ခေါင်းပေါင်းပေါင်းထားခြင်းမရှိဘဲ နူးညံ့ပါသော အညိုရောင်ဆံနွယ်နုနုတို့က မျက်ဝန်းညိုဆို့နှင့်လိုက်ဖက်စွာ နဖူးပြင်ပေါ် ဝဲကျနေသည်မှာ ကြည့်ကောင်းသည်ဆိူတာထပ်ပင် ပိုပေဦးမည် ။ တကိုယ်လုံး အညိုရောင်တို့နှင့် ဧက၏အညိုရောင်လေးသည် ဖြေးဖြေးချင်း ကုတင်နားသို့လျှောက်လာကာ ကုတင်နံဘေး လွတ်‌နေပါသော နေရာငယ်လေးတွင် လာရောက်ကျောချကာ ဆန့်တန်းထားသော ဧကလက်မောင်းအား ခေါင်းတင်သည် ။

ဤသို့ဖြင့် အညိုရောင်နတ်သားငယ်သည် ဖွင့်ဟထားပါသော ရင်ခွင်နန်းထက် လာရောက်ခိုနားတော့သည် ။

" ဟူ..... မနက်ကျရင် ဘုရားဖူးပြီး ဒီကအပြန် ဟူ့ရဲ့အဝါးကိုတခါတည်းဝင်ပြီးခွင့်တောင်းချင်တယ် ။ ပြီးရင် ကိုယ်တို့ နေပြည်တော်ပြန်ဆင်းပြီး ကိုယ့်အဖေနဲ့အမေရှေ့မှာ ဟူ့ကိုတရားဝင်မိတ်ဆက်ပေးချင်တယ် ။ ဟူ အဲ့လိုလုပ်ချင်လား ။ "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now