အပိုင်း(၁၃) Unicode

1.5K 199 15
                                    

နောက်ဆုံးကျတော့ ရှောင်းကျန့်ကြောက်ရမယ့်သူတစ်ယောက် ရှိလာပြီထင်သည်။

ဘုန်းတော်ကြီးအရှေ့မှာ တုတ်တုတ်တောင်မလှုပ်ရဲဘဲအုန်းလက်တံမြက်စည်းကိုင်ပြီး မတ်တပ်ရပ်နေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ် ခပ်လှမ်းလှမ်းကနေကြည့်နေသည်။ ဝမ်ရိပေါ်ဘေးနားတွင် ဟွမ်မေရင်ကလည်း အရိပ်တကြည့်ကြည့် ပြုံးစိစိ။

ဒီနေ့မှာ စက်ရုံသွားသည့် ဝမ်ပါးနှင့် ဝမ်မားကိုယ်စား ဝမ်ရိပေါ်က ဘုန်းတော်ကြီးကျောင်းကို တစ်ယောက်တည်းဆွမ်းချိုင့်သွားပို့ရမည့်တာဝန်ကျလာ​သည့်အခါ ရှောင်းကျန့်လည်းအတူတူလိုက်ပါလာခဲ့​၏။

ကျောင်းဝန်းထဲရောက်လာသည့် ရှောင်းကျန့်က လမ်းကိုကောင်းကောင်းမလျှောက်။ ကျောင်းဝေယျာဝစ္စလုပ်အားပေးလာလုပ်သူတွေ လှည်းကျင်းစုပုံထားသည့် သစ်ရွက်ခြောက်တွေပေါ်ကနေဖြတ်လျှောက်ပြီး ပြန်ပွသွားအောင်လုပ်ပစ်လိုက်တာဖြစ်သည်။ ထိုမျှမကသေး တံမြက်စည်းလှည်းနေတဲ့သူတွေကိုလည်း လျှာထုတ်ပြခဲ့တာပင်။

ရှောင်းကျန့်တို့ ကံမကောင်းရှာပါဘူး။ သစ်ရွက်ခြောက်တွေဖွပြီးထွက်ပြေးဖို့ပြင်နေတုန်း အရှေ့မှာ ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့တည့်တည့်တိုးသည်။

ဘုန်းတော်ကြီးက မည်သည့်စကားတစ်ခွန်းမှမမိန့်။ လက်ထဲက လက်စွဲတော်တောင်ဝှေးနဲ့ ရှောင်းကျန့်ရဲ့ခေါင်းကိုလှမ်းခေါက်လိုက်တာဖြစ်သည်။ဘဝမှာတစ်ခါမှ အရိုက်မခံဖူးခဲ့သည့် ရှောင်းကျန့်အဖို့ ကြောင်စီသွားရပြီး ခေါင်းပေါ်ကရိုက်ချက်ဟာ ဘယ်ကရောက်လာတာလဲဆိုတာ ဆန်းစစ်နေခဲ့ပုံရသည်။

ဘုန်းတော်ကြီးရဲ့လက်ချက်မှန်းသိသွားသည့်အခါမှာတော့ ရှောင်းကျန့်တစ်ခုခုပြန်ပြောဖို့ပြင်လိုက်သော်လည်း နောက်ထပ်ကျရောက်လာသည့် ရိုက်ချက်ကြောင့် ခေါင်းကိုအသာပွတ်ပြီး တုတ်တုတ်တောင်မလှုပ်ရဲတော့။ တခြားလူတွေကို လုပ်သလိုဘုန်းတော်ကြီးကို လျှာထုတ်ပြရဲလားလို့မေးကြည့်လိုက်ပါ။

ရှောင်းကျန့်တို့ အသက်တောင်ပြင်းပြင်းမရှူရဲသည့်အပြင် လက်ထဲက အုန်းလက်တံမြက်စည်းကို စတင်လှုပ်ရှား၍ သူဖွလိုက်မိသော သစ်ရွက်ခြောက်များကို ပြန်လှည်းကျင်းနေပြီဖြစ်သည်။ မလုပ်လို့လည်းမရ။ ရှောင်းကျန့်ဘေးတွင် ဘုန်းတော်ကြီးက တောင်ဝှေးကိုင်ပြီးစောင့်နေတာဖြစ်သည်။

Healing A Broken SoulWhere stories live. Discover now