Arc-2

3.7K 485 25
                                    

အခန်း(၂၅) ပင်လယ်ပြင် အတွေ့အကြုံများ။

ကုန်းမြေဆီသို့ သွားရန်တည်ဆောက်ထားသော ဓာတ်လှေကားထဲမှ ယိုင်တိယိုင်တိုင်နှင့် ကျွန်တော် ထွက်လာခဲ့သည်။ အပြင်ဘက်၌ မိုးများရွာသွန်းနေပြီး ကျွန်တော့်ခေါင်းထက်ရှိ ကောင်းကင်ကြီးမှာလည်း တိမ်ဆိုင်တိမ်မဲတို့၏ ဖုံးအုပ်ခြင်းကို ခံထားရကာ လက်ရှိတွင် ဖြစ်ပေါ်နေသော ကျွန်တော့်ခံစားချက်များနှင့် ထပ်တူကျနေပေသည်။ မိုးရေထဲသို့ မိုက်ရူးရဲဆန်စွာ ပြေးထွက်လာပြီးနောက် ကျွန်တော်ရင်ဆိုင်တွေ့ရသည်က အမည်ပင်မသိသော ကမ်းခြေတစ်ခုသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။ စိတ်ပျက်အားငယ်ခြင်းများစွာဖြင့် အဆုံးအစမဲ့သော ပင်လယ်ပြင်ကို ကြည့်ရင်း တုန်ရီနေသော လက်မောင်းနှစ်ဖက်ကို ထွေးပွေ့၍ ထိုကမ်းစပ်၏ ကျောက်ဆောင်ပြင်ပေါ်၌ပင် ကျွန်တော် ဒူးထောက်ထိုင်ချလိုက်သည်။ ကျွန်တော့်စိတ်ထဲ၌ "The Truman Show"ကိုလည်း ရုတ်တရက် သတိရသွားခဲ့သည်။ ဒီအခိုက်အတန့်၌ ကျွန်တော်က ရင်နင့်ဖွယ်ကောင်းလွန်းသော သနားစရာ အဓိကဇာတ်ဆောင်တစ်ယောက်ကဲ့သို့ပင်။ ကျွန်တော့်ဘဝတစ်ခုလုံးကို ပုံအပ်ပြီး ဒီသုတေသနပရောဂျက်ကို ပြုလုပ်ခဲ့ပေမယ့် ထိုအရာကပဲ ကျွန်တော့်ဘဝကို အံ့ဖွယ်ကောင်းသော ပြပွဲတစ်ခုဖြစ်အောင် ပြောင်းလဲ ပစ်ခဲ့သည်။!

'စစ်မှန်သော ကမ္ဘာကြီး'...

တကယ်တော့ ဒီကမ္ဘာကြီးထဲမှာ ဘယ်အရာက စစ်မှန်ပြီး ဘယ်အရာက အတုအယောင်များ ဖြစ်နေမလဲ။ ကျွန်တော့်အသွေးထဲအသားထဲမှ နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားခဲ့သမျှ အရာအားလုံးက အဆုံးသတ်မှာ ကျွန်တော့်ကို နောက်ပြောင်ပြီး လှောင်ရယ်သွားကြတာချည်းပင်။

ကျွန်တော် ခေါင်းကိုမော့ထားလိုက်ပြီး မိုးရေစက်တို့အား မျက်နှာပေါ် ကျဆင်းစေခဲ့သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ရယ်ချင်စိတ်ကြောင့်လည်း ကျွန်တော် ကျယ်ကျယ်လောင်လောင်ကို အော်ရယ်ပစ်ခဲ့သည်။ သို့ပေမယ့် မိုးရေစက်တို့နှင့် ရောယှက်၍ မျက်ရည်များလည်း ပါးပြင်တစ်လျှောက်၌ စီးကျနေခဲ့သည်။ကမ်းစပ်သို့ တရွေ့ရွေ့တက်လာသော ဒီရေများက ကျွန်တော့်ခြေချင်းဝတ်ထံ လာ၍ပုတ်ခတ်နေပြီး ကျွန်တော့်ဦးနှောက်တစ်ခုလုံးက တိုက်လေကြောင့် လှုပ်ခါရိုက်ခတ်နေသော ပင်လယ်မျက်နှာပြင်ရှိ လှိုင်းဂယက်များအတိုင်း ပရမ်းပတာ ဖြစ်နေခဲ့သည်။ ကျွန်တော့်နှလုံးသား အောက်ခြေမှ ပင့်ရှိုက်၍ တက်လာသော ရယ်ချင်စရာ အတွေးတစ်ခုက ဝဲကယက်တစ်ခုအတိုင်း ပင်လယ်ပြင်၏ အောက်ခြေကြမ်းပြင်အထိ ကျွန်တော့်ကို ဆွဲဆောင်ခေါ်ယူနေသလိုပင်။

Desharow's MermanTahanan ng mga kuwento. Tumuklas ngayon