အခန်း(၁၅)

1K 106 0
                                    

"အရိုးသားဆုံးဝန်ခံရရင် တစုံတယောက်ကိုချစ်မိနေပြီ ဆိုတဲ့အဓိပ္ပာယ်နဲ့ ပန်းလေးပေါ့"

ကူးကပန်းကိုပဲတယုတယနဲ့ စိုက်ကြည့်နေပြီး ကျူးရိပ်ကိုတော့ မော့ပင်ကြည့်မလာပါ။

"ကျူးရိပ်လေ .. ကူးကိုဝန်ခံလို့တော့ရမယ်မလားဟင်။ ကူးဘက်က သဘောထားကို မသိရပေမယ့် ကျူးရိပ်ရဲ့ ခံစားချက်တွေကိုတော့ ပေးသိလို့ဖြစ်တယ်မလား"

ပန်းဆီကအကြည့်ကိုလွှဲပြီး တခြားပန်းအိုးတွေရှိတဲ့ဘေးဘက်ကို ကူးကမျက်နှာမူတယ်။
ကျူးရိပ်လည်း ဘယ်ကဘယ်လိုပြောလိုက်ဖို့အားတွေ ရှိလာမှန်းမသိတော့ပေမယ့် ထွက်လာတဲ့စကားလုံးတိုင်းက ချောချောမွေ့မွေ့ရှိနေလို့တော်သေးတာပေါ့။

"ကူးကို ကျူးရိပ်ချစ်တယ်။ ဒီတိုင်း .. ညီအစ်မလို အသိလိုမဟုတ်ပဲ ဟိုလေ .. "

သွားပြီ။ ရှေ့တုန်းက အပီအပြင်တွေပြောခဲ့ပြီးမှ ဒီနေရာအရောက်မှာ ဘာဆက်ပြောရမှန်းမသိတော့။ ဘယ်လောက်စဥ်းစားစဥ်းစားလဲ ခေါင်းထဲက ထပ်ထွက်မလာတော့ဘူး။

"တို့ပြန်တော့မယ် .. "

ရှေကကူးရဲ့အသံကိုကြားခါမှ လွတ်နေတဲ့အသိစိတ်တို့ ပြန်ကပ်လာသည်။ ဟုတ်သားပဲ .. နေတောင်တော်တော်စောင်းနေပြီ။

"မပေးတော့ဘူးလား ဟို ပန်းက"

"အာ .. ကူးလက်ခံမခံမှာကို .. "

"မင်းနဲ့ကွယ် .. "

ကျူးရိပ်ငိုချင်တာမျိုးမဟုတ်ပါ။ ဒါပေမယ့် ကူးကသာ ကျူးရိပ်ကိုငြင်းလိုက်ရင်ဆိုတဲ့ အတွေးက မျက်ရည်စတွေကို ယူဆောင်လာတာမျိုးဖြစ်မည်။

"အို .. ဘာလို့ငိုနေရပြန်တာလဲ။ မသိရင် တို့ကပဲအနိုင်ကျင့်နေသလိုပဲ"

ကူးကပြောရင်းနှင့် ကျူးရိပ်ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကို သူ့လက်နှစ်ဖက်နဲ့ ခပ်ဖွဖွအုပ်ကိုင်ရင်း ပွတ်သပ်ပေးသည်။ ဒါနှစ်သိမ့်နေတာမလား .. တနည်းအားဖြင့် ကူးဘက်ကလက်မခံနိုင်လို့ ကျူးရိပ်ကို နှစ်သိမ့်နေတာမျိုးလား။

"တို့ အရိပ်ပြောချင်တာကိုနားလည်တယ်။ ဒါကြောင့် ထပ်မငိုနဲ့တော့ကွယ်။ အမှန်တိုင်းပြောရရင် မင်းငိုတာကို မမြင်ရက်ဘူး"

ကျူးသစ္စာရိပ်Where stories live. Discover now