18

687 64 1
                                    

[Unicode]

" အစ်ကို ထမင်းစားလို့ရပြီဗျ "

အိမ်အနောက်ဘက် အခန်း၌ တိမ်ယံ ထမင်းခူး၍ အစ်ကို ရှိရာ ဧည့်ခန်းဆီ ပြန်လာတော့ အစ်ကိုသည် ဧည့်ခန်း စားပွဲပေါ် တင်ထားသည့် ဓာတ်ပုံဘောင် အရှည်လေးအတွင်းက တိမ်ယံ ငယ်ငယ်က ပုံလေးတွေကို ကြည့်နေခဲ့၏။

" တိမ်ယံက ငယ်ငယ်လေးတည်းက ချစ်ဖို့ကောင်းတဲ့ တိမ်တိုက်ကလေးနဲ့ တူတာပဲ "

အစ်ကို ပြောတော့ တိမ်ယံလည်း ပုံတွေကို ကြည့်လိုက်မိသည်။ ဟုတ်သည်ပင်။ လေး ၊ ငါးပုံ ရှိတဲ့ထဲ အကုန်လုံး၌ တိမ်ယံက အဖြူရောင်နှင့် ဖြစ်ပြီး ဖြူဖွေးအုနေ၍ ပြည့်ပြည့်လုံးလုံးလေးဖြစ်နေသော တိမ်ယံက တိမ်တိုက်လေးသဖွယ်။ မွေးခင်းစက ပုံလေးက ပိုတူသည်ပင်။ အနှီးထုတ်လေးထဲ တကယ်ကို တိမ်စိုင်လုံးလေးလိုပင်။

" ဟုတ်သားပဲ ... ဟီး ... ချစ်စရာလေး "

တကယ်ပင် သဘောကျသောကြောင့် တိမ်ယံ ရယ်၍ ပြောမိလိုက်သည်။

" ဒီပုံလေးက မိုးရွာခါနီး ဖြစ်ပေါ်တတ်တဲ့ မှိုင်းညို့ညို့ တိမ်တိုက်ကလေးနဲ့ တူပြီး ဒီပုံကတော့ မိုးရွာပြီးသွားချိန် ကြည်စင်သွားတဲ့ ကောင်း‌ကင်ပေါ်မှာ လှလှလေး ပေါ်လာတတ်တဲ့ တိမ်တိုက်လေးနဲ့ တူတယ် "

ဘေးချင်း ကပ်၍ ရှိနေသော ငိုမဲ့မဲ့ မျက်နှာလေးဖြင့် တိမ်ယံ့ပုံနှင့် တောက်ပစွာ ပြုံးနေပြန်သော တိမ်ယံ့ပုံတို့ကို လက်ညိုးထိုးပြ၍ အစ်ကိုက ပြောခြင်းဖြစ်သည်။

" အစ်ကိုနော် "

" ဘာဖြစ်လို့လဲ မတူဘူးလို့ ထင်လို့လား "

" မဟုတ်ပါဘူး ... ကျွန်တော် ပြောချင်တာက အစ်ကို့ကို ပိုးပန်းနေတာက ကျွန်တော်လေ ... ဘာလို့ အစ်ကိုက ကျွန်တော့်ကို ပိုးပန်းနေသလို ပြောနေတာလဲဗျ "

" တိမ်ယံက အဲ့သလို ပြောတာကို မကြိုက်ဘူးလား "

" ဟင့်အင်းလေ ... ကြိုက်နေလို့ ခက်နေတာပေါ့ ... ကျွန်တော် ထပ် ထပ်ပြီး အချစ်မှာ ယစ်မူးနေရပြီလေဗျ "

တိမ်ယံ ထိုသို့ ပြောတော့ အစ်ကို့ မျက်ဝန်းတွေက တိမ်ယံ့ကို စိုက်ကြည့်လာတာ စူးစူးနစ်နစ်။ တိမ်ယံသည် အစ်ကို့ရဲ့ ထို အကြည့်ကို မခံနိုင်ပါ။ အစ်ကိုကြောင့် တသိမ့်သိမ့် လှုပ်ရှားတတ်တဲ့ ရင်အစုံက ထိုအချိန်ဆို တဒိတ်ဒိတ်ဖြင့် ခုန်ပေါက်လာသောကြောင့်။

Nephophile ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin