အခန်း(၉)

1.1K 119 2
                                    

ကျူးရိပ်လည်း ထိုညတုန်းက ဘယ်လိုလုပ်ပြီး အစ်မဆီ ဖုန်းဆက်ဖြစ်သွားလဲပင် ကိုယ့်ဘာကိုယ်မသိ။ ပုံမှန်ဆို အစ်မနဲ့ဖုန်းပြောရတိုင်း အစ်မကပဲ စဆက်တာချည်းပင်။ ဖြစ်နိုင်တာကတော့ အစ်မက ကျူးရိပ်အပေါ် တစ်ခုခုစိတ်အလိုမကျဖြစ်နေမှာကို စိုးရိမ်နေတာကြောင့်ပဲ။

အစ်မဟာလေ .. သိပ်ကိုလှတယ်။ မဟုတ်သေးဘူး .. ယဥ်တယ် လို့ပြောရမယ်ထင်ရဲ့။ တိုင်းရင်းသူဆန်ဆန် အသံခပ်ဝဲဝဲလေးက ဘယ်အချိန်ကြားရကြားရ နားဝင်ချိုလွန်းတယ်။ ထိစပ်လုနီးပါးဖြစ်နေတဲ့ မျက်ခုံးမွှေးတွေဟာ အစ်မရဲ့ဖြူဖွေးသော မျက်နှာပြင်ထက်ဝယ် အထင်းသား။ သေးသွယ်တဲ့နှာတံနဲ့ ပါးလှပ်သော နှုတ်ခမ်းပါးတစုံဟာလည်း အစ်မရဲ့အလှကို ထောက်ပံ့ပေးနေလျက်။ အထူးခြားဆုံးကိုပြောရမယ်ဆိုရင်တော့ အစ်မရဲ့ဆံနွယ်တွေပဲပေါ့။ တင်ပါးနားထိ ဖြန့်ကျနေတဲ့ ပိတုန်းရောင်ဆံနွယ်ရှည်တွေနဲ့အစ်မဟာ သိပ်ကိုလိုက်ဖက်လွန်းတယ်။ စတွေ့တွေ့ချင်းတုန်းက လျောကျသွားသော ကားမှန်အကြားက အစ်မကိုမြင်လိုက်ကတည်းက အစ်မဟာထိုသို့ထိုပုံ ပြုစားနိုင်ခဲ့ခြင်းဖြစ်သည်။

ကျူးရိပ်နေမကောင်းစဥ် အိမ်ကိုရောက်လာတဲ့ အစ်မရဲ့မျက်ဝန်းထဲက စိုးရိမ်မှုတွေကို ခြံတံခါးမဖွင့်မီ တံခါးအကျော်မှာကတည်းက ကျူးရိပ်မြင်ပြီးသားပါ။ အစ်မဟာလေ ဆရာဝန်မလို့ထင်ပါရဲ့ .. သူ့လူနာကိုအရမ်းဂရုစိုက်တတ်တာပဲ။ ဒါတောင်ပြန်ခါနီး နေမကောင်းတဲ့လူကို တချက်ဆူသွားသေးတာ။

အစ်မ ကျူးရိပ်အိမ်ကိုလာပြီး စာဖတ်ပြတာနားထောင်ပေးနေတုန်းက ကျူးရိပ်အရမ်းပျော်နေတယ်။ ဘာလို့လဲ .. အစ်မဘေးမှာ ရှိနေလို့လား ဒါမှမဟုတ် စာဖတ်ပြနေရလို့လား။ ကျူးရိပ်ကိုယ်တိုင်လည်း ဘာကြောင့်ပျော်နေမှန်း သေချာတော့မသိပေ။ နဖူးပေါ်ကျနေတဲ့ ကျူးရိပ်ရဲ့ဆံပင်တွေကို အစ်မကသူ့လက်ချောင်းတွေနဲ့ ဖယ်ပေးတုန်းကဆို ကျူးရိပ်မှာ ဖတ်လက်စစာတောင် ဘယ်စာကြောင်းရောက်သွားလဲဆိုတာ မနည်းလိုက်ရှာရတယ်။

အချစ်ဦး .. အချစ်ဦးတဲ့။ အစ်မက 'မင်းမှာလိုင်လတ်ပန်းလေး ရှိခဲ့တယ်မလား' လို့မေးတော့
ကျူးရိပ်အစ်မကို မလိမ်ခဲ့ဘူး။ ပထမဆုံးချစ်မိတဲ့အချစ်ဟာ ကျူးရိပ်အတွက်တော့ နာကျင်ဖွယ်အတိပါပဲ။ စိတ်ဒဏ်ရာအပြည့်နဲ့ ဘယ်သူ့ကိုမှထပ်မချစ်နိုင်သည်အထိ။
မင်းညိုမပြန်ခင်တုန်းကတော့ သူနဲ့ပတ်သက်တာတစ်ခု ပြောသွားသေးသည်။

ကျူးသစ္စာရိပ်Donde viven las historias. Descúbrelo ahora