နှစ်ဦးနှစ်ကူး

1K 124 36
                                    

Unicode

"ဖေငယ် ခေး လှလား"

တီတီတာတာအသံလေးကြောင့် ဆည်းဆာပြုံးမိကာ နောက်သို့လှည့်ကြည့်တော့ ပုဆိုးပိစိလေးနှင့် ကေသရာဇာလေးကို တွေ့ရ၏။

"ဖေ့သားက ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးကလေးလေးပါကွာ လာပါဦး ဖေ့ကို ပေးနမ်းပါဦး"

ကိုယ်လုံးတုတ်တုတ်လေးကို ဆည်းဆာ မနာအောင် ဖျစ်ကာ ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကို ရှူးခနဲ ရွှတ်ခနဲ နမ်းတော့ ကေ့ဆီမှ တခစ်ခစ်ရယ်သံလေးများပင် ထွက်ကျလာလေသည်။

"လာ ဖေတို့ ဖေကြီးဆီ သွားကြရအောင်"

သားကို ကောက်ပွေ့ကာ အောက်ဆင်းလာလျှင် တစ်ဖက်အခန်းမှ ထွက်လာသည့် ကိုကိုနှင့်ဆုံ၏။
တိုက်ပုံအမဲလေးနှင့် ကိုကိုက သိပ်ခန့်နေတာမို့ ဆည်းဆာ အကြည့်မလွှဲနိုင်အောင်ပင်။ ကိုကိုက အနောက်တိုင်းဆန်ဆန်ဝတ်စားထားလျှင်လည်း ဆွဲဆောင်မှုအားပြင်းကာ ညို့ဓာတ်ရှိသည့် အမျိုးသားဖြစ်သည်။အခုလို မြန်မာ့ဓလေ့အတိုင်း ဝတ်စားထားပြန်လျှင်လည်း ရှင်းသန့်ကြည်စင်ခြင်း၊ ခန့်ညားမြင့်မြတ်ခြင်း ဟူသော ဂုဏ်ပုဒ်တို့က ကိုကို့ဆီတွင် အထင်းသား ပေါ်လွင်နေတော့၏။
ဆည်းဆာကတော့ တိုက်ပုံ အညိုလေးနှင့်ဖြစ်ကာ အဖိုးကြီးပေါက်စလေးလို ဖြစ်နေချိန် ကိုကိုကတော့ ခန့်သန့်တောင့်ဖြောင့်လွန်းကာ ချောမောလွန်းနေသည်မို့ မနာလိုချင်စဖွယ်ပင်။

"ဘာတွေ ဆူပုတ်နေတာလဲ ဆည်းဆာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်ဖို့ နောက်ကျတော့မယ် ဘိုးဘွားရိပ်သာလည်း ဝင်လှူချင်သေးတာမလား! ပေး သားကို ကိုယ့်ဆီ! မင်း ဆံပင်တွေပွနေတာ သပ်သပ်ရပ်ရပ်လုပ်ခဲ့ပြီးမှ ဆင်းခဲ့!"

လူကိုတွေ့သည်နှင့် ဘာပြီးရင် ဘာလုပ်ရမည်ဆိုသော အမိန့်တို့ကို တောက်လျှောက် ချမှတ်သွားသည့် ကိုကိုသည် ဘယ်တော့မှ မပြောင်းလဲပါ။ မျက်မှောင်တို့ တွန့်ကြုတ်မလာခင် ဆံပင်တို့ကို လက်နှင့် သပ်ရပ်အောင် ဖိချရင်း ရှေ့က ဆင်းသွားသည့် ကိုကိုတို့သားအဖနောက် အမီ လိုက်ရတော့သည်။

ကားပေါ်ရောက်သည်တွင် သားက နောက်ခန်းက ကလေးထိုင်ခုံကနေ ရယ်၍ ပြလာသည်။ ဆည်းဆာသည်တော့ ကိုကို့ဘေး ဝင်ထိုင်ရင်း အသာခိုးကြည့်မိသည်။ ကားကို မောင်းထွက်ဖို့ လုပ်နေသည့် ကိုကိုက ရှေ့ကိုသာ အာရုံစိုက်နေချိန်မို့ ဘေးတိုက်မြင်နေရသည့်အနေအထားမှာပင် ကိုကို့မေးရိုးတို့က အထင်းသား။ နှုတ်ခမ်းလေးအသာ ဖိကိုက်ရင်း Air pod ကို နားထဲ ထိုးထည့်ကာ ပြတင်းဘက်ကိုသာ အကြည့်ပို့လိုက်ရတော့၏။

SpringWhere stories live. Discover now