ချာတိတ်(inner child)
ရှောင်ပြေးဖို့ပဲ ကျွမ်းကျင်တဲ့ ကလေးကို ကျနော်က ပူပန်ရတယ်။
တစ်ခုခုစိတ်အားငယ်သွားတိုင်း ရှိနေမှန်းမသိရတော့အောင် ငြိမ်သွားတတ်တယ်။
အမြဲ ပြုံးပြနေတတ်တဲ့ အေးအေးချမ်းချမ်းအပြုံးတွေ တွေ့ရတာများလာလေ စိုးရိမ်စိတ်က ပိုတိုးလာရတယ်။
ခက်ခဲလေ ပိုပြုံးလေ ကလေး မို့လို့ ကျနော်က အဲဒီအစား သူငိုကြွေးဖို့ ပိုလိုလားတယ်။
ဘယ်လောက်တောင် တင်းခံထားတာတွေ များနေသလဲဆို ငိုဖို့တိုက်တွန်းတာတောင် ချာတိတ်က မငိုနိုင်တဲ့အဖြစ်။
ကိုယ့်ကိုယ့်ကိုယ်ပဲ တွေးပေးစမ်းပါ။
ကိုယ့်အတွက်ပဲ ကြည့်စမ်းပါ။
တစ်ကိုယ်ကောင်းဆန်တတ်ဖို့ ကြိုးစားစမ်းပါ။
အရေးမပါတာတွေ လျစ်လျူရှုစမ်းပါ ချာတိတ်ရ..လို့။
အားမလိုအားမရနဲ့ ကျနော်က မြည်တွန်တောက်တီးတော့ အဲဒီဟာလေးက ခေါင်းကို တဆတ်ဆတ်ခါတယ်။သူ မလုပ်နိုင်ဘူးတဲ့ ပြတ်တောင်း ပြတ်တောင်းလေး ရေရွတ်တယ်။
"မင်းထိုက်နဲ့ မင်းကံပဲ" လို့ ဒေါသမထိန်းနိုင်ဘဲ အော်ရင် ချာတိတ်က မျက်လုံးဝိုင်းကြီးတွေနဲ့ နားလည်ပေးဖို့ တောင်းခံတတ်သေးတယ်။
"ငယ်ငယ်ကလိုမျိုး တွေ့ရာ ဝါးခြမ်း စွဲ ရိုက်လိုက်ရ" လို့ ဂရုဏာဒေါနဲ့ ကြိမ်းမိတော့ ပြောရခက်ခက်လေးက ဇက်ကလေး အသာ ပုတယ်။
ကိုကြီး ရိုက်ရင်တော့ ငိုမှာပေါ့လို့ လျှာကလေးထုတ် ပြောင်ပြပြီး ပြေးသွားတတ်ပြန်တယ်။ ခုန်ဆွခုန်ဆွနဲ့ မျောက်တစ်ပိုင်း၊လူတစ်ပိုင်းဟာလေး။
အဆင်မပြေလာတိုင်း ကျနော့်ကို သူ ရှာတတ်တယ်။ သူ မရှာလည်း ကျနော်က ရှာရတာပဲ။ တစ်လောကလုံးနှင့် ယှဉ်မိရင်တောင် စိတ်မချနိုင်တဲ့ထဲ အဲဒီဟာလေး ထိပ်ဆုံးက။
စေတနာနဲ့ မတန်တဲ့သူတွေနဲ့ ပတ်သက်ပြီး ချာတိတ် နာကျင်ရတိုင်း ကျနော့်မှာ မချိတင်ကဲ။
ကလေးအထာတွေနဲ့ ချာတိတ်အပေါ် လူလည်ကျတဲ့ ကောင်တွေလို့ သတိပေးပြီး တားခဲ့ပေမယ့် စကားနားမထောင်ဘဲ ဝင်ဝင်တိုးတတ်တဲ့ ဟာလေး။
နေပါစေ။ ခံလာရပါစေဆိုပြီး လွှတ်ထားလိုက်ချင်ပေမယ့် တကယ် နာကျင်နေတာတွေ့တော့လည်း မနေနိုင်သူဟာ ကျနော် ပါပဲ။