Chapter 21 - Unicode

7.6K 688 15
                                    

စိုင်းမာန်သစ်တစ်ယောက် ဘုန်းပြည့်အာဏာကို အစစအရာရာလုပ်ပေးပြီး ထိုလူမမာပြန်အိပ်ပျော်သွားသည့်အချိန်မှာတော့ ညနေလေးနာရီပင်ထိုးနေပြီဖြစ်သည်။ အခုမှ သူနေ့လည်စာပင်မစားရသေးသည်ကို သတိရလိုက်သည်။

စိုင်းမာန်သစ် ဘုန်းပြည့်အာဏာစားလို့ကျန်တဲ့ ဆန်ပြုတ်ကို အနည်းငယ်နွှေးလိုက်ပြီး သူစားဖို့ပြင်လိုက်သည်။ အဓိကက ဗိုက်ဆာနေတာကို ဖြေရှင်းဖို့ပဲမို့ ဘာဘာညာညာတွေးမနေနိုင်တော့။ ကြီးကြီးလက်ရာက ဆန်ပြုတ်ကပင် စားကောင်းတာမို့ စိုင်းမာန်သစ် ဘုန်းပြည့်အာဏာအခန်းထဲမှာပဲ ဘုန်းပြည့်အာဏာကျန်တဲ့ ပန်းကန်ထဲကိုပဲ ပြန်ထည့်စားနေလိုက်သည်။ 

"မင်းက ဘာလို့ဆန်ပြုတ်တွေစားနေတာလဲ?"

ရုတ်တရတ်ကြားလိုက်ရတဲ့ အသံကြောင့် စိုင်းမာန်သစ် ဆန်ပြုတ်ပင်သီးမလိုဖြစ်သွားရသည်။ ဘုန်းပြည့်အာဏာက အလန့်တကြားလုပ်ရတာ တအားသဘောကျတာဖြစ်မည်။ လှည့်ကြည့်လိုက်တော့ ခုတင်ပေါ်မှာ ဘုန်းပြည့်အာဏာက ငုတ်တုတ်ထထိုင်နေပြန်သည်။

"ကျွန်တော်နေ့လည်စာမစားရသေးလို့"

"ခုချိန်ထိလေ"

နေမကောင်းလေး နည်းနည်းလောက်သက်သာကာ ရှိသေး။ ဘုန်းပြည့်အာဏာက ခုဏကလို လေသံပျော့ပျော့မဟုတ်တော့။ သူ့ထုံးစံအတိုင်းအနည်းငယ်မာလာသည်။

"ဟုတ် ဟုတ်"

စိုင်းမာန်သစ် ဟုတ်သာဖြေပြီး ဆန်ပြုတ်ကို ပြန်ငုံ့သောက်နေလိုက်သည်။ ထိုင်နေတုန်းက အကောင်း ထသွားမှ အကျိုးမှန်းသိဆိုသလို ဒီတိုင်းနေတုန်းက ဗိုက်မဆာပေမယ့် စားလိုက်မိတော့ ရပ်တောင်မရပ်ချင်တော့။ သူ့ကိုယ်သူ အတော် ဗိုက်ဆာနေမှန်း အခုမှသိသည်။

"ဒီချိန်ထိ မစားဘဲဘာလုပ်နေတာလဲ?"

"ဘာ"

စိုင်းမာန်သစ်က ဒေါသတကြီး ဇွန်းကို စားပွဲပေါ်ချကာ အော်လိုက်တာကြောင့် ဘုန်းပြည့်အာဏာပင် တွန့်သွားရသည်။

"ခင်ဗျားကြောင့်လေ ခင်ဗျားကြောင့် ဖျားနေတာကို အရက်တွေပါသောက်ပြီး သေမလိုဖြစ်နေတဲ့လူကြောင့် ခုထိဘာမှမစားရသေးတာလေ အဲဒါကို မစားဘဲဘာလုပ်နေတာလဲဆိုတော့ ဥက္ကဌအမေကြီးတော်လား?"

LOLLIPOPWhere stories live. Discover now