ကိုကို့ချာတိတ်

2.9K 157 25
                                    

* ကိုကို့ချာတိတ်*

ပုဏ္ဏရိပ်ညို၊ ပြည့်စုံမင်းခန့်

"ချာတိတ် ဘာလုပ်နေလဲ"

အိမ်ထဲဝင်လာလာချင်း မေးငေါ့ကာ မေးလိုက်သည်နှင့် ဖြေရခက်သည့် မျက်နှာတွေကို ပုဏ္ဏ မြင်လိုက်ရသည်။

"ဟို ပြည့်ပြည့်လေးက ခြံ ခြံထဲမှာပါ"

"ခြံထဲမှာ!? ဒီလောက် နေပြင်းတဲ့အချိန်ကို သူ ဘာလုပ်နေလဲ အခုသွားခေါ်လာ!"

အမိန့်ပေးပြီးမှ ဘာလုပ်နေလဲ မှန်းဆမိသွားရကာ ပို၍ စိတ်တိုလာရသည်။

"နေတော့ ဖိုးလုံး! ငါ ကိုယ်တိုင် သွားမယ်"

ခြံထဲဆင်း၍ အပြေးခေါ်ရန် ဟန်ပြင်နေသည့်  ဖိုးလုံးကို တားရင်း ကိုယ်တိုင်သာ ထွက်လာလိုက်တော့သည်။

စိတ်အိုက်သည်ကြောင့် ‌လည်ပင်းက ကြယ်သီးတို့ကို နှစ်လုံးခန့်ဆွဲဖြုတ်ရင်း ချာတိတ် ရှိနေနိုင်မည့်နေရာဆီ ဦးတည်လိုက်သည်။

ထင်သည့်အတိုင်းပင် တစ်ခုမှ မလွဲခဲ့ပါ။ အင်းချည်သားအဖြူ ရှမ်းကြယ်သီးတပ် ဝမ်းဆက်ကို ဝတ်ထားပြီး အပင်ရုံတွေ၏ အကာအကွယ်ယူကာ မြက်ခင်းပြင်ပေါ် လူးကာ လွန့်ကာ။
ထိုဝတ်စုံသည် ပုဏ္ဏ ရှမ်းပြည်ဘက်ရောက်စဉ်က တခုတ်တရ ဝယ်လာပေးဖြစ်သည့် လက်ဆောင်တွေထဲမှ တစ်ခု။ အခုတော့ ဖြူဖွေးသော ဝတ်စုံသည် ညစ်ထေးလျက်။
နံဘေးတွင် အမွှေးဖွားသတ္တဝါနှစ်ကောင်က ပတ်ပြေးနေကာ ထိုအကောင်ပေါက်တွေကို လူအကောင်ပေါက်က ဖမ်းလိုက် လွှတ်ပေးလိုက် ဆွဲမွေ့ကာ ပွေ့ပိုက်လိုက်ဖြင့် မြှူကာနေသည်။

"ချာတိတ်!"

ခေါ်လိုက်သည်တွင် ဆတ်ခနဲ တုန်သွားသည့် ကိုယ်လုံးလေးကို အရင်မြင်ရပြီး ကုန်းရုန်းထကာ လှည့်ကြည့်လာသည့် မျက်နှာလေးကို နောက်မှ တွေ့ရသည်။

"ကိုကို."

ထရပ်လိုက်ပြီးသည်နှင့် ခေါင်းကို ငုံ့သွားသည့် ၊ ရွယ်တူတွေကြား ထွားပေမယ့် ပုဏ္ဏနှင့် ယှဉ်ရပ်တိုင်း ပုတုတုဖြစ်‌နေသည့် ပုံရိပ်ကို အကြည့်မလွှဲမိ။

"ဘာလုပ်နေလဲ"

"..."

ပြန်ဖြေသံသည် ထွက်မလာပါ။ ချာတိတ်ခြေထောက်နားတွင် ပွတ်တိုက်ခေါင်းတိုးကာ ယောက်ယပ်ခတ်နေသည့် အမွှေးဖွားနှစ်ကောင်နှင့် အစောက တွေ့ရသည့်မြင်ကွင်း တွဲမိတည်းက ဘာလုပ်နေလဲ သူ သိပြီးသားဖြစ်သည်။

SpringWhere stories live. Discover now