အခန်း(၂၄)

3.9K 498 21
                                    

 အခန်း(၂၄)

ကျွန်တော့်အမြင်အာရုံက ပြည့်ပြည့်ဝဝ ကြည်လင်သွားချိန် ကျွန်တော့်ခေါင်းထက်မှာရှိတဲ့ မှန်းကြမ်းပြင်က အမြင်အာရုံထဲ၌ ထင်ပေါ်လာခဲ့သည်။ ထို့နောက်မှာ စာခါရိုရဲ့ မျက်နှာလည်း ထင်ရှားလာပြီး သူက ရွှေရောင်ကိုင်းမျက်မှန်၏ နောက်မှ စူးစမ်းမေးမြင်းနေသော အကြည့်များဖြင့် ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သည်။

"ဟေး .... မစ္စတာ ဒက်ရှ်ရှဲရိုး .... မင်း အဆင်ပြေရဲ့လား။ "

"ကျွန် တော် ..."

ချက်ချင်းပင် ကျွန်တော်က အခုထိ ရေအောက်ဓာတ်ခွဲခန်းထဲ ရှိနေသေးတာကို အမှတ်ရသွားပြီး ထုံကျဉ်နေသော လက်ကိုအားပြု၍ပင် ကျွန်တော် ထထိုင်လိုက်သည်။ ကျွန်တော့်မျက်ဝန်းတွေက ထိန်းချုပ်နိုင်ခြင်း ကင်းမဲ့စွာပင် စာခါရို၏အနောက်ဘက်တွင် ရှိနေသော မှန်လှောင်ကန်သို့ အကြည့်ရောက်နေခဲ့သည်။ ထိုမှန်လှောင်ကန်ထဲရှိ အက်ဂ်ရေ့စ်က ကျွန်တော့်ကိုမှန်လှောင်ကန်ထဲမှတစ်ဆင့် စောင်းငဲ့ကြည့်နေပြီး ကျွန်တော်နဲ့ အကြည့်ချင်းဆုံမိတဲ့ အခိုက်အတန့်မှာ သူက ကျွန်တော့်ကို သွားတွေပေါ်သည်အထိ ပြုံးပြခဲ့သည်။

ကျွန်တော့်တစ်ကိုယ်လုံးက ထုံကျဉ်နေပြီး လှုပ်ရှားဖို့လည်း မတတ်နိုင် ဖြစ်နေသည်။ လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ပျက်ခဲ့သည့် သည်းမခံနိုင်ဖြစ်ရသော ပုံရိပ်များလည်း ကျွန်တော့်ဦးနှောက်ထဲ ပြည့်ကျပ်နေသည်။ ကျွန်တော့်ခေါင်းတစ်ခုလုံးက တဇီဇီမြည်ပြီး မူးနောက်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်သွားသော ခန္ဓာကိုယ်ကြောင့်ပင် ကျွန်တော် အိပ်ရာပေါ်သို့ ပြန်၍ လဲကျသွားခဲ့သည်။

"ဟေး ... မစ္စတာ ဒက်ရှ်ရှဲရိုး .... မင်း အဆင်ပြေရဲ့လား။ " စာခါရိုက ကျွန်တော့်လက်မောင်းကို ဖမ်းဆွဲပြီး မေးခဲ့သည်။

"ငါ မင်းအတွက် ဆရာဝန် ခေါ်ပေးရမလား။ မင်း မျက်နှာက ဖြူဆုတ်ပြီး သွေးတွင်းသကြားဓာတ်လည်း နည်းနေတယ် ထင်တယ်။ မင်း အစား မစားဘူးလား။ "

"ဟင့်အင်း .. ဆရာဝန်ကို မခေါ်နဲ့ ! ကျွန်တော့်ရဲ့ သုတေသနပြုချက်မှာပဲ အရမ်းအာရုံစိုက်မိသွားလို့ ကျွန်တော် အစားအများကြီး မစားဖြစ်တာကြောင့်ပါ " နဖူးကို လက်ဖြင့် အုပ်ကိုင်၍ ချွေးစေးတွေကို သုတ်ပြီး ပါးစပ်မှထွက်သမျှ အဓိပ္ပါယ်မရှိသော စကားကို ကျွန်တော်ပြောခဲ့သည်။ သို့ပေမယ့် ရှက်စရာကောင်းလွန်းသော အလိမ်အညာစကားကြောင့် ကျွန်တော့်ရင်ဘတ်ထဲတွင်တော့ အတော့်ကို ပူလောင်နေခဲ့သည်။

Desharow's MermanWhere stories live. Discover now