အခန်း(၆)

1.1K 110 0
                                    

'Lilac ပန်းလေးရဲ့ပန်းစကားလေးကတော့
အချစ်ဦးအချစ်နဲ့ပတ်သက်တဲ့ ပထမဆုံးခံစားချက်  ပါတဲ့ ..'

စာအုပ်ဖတ်နေရင်းမှ မျက်နှာကျက်ကို တွေဝေစွာ ငေးကြည့်နေတဲ့ မှိုင်းညို့ညို့မျက်ဝန်းများကို မေသတိထားမိခဲ့ပြီ။ မင်းကချစ်ဖူးခဲ့တာပဲ။

'ကိုယ့်ဘဝရဲ့ လိုင်လတ်ပန်းကလေးကိုရော မှတ်မိသေးလား'

နောက်ဆုံးစာကြောင်းဖတ်အပြီးမှာတော့ ကျူးရိပ်က အပြုံးမမည်သော အပြုံးတစ်ခုနှင့်အတူ ရယ်လိုက်သည်။

"ဒီနေ့တော့ ဒီလောက်ပဲပေါ့နော်။ နောက်ရက်မှ အစ်မနားထောင်ချင်စိတ်ရှိသေးရင် ထပ်ဖတ်ပြမယ်"

ကျူးရိပ်ကလှဲနေရာမှ ထထိုင်လိုက်ပြီး စာအုပ်အဖုံးကို ပိတ်လိုက်ကာ စားပွဲပေါ်တင်သည်။ ဖတ်ကာစတုန်းကကဲ့သို့ ကျူးရိပ်ရဲ့ မျက်လုံးတွေ မတောက်ပနေတော့။

"မင်းမှာ လိုင်လတ်ပန်းလေးရှိခဲ့တယ်မလား ကျူးရိပ်"

အညိုရောင်မျက်ဝန်းသေတွေရဲ့ ဦးတည်ချက်ဟာ မေ့ကိုစိုက်ကြည့်နေတာလည်းမဟုတ်။ မျက်နှာကျက်ကိုလည်း မဟုတ်ပဲ ပြတင်းပေါက်ရဲ့ အဝေးတနေရာကိုသာ ဖြစ်သည်။

"အင်း ... "

မေမှန်းဆထားသော အဖြေဖြစ်လင့်ကစား သူ့ဆီကထပ်ကြားရတော့ ဝမ်းနည်းသယောင်ဖြစ်သွားတဲ့ ခံစားချက်က တဟုန်ထိုးတိုးဝင်လာသည်။ ဘယ်လိုလူကများ မင်းကိုချန်ရစ်နိုင်ခဲ့ရတာလဲ ကျူးရိပ်ရယ်။

တခဏကြာတော့ မေ့ဘက်ကိုပြန်ကြည့်လာတဲ့ မျက်ဝန်းတွေဟာ စောနကနဲ့ဆန့်ကျင်စွာ။ သူ့ကိုယ်သူ သတိထားနေရတာဖြစ်မှာပါရဲ့။

"အချစ်ဦးကတော့ လူတိုင်းမှာရှိတာပဲအစ်မရဲ့။ နော ..မဟုတ်ဘူးလား"

"မင်းစကားက တို့အတွက်တော့ မှားသွားပြီကွယ်"

လက်တဖက်ဖြင့် ပါးစပ်ကို ခပ်ဖွဖွအုပ်လိုက်ပြီး အံ့သြဟန်ပြုကာ မေ့ကိုစကားဆက်ပြောသည်။

"မယုံနိုင်စရာဆိုပေမယ့် အစ်မဖြစ်နေလို့ ယုံပေးပါမယ်။ ပြီးတော့ အစ်မရဲ့လိုင်လတ်ပန်းလေးကိုလည်း အမြန်ဆုံးရှာတွေ့နိုင်ပါစေနော်"

ကျူးသစ္စာရိပ်Where stories live. Discover now