28 - Final

1.1K 65 9
                                    

[Unicode]

လက်ထဲ ရှိနေသည့်ကို ဘူးလေးကို တစ်ခါ ထပ်၍ ဖွင့်ကြည့်ပြီးမှ တိမ်ယံ သဘောကျစွာ ပြုံးလိုက်ရင်း အိတ်ထဲ သေချာထည့်လိုက်၏။

ထို့နောက် အိမ်အောက်ကို ဆင်းလာတော့ ဧည့်ခန်းတွင် တီဗွီကြည့်နေသည့် ဖေဖေနှင့် မေမေက တိမ်ယံ့ကို ကြည့်လာ၏။

" ဒီညက နှစ်သစ်ကူးည ဆိုတော့ ကျွန်တော် အစ်ကို့ဆီ သွားမလို့ ... ရတယ်မလားဗျ "

" ပြုံးရွှင်ပြီး ဆင်းလာတည်းက သိပါ့ရှင် ... သွားပါ ... မင်းရဲ့ အစ်ကို မနက်က လာတွေ့တုန်းကလည်း ခွင့်တောင်းထားတာပဲ "

" ဟုတ် မေမေ ... ဖေဖေ ကျွန်တော် သွားမယ်နော် "

တိမ်ယံကို စူးစိုက်ကြည့်နေတဲ့ ဖေဖေက ခေါင်းငြိမ့် ခေါင်းခါလည်း မလုပ်တော့ တိမ်ယံ့မှာ ခပ်တောင့်တောင့်။

" အိမ်ကို ပြန်လာ အိပ် "

" ဟုတ်ကဲ့ဗျ ဖေဖေ "

ထိုတော့မှ တိမ်ယံ သက်ပြင်းကို ကြိတ်ချရင်း အိမ်ထဲမှ အမြန် ထွက်လာမိ၏။ ဖေဖေက တကယ် လူကို လန့်အောင် လုပ်နိုင်သည်ပင်။

တိမ်ယံတွေးရင်း မနက်ခင်းက အချိန်ကို သတိရသွား၏။ ယနေ့မနက်က အစ်ကိုသည် သူ့မိဘတွေကို ပထမဆုံး အကြိမ် လာတွေ့ခဲ့တာဖြစ်သည်။ အစ်ကိုက ခန့်ညားသော မူပိုင် အပြုံးဖျော့ဖျော့လေးဖြင့် နှုတ်ဆက်ပေမဲ့ မေမေကသာ ပြန်နှုတ်ဆက်ပြီး ဖေဖေက နှုတ်ဆိတ်၍ အခုဏလေးက တိမ်ယံ့ကို စူးစိုက် ကြည့်နေခဲ့သလိုပဲ ကြည့်နေခဲ့သည်မှာ အတော်ကြီးကိုကြာကြာထိ။ ဧည့်ခန်းတစ်ခုလုံးသည် မိနစ် သတော်ကြာထိ တိတ်ဆိတ်နေခဲ့ပြီးမှ မေမေ့ကြောင့်သာ စကားသံများ ပြန်ထွက်ပေါ်လာခဲ့၏။

" တိမ်ယံသော်ကို မျက်နှာ တစ်ချက် မညှိုးအောင် ထားပေးပါ‌ ဒေါက်တာ လေပြည်ဟိန်း "

" စိတ်ချပါ ... ကျွန်တော် သက်သေပြပါ့မယ် "

ဖေဖေရဲ့ အသံကြောင့် တိမ်ယံက ရင်တွေတုန်ပြီး တုန်လှုပ်နေခဲ့သမျှ အစ်ကိုက အေးဆေး တည်ငြိမ်စွာနှင့် ယုံကြည်ချက် ပြည့်ဝစွာ ထိုစကားကို ဆိုခဲ့သည်။

ယူပစ်သလို ပျောက်ကွယ်သွားတဲ့ တုန်လှုပ်မှုတွေနဲ့ ရင်တုန်နေမှုများ။ အစ်ကို့ စကားသည် တိမ်ယံ့ ရင်ကို တသိမ့်သိမ့်ဖြင့် လှုပ်ရှားမှုလေးကို ထပ်မံဖြစ်စေခဲ့ပြန်သည်။

Nephophile ( Completed )Onde histórias criam vida. Descubra agora