Chapter(27)

3.3K 492 45
                                    

Chapter-28

ကျွန်တော်မထင်မှတ်ထားသော အက်ဂ်ရေ့စ်၏ ခြိမ်းခြောက်မှုပုံစံကြောင့် မှင်သက်သွားခဲ့ပေမယ့် တံခါးအပြင်ဘက်ရှိ အော်သံကြောင့် ကျွန်တော် အပြည့်အဝအသိပြန်ကပ်ခဲ့သည်။

"ဟေး ... အထဲက မြည်းလိုကောင်တွေ ... မင်းတို့ ထွက်မလာရင် ငါ ဆူညံသံတွေ ထပ်လုပ်မှာနော်။ နောက်ဆုံးမရရင် တံခါးဖျက်ဝင်တာဖြစ်ဖြစ် အပြင်က တစ်ကောင်ကောင်ရဲ့ ခေါင်းကို ဖွင့်လိုက်တာဖြစ်ဖြစ် ငါ လုပ်မှာ "

ယောက်ျားကြီးတစ်ယောက်၏ ကျယ်လောင်သော အော်ရယ်သံနှင့် သေနတ်မောင်းခလုတ်တင်လိုက်သံ တစ်ခု။ ထို့နောက် ဟင်နရီ၏ ငယ်သံပါအောင် အော်ဟစ်အကူအညီတောင်းသံတို့ ထွက်ပေါ်လာသည်။

"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ! မစ္စတာ ဒက်ရှ်ရှဲရိုး ... ကျွန်တော့်ကို ကယ်ပါအုံး။ "

ကျွန်တော့်နားစည်ထက်သို့ ဓားထက်ထက်ဖြင့် လာခြစ်လိုက်သလိုဖြစ်နေသော ဟင်နရီ၏အသံက အပြင်ဘက်ရှိ လူတွေရဲ့အသက်ဟာ ကျွန်တော့် ဆုံးဖြတ်ချက်ပေါ် မူတည်နေကြောင်း အသိဝင်စေခဲ့သည်။ ထို့ကြောင့် သူတို့အသက်ကိုကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုနှင့်အတူ ကျွန်တော် အပြင်ထွက်ဖို့ လိုအပ်သည်။ ထို့အပြင် ကျွန်တော့်ကိုယ်ပိုင်ဘဝကို ကယ်ရန်အတွက် ဗျူဟာတစ်ခုလည်း လိုသေးပြီး ထိုအတွက် အက်ဂ်ရေ့စ်ထံ အကူအညီတောင်းခြင်းက ဤကဲ့သို့အခြေအနေမျိုးတွင်တော့ သံသယဖြစ်ရန်မလိုသည့် အကောင်းဆုံးနည်းသာ ဖြစ်ပေသည်။ ယောက်ျားတစ်ယောက်အနေဖြင့် တာဝန်ယူရမည်ဆိုသည့် စိတ်က ကျွန်တော့်ကိုဆုပ်ကိုင်ထားသော အက်ဂ်ရေ့စ်လက်ကို ဖမ်းဆွဲပြီး ဘေးတစ်ဖက်သို့ လှည့်စေခဲ့သည်။

ဒါက အက်ဂ်ရေ့စ်မျက်နှာကို အနီးကပ်ဆုံးကြည့်မိသည့် ပထမဦးဆုံး အကြိမ်ပင်။ ကျွန်တော့်နဖူးက သူ့ရဲ့ ချွန်မြသော မေးဖျားနားတွင် ရှိနေသည်။ တစ်ဖက်သူ၏ လွှမ်းမိုးမှုအောက်တွင် ဟူသော ခံစားချက်နှင့် လှိုင်းလုံးကြီးပမာ လိမ့်တက်လာသော အရှက်တရားတို့ကို ချုပ်တည်း၍ ကျွန်တော် စကားလုံး တစ်လုံးချင်းဆီကို တိုးတိုးလေး ရေရွတ်ပြောလိုက်သည်။

Desharow's MermanDonde viven las historias. Descúbrelo ahora