အခန်း(၁၆)

4.9K 694 57
                                    

အခန်း(၁၆)

ညလယ်ရောက်တဲ့အချိန်မှာ စိတ်ထဲမသက်မသာဖြစ်မှုနဲ့ ကျွန်တော်နိုးလာခဲ့သည်။ ကျွန်တော့်ခေါင်းတစ်ခုလုံး မူးနောက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း အဖျားတက်နေသည့်အတိုင်း ပူလောင်နေခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်က လေးလံတဲ့အရာတစ်ခုနှင့် ဖိထားခြင်း ခံထားရသလိုဖြစ်နေပြီး လှုပ်ရှားဖို့လည်း ခက်ခဲနေကာ ထူးဆန်းတဲ့ ဆူညံသံတွေက ကျွန်တော့်နားထဲ တစီစီမြည်နေခဲ့သည်။ ဒါက အိပ်မပျော်တဲ့လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်မက်ဆိုးထဲ ပိတ်မိနေသလိုမျိုး ကျွန်တော်ကိုယ်တိုင် ဖြစ်နေတာကို သတိဝင်သွားခဲ့သည်။

'အိပ်မပျော်ခင်အချိန်မှာ ကျွန်တော် သိပ်ကို စိတ်လှုပ်ရှားခဲ့တာပဲ '

စိတ်ထဲ၌ ကျွန်တော့်နာမည်ကို ရေရွတ်နေပြီး လက်သီးကိုလည်း အားနှင့်ဆုပ်ထားကာ ဒီအခြေအနေမှနိုးထဖို့ကို တွန်းအားပေးနေခဲ့သည်။ သို့ပေမယ့် ပိတ်လှောင်ခံထားရတဲ့ ခံစားချက်က ပို၍ပို၍ပြင်းထန်လာခဲ့သည်။ အစပိုင်းမှာ ဆူညံသံတွေရှိခဲ့ပေမယ့် တဖြည်းဖြည်းနှင့် ပိုလို့ပြတ်သားလာပြီး ထိုအသံက ကျွန်တော် အရင်က ကြားဖူးနေကျဖြစ်တဲ့ စာလုံးတွေ၏ အသံထွက်နှင့် လွှမ်းခြုံကာနေသည့် ရေ၏စီးဆင်းသံကဲ့သို့ ဖြစ်နေသည်။ —

"အက် .... ဂ် ... ရေ့စ် ..... ဒက် ...ရှ်ရှဲ ... ရိုး ...."

ကျွန်တော့်နောက်ကျောပြင်၌ ချွေးစေးတို့ စီးကျနေပြီး အင်္ကျီသားထဲစိမ့်ဝင်ကာ အင်္ကျီတစ်ထည်လုံးအား ရွှဲရွှဲစိုနေစေသည်။

' ဘုရားရေ အဲ့ဒီအသံက ရေသူထီးရဲ့ အသံလေ ... ဘယ်နေရာကနေ ထွက်လာတာလဲ !'

ကြောက်ကြောက်လန့်လန့်နှင့် ကျွန်တော်မျက်လုံးကို အကျယ်ကြီးဖွင့်ပြီး တောင့်တင်းနေတဲ့လည်ပင်းကို အတင်းအားယူလှည့်ကာ အသံလာရာနေရာသို့ ကြည့်လိုက်သည်။ ထိုအသံက ကျွန်တော်စားပွဲပေါ်တင်ထားတဲ့ ကွန်ပျူတာနှင့် ချိတ်ထားသည့် အသံသွင်းစက်မှထွက်ပေါ်လာတာကို ရှာတွေ့မိချိန်မှာတော့ ဘယ်လိုမှမတတ်နိုင် ... ရေသူထီး ထွက်လာသည်ဟု တွေးလိုက်မိသည့် ခံစားချက်အပေါ် မဖြစ်နိုင်ဟု ပြန်ပြောင်းတွေးပြီး ကျွန်တော့်စိတ်တို့ ပြေလျော့သွားခဲ့သည်။

Desharow's MermanWhere stories live. Discover now