14

688 69 2
                                    

[Unicode]

တိမ်ယံ့ ဘဝ၌ အရေးပါးဆုံး အရာ‌တွေက သိပ်မများဘဲ အနည်းအကျင်းသာရှိသည်။ မိဘ ၊ ချစ်ရပါသော အစ်ကို ပြီးလျှင် တိမ်ယံ့၏ အိပ်မက်ဖြစ်သည့် ယခု အလုပ်လုပ်နေသော ရုံး၌ တရားဝင် ရှေ့နေပင်။

ထိုထဲ၌ အရာရာက တိမ်ယံ့‌ဆီတွင် ပျော်ရွှင်မှုများ ဆောင်ကြဉ်းလျက် တိမ်ယံ့ဘက်၌ ရှိကြသည်မှာ ယခုထိ ဖြစ်ပေမဲ့ ယနေ့တွင်တော့ တိမ်ယံ့၏ အိပ်မက်သည် ပျက်စီးလုနီးပါးဖြစ်သွားခဲ့၏။

ဒါဟာ တိမ်ယံ့ ရွေးချယ်ချက်ကြောင့် ဖြစ်လာတာဖြစ်ပြီး တိမ်ယံ သိပါသည် ဤအရာကို ရွေးချယ်လျှင် ဤသို့ ဖြစ်မည် ဆိုတာကိုပေါ့။

သို့ပေမဲ့ တိမ်ယံ ဝမ်းနည်းလွန်းရပြီး ကမ္ဘာပြိုသလိုပင် ခံစားရ၏။ တိမ်ယံ ကိုယ့် ဆုံးဖြတ်ချက် အတွက် နောင်တ မရသော်လည်း အမှန်တရားကို နိုင်စေချင်သော ရည်ရွယ်ချက်ကြောင့် ကိုယ့်အိပ်မက် ဆုံးရှုံးလုနီးပါး ဖြစ်ရသည်ကို မခံမရက်နိုင် ဖြစ်ရပါသည်။ ဒီနှစ်တွေထဲ ကြိုးစားခံသမျှနှင့် ဒီလတွေထဲ ဒဏ်ရာရနေခဲ့တာတောင် မနားဘဲ နေ့နေ့ညည ကြိုးစား၍ လုပ်ခဲ့ရသည်များက သဲထဲရေသွန်သလို ဖြစ်ရသည်အား မချင့်မရဲ ဖြစ်ရ၏။ ထို့ပြင် သူ့ကိုမှ ဤသို့ ကြုံစေသော ကံကြမ္မာအားလည်း လွန်စွာကို အပြစ်တင်ချင်မိပါသည်။

အချိန်အတော်ကြာ ရုံးရှေ့ ပန်းခြံရှိ လူသွား လူလာနည်းသော နေရာတစ်နေရာ၌ ထိုင်နေသည့် တိမ်ယံ့၏ မျက်ဝန်းများသည် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့ပါသည်။ သူ့ရွေးချယ်ချက်ကြောင့် ဖြစ်သည့် ကိစ္စမို့လို့ တိမ်ယံသည် သူ့မျက်ရည်များကို ကျခွင့်မပေး။ တိမ်ယံ ယခု အချိန် လိုအပ်သည်က တစ်စုံတစ်ယောက်သာ။ ဝမ်းနည်းနေသည့် သူ့အား နှစ်သိမ့်ပေးနိုင်မည့် တစ်စုံတစ်ယောက်။

" အစ်ကို "

တိမ်ယံ သူ့လက်ထဲ ကိုင်လာမိသည့် ဖုန်းကို ဖွင့်၍ သူ့နှလုံးသားထဲ၌ ရှိသော တစ်ဦးတည်းသောသူကိုသာ ဆက်သွယ်ခဲ့သည်။

" တိမ်ယံ ဘာဖြစ်လို့လဲ "

" အစ်ကို ကျွန်တော် ... "

ရင်ထဲ တင်းကြပ်နေမှုများကြောင့် တိမ်ယံသည် စကားလုံးတွေကို ပြောမထွက်ဘဲ အသံတိမ်ဝင်သွားခဲ့၏။ ထိုသို့သော တိမ်ယံ့ရဲ့ အသံလေးက သိသာနေခဲ့၍ ထင်ပါသည် အစ်ကိုက ဆိုလာလေသည်။

Nephophile ( Completed )Où les histoires vivent. Découvrez maintenant