Chapter 3 - Zawgyi

768 62 0
                                    

မာနကြီးတဲ့ သူဌေးခင်မျာ သူ့ရဲ့ အလုပ်မခန့်ရသေးတဲ့ အတွင်းရေးမှူးရဲ့ အကြည့်တွေကနေ ရှောင်ဖယ်ဖို့ ကြိုးစားနေရသည်။ အကြောင်းက စိုင်းမာန်သစ်သည် ဘုန်းပြည့်အာဏာကို မျက်တောင်မခတ်စိုက်ကြည့်နေတာက သူဒီအခန်းထဲ ၀င်လာကတည်းကပင်ဖြစ်သည်။

ဦးစိုင်းတမာန်နဲ့ အလုပ်ကိစ္စတွေကို ဆွေးနွေးနေရင်း ဘုန်းပြည့်အာဏာရဲ့ အကြည့်တွေက ထိုကောင်လေးဆီကို တစ်ချက်တစ်ချက်ရောက်ရောက်သွားသည်။ စိုင်းမာန်သစ်ကတော့ ထိုသို့မဟုတ် သူ့အသိစိတ်လုံးစုံကို ဘုန်းပြည့်အာဏာထံပုံအပ်ထားခြင်းပင်။

အစိတ်အပိုင်းတစ်ခုချင်းစီကို အလွတ်ရမတတ်သူကြည့်ချင်သည်။ စဉ်းစားကြည့်လေ မြင်မြင်ချင်းချစ်မိခဲ့တဲ့ အချစ်က နှစ်နှစ်ကြာတဲ့အထိ အသိစိတ်ထဲက ပုံရိပ်လေးနဲ့ပဲ သူလွမ်းခဲ့ရတာ။ နောက်လည်း အ၀ကြည့်ရမှာဆိုပေမဲ့ သူကြည့်မ၀သေးဘူး။ ဆောရီးဆိုတဲ့ စကားလုံးထက်ပိုတဲ့ ဘုန်းပြည့်အာဏာရဲ့ အသံသြသြကလည်းနားထောင်လို့ကောင်းလွန်းနေသည်။

စိုင်းမာန်သစ်စိတ်ထဲမှာ ရေရွတ်မိနေတာကတော့ 'ကျေးဇူးတင်လိုက်တာ ပါပါးရယ်' ဆိုတာမှတစ်ပါးမရှိ‌ချေ။

"စိုင်းမာန်သစ် စိုင်းမာန်သစ်"

ဦးစိုင်းတမာန်ရဲ့ တိုးတိုးသတိပေးကာ တံတောင်နှင့် တို့လိုက်မှု့ကြောင့် စိုင်းမာန်သစ်အတွေးထဲမှ နိုးထလာရသည်။ တကယ်ပါပဲ။ သူငေးလို့မ၀သေး‌ပေ။

"ဗျာ"

စိုင်းမာန်သစ်အသိဝင်လာချိန်မှာတော့ အတော်နောက်ကျနေပြီဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့အထက်လူကြီးဖြစ်သူ ဘုန်းပြည့်အာဏာရဲ့ မျက်ဝန်းတွေက သူ့မျက်နှာ‌ပေါ်ကို စူးစူးရဲရဲကျရောက်နေပြီဖြစ်သည်။ စိုင်းမာန်သစ် အသာတံတွေးမြိုချလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်‌တော့‌ချေ။

"အန်ကယ့်သားက အလိုလိုက်ထားတော့ နည်းနည်းပေကပ်ကပ်တော့နိုင်မယ် ဒါပေမဲ့ ဘုန်းပြည့်အတွင်းရေးမှူးနေရာက အရေးကြီးမှန်းတော့ အန်ကယ်ပြောထားပါတယ်"

"အဲ့လိုကြားရတဲ့အတွက် ၀မ်းသာပါတယ်"

မပြုံးမရယ်ဘဲ စကားကို ဆုံးအောင်ပြောနိုင်လွန်းတာ စိုင်းမာန်သစ် အတော်ပင်အံ့သြရပါသည်။ သူဆို စကားတစ်ခွန်းပြောဖို့ နှစ်ခါလောက်ရယ်ဖြစ်တယ်။ ဒါတကယ် ဒါကြောင့်မို့လည်း စိုင်းမာန်သစ်က ပြောင်စပ်စပ်ကောင်လို့ မကြာခနအပြောခံရတာဖြစ်သည်။

LOLLIPOPWhere stories live. Discover now