Chapter 16 - Unicode

6.9K 658 2
                                    

မိုးရေတွေကြားထဲ ဘယ်လောက်ထိရပ်နေမိခဲ့မှန်း စိုင်းမာန်သစ်ကိုယ်တိုင်ပင် တကယ်မသိ။ သူအသိ၀င်လာတော့ မိုးကတောင်တိတ်သွားပြီ။ စိုင်းမာန်သစ်ရဲ့ အင်္ကျီပင် ခြောက်စပြုနေလေပြီ။ မျက်ရည်တွေလည်း ပါးပေါ်မှာ ခြောက်နေလေပြီ။

သူ့အတွက် မျှော်လင့်ချက်ဆိုတာလည်းမရှိတော့သလို ဘာမှပင်မရှိတော့။ မိုက်မဲစွာ ဖွင့်ဟပြောမှု့ကိုပဲ နောင်တအထပ်တလဲလဲရသည်။

အလုပ်ကရော ပြုတ်မှာလား။ ဒီကိစ္စကို ပါပါးသိသွားရင်ရော သူ့ကို ဘယ်လိုပြောမှာလဲ။

အပြစ်မပြောလောက်ဘူးဆိုတာကိုသိပေမဲ့ သူ့ကြောင့် ပါပါးမျက်နှာဘယ်လောက်တောင် သိမ်ငယ်လိုက်ရမလဲ။ အထူးသဖြင့် ဘုန်းပြည့်အာဏာဆီမှာ။ သူ တည်းခိုခန်းကို ပြန်သွားဖို့မ၀ံ့ရဲဘူး။ လှည့်ထွက်သွားတဲ့နောက်ကျောကို မျက်နှာချင်းဆိုင်ဖို့ မဖြစ်နိုင်သေးဘူး။

တစ်ဇွတ်ထိုး ရှေ့ဆက်တိုးမှု့တွေ နောက်မှာ ဒီခဏလေးအတွင်းမှာတောင် သူက အလဲလဲအပြိုပြိုဖြစ်နေရတာဖြစ်သည်။ ခံစားချက်တွေကို ရှေ့တန်းတင်ဖို့ ဆုံးဖြတ်လိုက်မိတိုင်း တစ်ခဏလေးအတွင်းမှာပင် အကျိုးဆက်က အငွေ့ပျံသွားချင်စိတ်တွေ တရစပ်ဖြစ်ပေါ်စေသည်။

ဒါကြောင့် တိတ်တိတ်ကလေးပဲ ချစ်နေသင့်တာပါ။

လေအေးတစ်ချက်၀ှေ့လာတဲ့အချိန်မှာတော့ စိုင်းမာန်သစ် အဲ့ဒီနေရာကနေထွက်သွားဖို့ပြင်မိသည်။ အချိန်အကြာကြီးရပ်ထားရတဲ့ ခြေထောက်ကြောင့် တစ်လှမ်းလှမ်းလိုက်ရုံနဲ့တင် ပျော့ခွေကာကျသွားရသည်။ အဲ့သလိုဖြစ်တော့ မနေ့က သူလမ်းမလျှောက်နိုင်လို့ ပွေ့ချီသွားခဲ့တဲ့ ဘုန်းပြည့်အာဏာကို အတွေးထဲထည့်မိပြန်သည်။

တကယ်ပဲ စိုင်းမာန်သစ်ဟာလေ။ အပြစ်လို့ဆိုရလေမလား သူက လိုက်ပြီး အပြုအမူတစ်ခုချင်းဆီကို ခံစားခဲ့တာမို့ ထိုသူနဲ့ အတော်လေးနီးစပ်ခဲ့ပြီထင်ခဲ့တာ။ မိုက်မဲလွန်းတာပါ။ အကုန်လုံးဟာ သူ့အပြစ်တွေပါ။

မျက်ရည်တွေက တစ်ဖန်စီးကျလာသည်။ မိုးကတော့ နောက်တစ်ခေါက်ထက်မရွာတော့ချေ။ သူ ဘုန်းပြည့်အာဏာကို မျက်နှာချင်းဆိုင်ဖို့ ဒီခဏတော့ ရှိုက်ကြီးတငင်ငိုလို့ရသည်ဟုသူထင်သည်။ ထိုင်လျက်နဲ့ပင် ငိုလိုက်မိတာ မျက်ရည်တွေက အဆက်မပြတ်။ နှလုံးသားတစ်ခုလုံးတင်းကြပ်နေပြီး ခံရခက်နေသည်။

LOLLIPOPWhere stories live. Discover now