Chapter 1

1.6K 158 1
                                    

အပိုင်း (၁) ဟင်းချက်ခြင်း


"ဆုယောင် ... ဘာကြောင့်များ ကျွန်တော်ရဲ့ဟင်းကို အမှိုက်သာသာပဲလို့ ပြောထွက်ရတာလဲ"

"ကိုယ့်ကိုယ်ကိုယ် သူဌေးသမီးဆိုပြီး လူတွေကို လှည့်စားထားတဲ့ သူကများ။ မင်း ဒါမျိုး လုပ်လို့ရမယ်လို့ ထင်နေတာလား"

ပွက်လောရိုက်နေသော စကားသံများက နားထဲတွင်ဆူညံနေပြီး မျက်လုံးများကမူ ဝေဝါးနေဆဲ ဖြစ်လေသည်။ အချိန် ခဏကြာပြီးမှသာ မျက်စိရှေ့မှ မြင်ကွင်းက ရှင်းလင်း ပြတ်သားလာ၏။

သူမ ရှေ့တွင် ဒေါသထွက်နေသော ယောက်ျားကြီးက ရပ်နေလေပြီး သူမကမူ ပတ်ဝန်းကျင်နှင့် လက်ရှိ အခြေအနေကို တွဲစပ်မမိသေးပေ။ သူမ မှတ်မိသည်က လူများအား ကယ်တင်နိုင်ရန်အတွက် သူမသည် အမြင့်ပေါ်မှ ပြုတ်ကျလာပြီး ခေါင်းနှင့် မြေပြင် ရိုက်မိလိုက်သည် ဆိုတာကိုပင်။  ထိုမျှ မြင့်သောနေရာမှ ပြုတ်ကျထားသည့်အတွက် သူမ အသက်ရှိနေသေးသည် ဆိုသည်ကလည်း မဖြစ်နိုင်သော ကိစ္စပင်။
ထို့အပြင် သူမ သတိရလာသည်နှင့် ဤသို့သောမြင်ကွင်းအား မည်သို့သော အကြောင်းပြချက်ကြောင့် မြင်နေရသည်ကိုလည်း မသိပေ။ သူမ မေ့မြောကာ အိမ်မက် မက်နေခြင်းလေလား။

သူမ၏ ခေါင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရထားသည်မို့ သူမ ဒဏ်ရာ အခြေအနေအား သိရှိရရန် ခေါင်းခါကြည့်တော့လည်း အကောင်းပင်။ ခေါင်းအား ၃၆၀ ဒီဂရီ လှည့်လိုက်သည်မို့ သူမ၏ ရှေ့တွင် ရှိနေသော ဟင်းခွက်များကိုပါ မြင်မိလေတော့သည်။

ရုတ်တရက် ဆိုသလိုပင် သူမ၏ ခေါင်းက အဆမတန် နာကြင်ကိုက်ခဲလာပြီး သူမ၏ ခေါင်းထဲသို့ လူတစ်ယောက်၏ မှတ်ဉာဏ်များ ဝင်ရောက်လာလေတော့သည်။ ထို မှတ်ဉာဏ်များအရ သူမသည် ဆုယောင် ဟု အမည်ရသော အနုပညာရှင် တစ်ယောက် ဖြစ်နေပြီး ဖျော်ဖြေရေးလောကတွင် ကျင်လည်နေသော မထင်မရှားသူတစ်ယောက်လည်း ဖြစ်၏။

သူမသည် နွမ်းပါးသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်ငြားလည်း နာမည်ကြီးစေရန်အလို့ငှာ  လူကုံထံ အသိုင်းအဝိုင်းမှ မမလေးအသွင် ယူကာ မိုးပေါ်မြေအောက် ပင်လယ်စာများပါ မချန် ထွက်ရှိသမျှသော ဈေးကြီး အစားအစာများကို စားပြကာ သာမန် အစားအသောက်များအား ခံတွင်း မတွေ့သူအဖြစ် အသွင်ယူ၍ နာမည်ရအောင် ကြိုးပမ်းခဲ့လေသည်။ 

အနုပညာလောကတွင် သူမကဲ့သို့ပင် အစားနှင့်ကြိုးစားကာ နာမည်ရအောင် ကြိုးစားနေကြသော အနုပညာရှင် များစွာ ရှိကြ၏။ သူမသည် အိမ်တော်များမှ မမလေးများသဖွယ် အကောင်းတကာ့အကောင်းဆုံးများကို ရွေးချယ်ကာ စားသောက်ပြခြင်းဖြင့် ဖန်ရှာကာ ပရိတ်သတ်စုခဲ့ခြင်း ဖြစ်လေသည်။

