3

1K 92 2
                                    

[Unicode]

" ထမင်းချိုင့် အဆင်သင့်ပဲနော် သား ... မေမေ အရှေ့မှာ သူငယ်ချင်းနဲ့ စကားပြောလိုက်အုံးမယ် ... သား စားပြီးရင် ထွက်ခဲ့ "

" ဟုတ် မေမေ "

ယနေ့တွင်တော့ တိမ်ယံ ရုံးပြန်သွားရတော့မည်ဖြစ်သည်။ ရုံးဆိုတာက တိမ်ယံ အလုပ်လုပ်သည့် ရှေ့နေရုံးပင်။ တိမ်ယံသည် ဥ‌ပဒေဘွဲ့ရထားသူ ဖြစ်ပြီး ဖေဖေ့ မိတ်ဆွေ၏ ရုံး၌ အလုပ်သင် ရှေ့နေ လုပ်နေရင်း တရားဝင် ရှေ့နေဖြစ်ရန်အတွက် ကြိုးစားနေသူ ဖြစ်သည်။

" စိတ်မပူနဲ့ပါနဲ့ မမကြီးရယ် ... အဲ့ဆေးခန်းက ပိတ်သွားပေမဲ့ ဒီဘက် လမ်းမပေါ်မှာ ရှိတဲ့ ဆေးခန်းကလည်း ကောင်းတယ် ... ကျွန်မ မနေ့က အားနည်းလို့ ခေါင်းမူးနေတာနဲ့ ဆေးသွားသွင်းတာလေ ... ဆေးဖိုးက တန်မှတန်ပဲ ... ဒေါက်တာလေးကလည်း အရမ်း သဘောကောင်းတာ ... စိတ်ထားလေးလိုပဲ ရုပ်လေးကလည်း ချောမှချော "

မနက်စာ စားနေတဲ့ တိမ်ယံတစ်ယောက် ဧည့်ခန်းမှ မေမေ့သူငယ်ချင်း၏ စကားကို ကြားပြီးနောက် နားရွက်လေးတွေ ထောင်သွားရ၏။

The Breeze အကြောင်းကို ပြောနေခြင်း ‌ဖြစ်သည်မလား။

မေမေက ဘာ‌ပြန်ပြောလဲ သေချာ မကြားရပေမဲ့ စကား ပြောလျှင် အားရစွာ ခပ်ကျယ်ကျယ်ပြောတတ်သည့် အန်တီ့ အသံကိုတော့ ဆက်ကြားရ၏။

" ကျွန်မ စုံစမ်းလိုက်တာ အဲ့ ဒေါက်တာလေးက ဒီလမ်းထဲတင် နေတာတော် ... မမကြီးတို့နဲ့ဆို သုံးခြံအကျော်လေ ... ပြီးကျ တစ်ယောက်တည်း နေတာတဲ့ ... အမေအဖေက ဆုံးသွားပြီး တစ်ယောက်တည်း ရှိတဲ့ အစ်မက ‌နယ်က သူဌေးသားနဲ့ အိမ်ထောင်ကျသွားလို့ အဲ့မှာပဲ သွားနေတယ်လို့ ကြားတယ် ... ကလေးတွေကို စာသင်ပေးတာတဲ့ "

" ကျွန်မဖြင့် တစ်ခါမှလည်း မမြင်ဖူးပါလား ... ဒီလမ်းထဲ ဒေါက်တာရှိမှန်း တကယ်ကို မသိတာရှင် "

မေမေက စိတ်ဝင်စားသွားသောကြောင့်ထင် မေမေ့ အသံကလည်း အားပါလာပြီး ကျယ်လာခဲ့၏။

" ဒေါက်တာလေးက အရမ်း ငြိမ်လို့နေပါမယ် ... ပြီးတော့ ဒီဘက်ပြောင်းလာတာလည်း မကြာသေးဘူးတဲ့ ... ဆေးခန်း ဖွင့်ထားတာလည်း လပိုင်းပဲ ရှိသေးတာလေ ... အဲ့တာကြောင့် ကျွန်မတို့ မသိကြတာနေမှာ "

Nephophile ( Completed )Where stories live. Discover now