19

700 64 1
                                    

[Unicode]

ယနေ့က နှစ်တစ်နှစ်၏ နောက်‌ဆုံးနေ့ ဖြစ်ပြီး တိမ်ယံနှင့် အစ်ကို တွေ့ရန် ချိန်းထားသည့် နေ့ဖြစ်၏။

ပထမ အစ်ကို ချိန်းတုန်းက တိမ်ယံ ထင်ခဲ့သည်က ယခင် တစ်ခါလို နေ့ဘက် တွေ့မည်ဟူ၍ပေါ့။ သို့သော် နှစ်သစ်ကူးချိန်ကို အတူတူ ဖြတ်သန်းချင်လားဟူ၍ အစ်ကို့ အမေးနောက် တိမ်ယံတို့ တွေ့ရန် ချိန်းလိုက်သည့် အချိန်က ည ၈ နာရီ ဖြစ်ခဲ့၏။

ဒါကလည်း တိမ်ယံ ချိန်းလိုက်တာပင်။ ညနက်ထိ အလုပ်များသည့် အစ်ကိုက နေ့ဘက် ကောင်းကောင်း အနားယူရန် လိုသည်မလား။

တိမ်ယံ ညနေပိုင်း ရေချိုးပြီးချိန်တည်းက အဝတ်အစား လဲပြီး အသင့်ပြင်ထားပြီးဖြစ်သည်။

တိမ်ယံ ဝတ်ထားသည်ကတော့ ညနက်ပိုင်းထိ နေရမည် ဖြစ်တာကြောင့် အေးလာမည့် ရာသီဥတုနှင့် ကိုက်ညီအောင် Vintage style sweatshirt လက်ရှည် အညိုနုလေးကို ဘောင်းဘီအညိုရင့်ရောင်လေးနှင့် ဝတ်ဆင်ထားတာဖြစ်သည်။

ထိုဝတ်စုံလေးနှင့် တိမ်ယံ့ပုံစံလေးက ဆောင်းရာသီ၏ အေးချမ်းတဲ့ ညခင်း၌ နွေးထွေးစေမည့် ချောကလက်ပူပူလေးလိုပင်။

" ငါ့သား ... မင်း ... ချစ်သူရနေပြီလား "

၇ နာရီကျော်ပြီ ဖြစ်တာကြောင့် အပေါ်ထပ်မှ ဆင်းလာတဲ့ တိမ်ယံ့ကို ဧည့်ခန်းတွင် နှစ်သစ်ကူး ပွဲစဉ်များကို တီဗီမှ ထိုင်ကြည့်နေသည့် မေမေက လှမ်းမေးလေ၏။ ‌အတူတူ ထိုင်နေတဲ့ ဖေဖေကလည်း မေမေ့ အမေးကြောင့် တိမ်ယံ ဘာဖြေမလဲကို စောင့်ကြည့်နေသည်။

" အဟမ်း ... ဘာလို့ မေးတာလဲ မေမေ "

" ဪ ... ငါ့သားက အမြဲ အိမ်ကပ်နေတာလေ ... အပြင်သွားတာဆိုလို့ ရုံးသွား ရုံးပြန်လောက်ပဲ ရှိခဲ့တာကို အခုတော့ အဲ့လို မဟုတ်ဘဲ ခဏ ခဏလည်း အပြင်ထွက်ပြီး ဒီနေ့လည်း အမြဲ အိမ်မှာ ရှိနေကျ နှစ်သစ်ကူးညကို အပြင်ထွက်ဖို့ လုပ်ထားတယ်မလား ... ပြီးတော့ ... အင်း ... ရှိပါသေးတယ် ... ပြောင်းလဲနေတဲ့ ငါ့သား ပုံစံတွေ မေမေ မြင်ရတယ်လေ "

" အဟဲ ... မေမေက သိပ် ပါးနပ်တာပဲ ... ဒါပေမဲ့ မေမေရယ် ကျွန်တော့်ကို အထင်မကြီးပါနဲ့ ... ကျွန်တော် အခုမှ ပိုးပန်းနေတုန်းဗျ ... ချစ်သူ မဖြစ်သေးဘူး "

Nephophile ( Completed )Where stories live. Discover now