အခန်း(၁၂)

5.9K 690 18
                                    

အခန်း(၁၂)

"ဒက်ရှ်ရှဲရိုး ၊ မင်း တကယ်ပဲ အဲ့ဒီ ညဉ့်နတ်ဆိုး ' လို့ခေါ်တဲ့ ရေသူမျိုးနွယ် အကြောင်းကို လေ့လာချင်တာလား။ မင်း ဘဝကို ပေးရမယ် ဆိုရင်တောင်မှလား .... မင်း ... ရေသူထီးတွေက လူသားစားတဲ့သားရဲဆိုတာရော သိရဲ့လား။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိန်းမကြီးက မှောင်ရီမှိုင်းနေတဲ့ သမုဒ္ဒရာမျက်နှာပြင်ကို ငေးစိုက်ကြည့်နေသည်။ သူ့ရဲ့မျက်ဝန်းတွေက အဆုံးမရှိတဲ့ ကျယ်ပြောမှုထဲ ငေးမောနေပြီး အိုမင်းရင့်ရော်နေတဲ့ မျက်နှာပေါ်ရှိ အရေးအကြောင်းတို့ မသိသာစွာ လှုပ်ရှားသွားသည်ကိုကြည့်ရင်း ကြောက်ရွံ့မှုအထွေအလီက ပြန်ပြီး စုပြုံထင်ဟပ်လာတာကြောင့်ဟု ထင်ရသည်။

ပြင်းရှသော ငါးညှီနံ့ကို သယ်ဆောင်လာတဲ့ သမုဒ္ဒရာလေပြေညှင်းကို အပြည့်အဝရှူသွင်းလိုက်ရင်း ကျွန်တော် ခေါင်းညိမ့်ပြခဲ့သည်။

"ကျွန်တော် အဲ့ဒီလို ကောလဟာလမျိုးကြားဖူးပါတယ်။ ဒါပေမယ့် ယုံကြည်လက်ခံဖို့ကျတော့ တိကျတဲ့ အကြောင်းအရာအချက်အလက်တွေမရှိဘူးလေ၊ အဲ့ဒီအတွက်ကြောင့်ပဲ ကျွန်တော် ခင်များဆီရောက်လာတာပါ။"

အရှေ့သို့ညွတ်ကျိုးကျနေတဲ့ ကျောပြင်ကုန်းကုန်းပေါ် ကျွန်တော့်လက်ကို ဖြည်းညှင်းစွာတင်ထားလိုက်ပြီး ရှေ့ဆက်စကားတို့ထွက်လာဖို့အတွက် ကျွန်တော် ကြိုးစားလိုက်သည်။

"သင်္ဘောပျက်မှာရှိနေတုန်းက ခင်များတွေ့ခဲ့တဲ့ရေသူထီးအကြောင်း ပြောပြဖို့ ကျွန်တော် အနူးအညွှတ်တောင်းဆိုပါတယ်။ ခင်များအတွက်လည်း .... ခင်များစိတ်ထဲက အနှောင်အထုံးကိုပြောပြဖို့အတွက် လူတစ်ယောက်လိုနေတယ် မဟုတ်ဘူးလား။ အကယ်၍ ခင်များပြောပြမယ်ဆိုရင် ကျွန်တော်က ခင်များစိတ်ထဲက အနှောင်အထုံးတွေပြေလျော့သွားအောင် ကူညီပေးမယ့် ယာယီတိုင်ပင်ဖော်အဖြစ်(စိတ်ပညာရှင်) ရှိပေးဖို့ ဆန္ဒရှိပါတယ်။ "

ထိုစကားက သူ့အပေါ်သက်ရောက်မှုဖြစ်သွားပြီး မျက်နှာကကျွန်တော့်ဘက်သို့လှည့်လာသည်။ မှိုင်းရီနေတဲ့ မျက်ဝန်းအိမ်ထဲ ကျွန်တော့်ကျောအနောက်ဘက်ရှိ မီးပုံ၏ အရိပ်က ထင်ဟပ်နေကာ ကျွန်တော့်အား စူးစူးစိုက်စိုက်ကြည့်နေသည့် သူ့မျက်ဝန်းတွေက ခန့်မှန်းကြည့်လို့မရနိုင်သည့် ရှုပ်ထွေးခြင်းများနှင့် ပြည့်နေသည်။ ကွေးလိမ်နေတဲ့ သူ့ရဲ့လက်တွေက ကျွန်တော့်လက်ကောက်ဝတ်ကို ဖမ်းဆုပ်လာတဲ့အခါ လက်သည်းများပင် အသားထဲနစ်ဝင်လုနီးနီးဖြစ်ခဲ့သည်။ ဒီလိုနည်းလမ်းကိုသုံးပြီး သူက ကျွန်တော့်စိတ်ရင်းကို စမ်းသပ်ချင်နေတာ ဖြစ်မည်။ တမဟုတ်ချင်းတုန်လှုပ်ကြောင်အသွားရမည့် စိတ်ခံစားချက်ကို ချိုးနှိမ်ပစ်ရင်း တည်ငြိမ်မှုဖြင့်သာ ကျွန်တော့်သူ့ကို ပြန်ကြည့်ခဲ့သည်။

Desharow's MermanWhere stories live. Discover now