*လောင်ဆပ်*
"ရင်သွေး! ဘာလုပ်နေတာလဲ"
မထင်မှတ်ထားသည့် အသံကိုကြားလိုက်ရသည်ကြောင့် လက်ထဲ ကိုင်ထားသည့် မုန့်ပန်းကန်တို့ ပြုတ်ကျကုန်တော့သည်။
တိတ်ဆိတ်နေသည့်ဆိုင်အတွင်းမို့ လွတ်ကျသည့်အသံသည် အတော်လေးဆူညံသွားသည်။
ဆိုင်မန်နေဂျာသည် အပြေးရောက်လာကာ မာန်မဲဖို့ ဟန်ပြင်လိုက်သော်ငြား ကိုကြီး အကြည့်တွင် ပါးစပ်မဟတော့ပေ။
"မင်း ဒီမှာ ဘာလုပ်နေတာလဲလို့ ငါမေးနေတယ် မြတ်ရင်သွေး!!"
ထပ်မံအော်လိုက်သည့် အသံတွင် သွေး ကိုယ်လုံးလေး ဆတ်ခနဲ။
"အလုပ် အလုပ် လုပ်နေတာပါ ကို.ကိုကြီး"
"တောက်! မင်း လာစမ်း!! "
ဆတ်ခနဲ ဆွဲကိုင်ခံလိုက်ရသည့် လက်ကောက်ဝတ်သည် စူးခနဲ။
ကိုကြီး ဆွဲခေါ်ရာနောက် တရွတ်တိုက်လုမတတ် ပါလာရကာ ဘာမှ ပြောချိန်ပင် မရလိုက်။ကားရပ်ထားသည့် နေရာအရောက် ဝုန်းခနဲ ကားထဲ ပစ်ထည့်ခံလိုက်ရသည်။
နောက်က လိုက်လာသည့် မန်နေဂျာအစ်ကိုနှင့် ဘာတွေ မေးမြန်းဖြေရှင်းနေသည်မသိ။
ဧကန္တ! သွေး လွတ်ကျသွားခဲ့သည့် ပန်းကန်ဖိုးများ အလျော်တောင်းနေသည်လား။ဘုရားရေ! ကိုကြီး ခေါင်းမှာ အငွေ့တွေတောင် တွေ့နေရသလိုပဲ။ ဒေါသက အငွေ့ပျံလုမတတ် လောင်ကျွမ်းနေလောက်ပြီ ထင်ပါ့။
"ဟို ကို."
"မင်း ပါးစပ်ကို ပိတ်ထားပေး! ငါ မမေးမချင်း ဘာစကားမှ မကြားချင်ဘူး!"
"ဟုတ်"
လိမ်ကျစ်နေသည့် လက်ချောင်းလေးတွေက စိတ်လှုပ်ရှားလွန်းရင် သတိမထားမိဘဲ ပြုလုပ်မိသည့် အကျင့်ပင်။
ကားဦးတည်ရာသည် ကိုကြီးရဲ့ အိမ်ဖြစ်သည်မို့ ထိုအိမ်သို့ ရောက်သည်နှင့် သူရင်ဆိုင်ရမည့် အခြေအနေကို ဆက် မတွေးရဲပါ။
မြတ်ရင်သွေးသည် အရာရာတိုင်းကို ကြောက်တတ်သည့် မဝံ့မရဲလေးဖြစ်သည်။
ထိုအရာရာတွေထဲ ကိုကြီးကိုတော့ အထွဋ်အထိပ်ထိ ကြောက်ရသည်။