(An: အလှူတစ်ခုမှာ ပါဝင်ခဲ့တဲ့ shortလေးကို ပြန်တင်ပေးလိုက်ပါတယ်။)
"သစ်မြစ်"
အခန်းသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။
ထိုတိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည့်အသံက မာန်ပါ သည်။
ကရုဏာသံလည်း ရောနှောနေသလို၊ ဩဇာသက်ရောက်နိုင်သည့် အသံကို ပိုင်ဆိုင်ထားသူ။
အခေါ်ခံရသူမှာသာ ခေါင်းမဖော်ရဲ။
သို့သော် လျစ်လျူရှူ၍ဖြင့် မရဲပါ။"ဗျာ ဦးငယ်."
"ခေါင်းကို မော့စမ်း! "
နားထဲသို့ ဟိန်းကာ ဝင်လာသည့် အသံက အကြောလေးတွေအထိ စိမ့်သွားကာ ခန္ဓာကိုယ်သည် တုန်ခနဲ။
ငုံ့ကျနေသည့် ဦးခေါင်းသည် လည်း ဆတ်ခနဲ မော့လိုက်ရသည်မှာ အလိုအလျောက်။မျက်လုံးကို တည့်တည့်ကြည့်မိတော့ အလျင်အမြန် ထိုသူ့ မေးဖျားကိုသာ အကြည့်လွှဲရသည်။
တွေ့စက ထိုမျက်ဆန်နက်တို့ကို သဘောကျခဲ့ရသလောက် အခုတော့ အပြစ်လုပ်မိလာတိုင်း ထိုမျက်ဆန်နက်တို့ကို ရင်မဆိုင်ရဲပါ။"မင်း အသက် ဘယ်နှနှစ်လဲ"
"တစ်ဆယ့်ကိုးပြည့်ပြီး သုံးလ"
"စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသင့်ပြီ မထင်ဘူးလား သစ်မြစ် "
အမေးသည် နှစ်ခွ။ မင်းမှာ ဒီအရွယ်ထိ ဆင်ခြင်နိုင်စွမ်း မရှိဘူး။ ဒါသည် ဆိုလိုရင်း ဖြစ်လိမ့်မည်။
ဦးငယ်က စကားကို သူတစ်ဖက်သားထိခိုက်အောင် တဲ့တိုး မပြောတတ်။ ယဉ်ကျေးစွာဖြင့်သာ စကားသုံးနှုန်းပြတတ်သည်။
သစ်မြစ်နှင့်တော့ ဆန်ကျင်ဘက်ပင်။"မှားခဲ့ပါတယ် ဦးငယ်"
မေးဖျားကို အကြည့်ပို့နေရာကနေ တဖြည်းဖြည်းနှင့် မျက်လွှာကို ချလိုက်မိတော့သည်။
ဝန်ခံသည့်စကားပင် ထွက်နိုင်သည်။
သူ့အကျင့်ဆိုးတွေအတွက် ဆင်ခြေဆင်လက် တတ်လို့ရသည့်အထဲ ဦးငယ် မပါဝင်ပါ။"မှားခဲ့တယ်? လွယ်လိုက်တာ"
ခနဲ့သည့်စကားပေမယ့် ဦးငယ်က မျက်နှာတည်ဖြင့်သာ။ ရယ်သံ ခြောက်ကပ်ကပ် ပါလာလျှင်တော့ အခြေအနေမကောင်းပါ။ မုန်တိုင်းသည် ရှေ့တည့်တည့်တွင် ထန်နေလေပြီ။
လှေမှောက်ဖို့က သေချာနေပြီ။