သူဌေးရပ်ကွက်တစ်ခုရှိတိုက်အိမ်ခြံဝန်းအတွင်းမှ ခြံစောင့်ကြီးတစ်ဦးသည် တိုက်ရှေ့ဖြတ်သွားသည့် ပုပုလုံးလုံး လေးနှစ်အရွယ်ကောင်လေးနှစ်ယောက်ကိုကြည့်ပြီးပြုံးလို့နေသည်။
ဒါဟာ ထိုခြံစောင့်ကြီးအဖို့တော့ ညနေသုံးနာရီအချိန်ဆိုရင် အမြဲမြင်တွေ့နေရတဲ့ မြင်ကွင်းတစ်ခု။ပြီးရင် မပီကလာ ပီကလာစကားလေးတွေကိုကြားရတော့မည်။
ဟော...ပြောရင်းနဲ့တောင်။
"ရိပေါ်...ကျန့်ကျန့်ကို ခဏစောင့်ဦး..."
"မြန်မြန်လျှောက် နှေးစိနှေးစိနဲ့..."
"ကျန့်ကျန့်လေးတယ်..."
"လွယ်အိတ်လေးနှစ်ခုထဲကိုဘာဖြစ်နေတာလဲ နေ့တိုင်းလွယ်နေကျကို အမြဲတမ်းနှေးစိ နှေးစိလုပ်နေတယ်..."
"ကျန့်ကျန့်နှေးတာဟုတ်ဘူး...လွယ်အိတ်လေးတာ..."
"နားညီးတယ် မြန်မြန်လာ မမီရင်မစောင့်ဘူးနော်..."
"အင်း...ကျန့်ကျန့်ပြေးလာပြီ..."
"ဝေါ...ဒရော..."
လေးနှစ်အရွယ်ကျန့်ကျန့်ဟာ ကျောပေါ်တွင်လွယ်အိတ်တစ်လုံးကိုလွယ်ထားပြီး ကျန်လွယ်အိတ်တစ်လုံးကိုတော့ လက်မှကိုင်၍မြေကြီးတွင်တရွတ်တိုက်ဆွဲလို့လာခဲ့သည်။
ကျောထက်ရှိကျောပိုးအိတ်လေးမှာ ရိပေါ်၏ လွယ်အိတ်ဖြစ်ပြီး တရွတ်တိုက်ဆွဲလာတာက သူ့ကိုယ်ပိုင်အိတ်လေးဖြစ်သည်။ လေးနှစ်အရွယ်လေးဖြစ်၍ခန္ဓာကိုယ်ကနှစ်လုံးပြိုင်ပြီးမလွယ်နိုင်တာကြောင့် တစ်လုံးကိုတရွတ်တိုက်ဆွဲလာရခြင်းဖြစ်သည်။
ရိပေါ်ကတော့ ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်၍ ခြေတံတိုတိုလေးတွေဖြင့် အရှေ့ကနေကြော့ကြော့မော့မော့လေးလျှောက်လို့နေသည်။မူကြိုကပြန်လာတဲ့အချိန်တိုင်းသူ့လွယ်အိတ်ကို သူ့အိမ်နီးချင်လေးကိုသယ်ခိုင်းနေကျဖြစ်၏။
လေးနှစ်သားလေးရိပေါ် နှုတ်ခမ်းလေးချွန်စု၍ လူကြီးလေးတစ်ယောက်လို လေချွန်နေသည့်ဟန်ဖြင့်လမ်းလျှောက်နေရင်း အနောက်ကမပါလာတော့သည့် လွယ်အိတ်တရွတ်တိုက်ဆွဲသံနှင့် ခြေသံလေးတွေကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သည်။ မြင်လိုက်ရတော့ သူနဲ့အလှမ်းဝေးဝေးလေး လမ်းပေါ်တွင်ငုတ်တုတ်လေးထိုင်နေသည့် ကျန့်ကျန့်ကိုတွေ့၏။
YOU ARE READING
Piggy Bank
Fanfictionစုဘူးလေး မပြည့်ခင်မှာ ထွက်သွားတယ်။ စုဘူးလေး ပြည့်ခါနီးမှာ ပြန်ရောက်လာတယ်။ ရိပေါ်က သိပ်ဆိုးတယ်..... ဒါပေမယ့် ရိပေါ်ကို ကျန့်ကျန့် ချစ်တယ်။