မည်သို့ပင် လှည့်စားခဲ့စေကာမူ အတုအယောင်သည် အတုအယောင်သာ ဖြစ်၏။ အချိန်တစ်ခုကြာသောအခါတွင်မူ သူမ၏ လှည့်စားထားသောအရာများကို ပရိတ်သတ်များက ရှာတွေ့ခဲ့ကြပြီး ပရိတ်သတ်များ၏ ဝေဖန်ပြစ်တင်ခြင်းကို ခံရကာ အနုပညာလောကမှ ထွက်ခွာလာခဲ့ရတော့သည်။

ယခုအခါတွင်မူ သူမသည် "ချိုချို စပ်စပ် ငန်ငန်လေး" ဟူသော  အစားအသောက်ရှိုး တစ်ခုတွင် ရောက်ရှိနေလေသည်။ ထိုရှိုးတွင် ရိုက်ကူးထားသည့်က အပိုင်း နှစ်ပိုင်းသာလျှင် ရှိပြီး ပထမအပိုင်းတွင်မူ သူမသည် စားဖိုမှုး လက်သစ်လေး ဝူရွန်း၏ အသားကင်ညှပ် ဟင်းပွဲများကို အဆိုးဆုံးနှင့် အရသာ မရှိဟု ဝေဖန်ထားပြီး  လူတိုင်း၏ မျက်စိရှေ့မှာပင် ဟင်းပွဲအား အမှိုက်ပုံးထဲသို့ ပစ်ထည့်ခဲ့၏။

ဆုယောင်သည် မူလကိုယ် ပိုင်ရှင်၏ ပြီးခဲ့သောအပိုင်းတွင် လုပ်ခဲ့သော လုပ်ရပ်ကြောင့် မျက်လုံးများပင် ပြူးထွက်လာလေသည်။ စားဖိုမှုး တစ်ယောက်အနေနှင့် ဟင်းပွဲအား အမှိုက်ပုံးထဲသို့ ပစ်ထည့်ခံရခြင်းက လူပုံအလယ်တွင် ပါးချကာ အရှက်တကွဲ ဆဲဆိုခံလိုက်ရသည်နှင့် အတူတူပင် ဖြစ်လေသည်။

သူမသည်လည်း စားဖိုးမှူး မျိုးရိုးမှ မွေးဖွားလာသူ ဖြစ်လေပြီး အသက် သုံးနှစ်ကပင် စကာ ခုတ်ထစ်တတ်ခဲ့ပြီး အသက်ခြောက်နှစ်၌ မီးဖိုချောင်သို့ ဝင်နိုင်ခဲ့သူ ဖြစ်၏။ ထိုမျှသာမကဘဲ စားဖိုးမှူး လုပ်ငန်းနှင့် အသက်မွေးခဲ့သည်က အနှစ် နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်ပြီး အချက်အပြုတ် လောကတွင် ဆရာတစ်ဆူပင် ဖြစ်ခဲ့ပြီ ဖြစ်သည်။ သူမ ချက်ပြုတ်ထားသော အစားအသောက်များကို စားခွင့်ရလျှင် အသက်ပင် ပေးရလည်း ဖြစ်ပါသည်ဟူသော လူများရှိခဲ့သည် အထိပင်။ သို့သော်လည်း ဘဝကြီးသည် ချောမွေ့လွန်းနေလျှင် ကြာရှည် မနေရတတ်သည်က ထုံးစံပင် ဖြစ်လေပြီး လူတချို့အား ကယ်တင်ရင်းဖြင့် ကိစ္စချောကာ အနိစ္စရောက်ရလေပြီး ယခု ဆုယောင်၏ ကိုယ်ထဲသို့ ရောက်လာခြင်း ဖြစ်၏။ ဘဝအား အသစ်တဖန် ပြန်လည်ကာ စတင်ရပေဦးမည်။

"ကျွန်မ ထပ်ပြီးတော့ မြည်းကြည့်လိုက်မယ်"

ဆုယောင်သည် ပြောလိုက်ပြီးသည့် နောက်တွင်မူ  တူကို ကိုင်ကာ သူမ ရှေ့ရှိ ဟင်းပွဲထဲမှ ဟင်းအား နှိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ ဤသည်က မူလ ဒါရိုက်တာအဖွဲ့၏ အစီအစဉ်ထဲတွင် မပါဘဲ သူမ လုပ်ရန် ဇာတ်ညွှန်းရေးထားသော အရာလည်း မဟုတ်ပေ။ ကြည့်ရှုနှုန်းတက်စေရန်အတွက် စီစဉ်ထားသော အစီအစဉ်လည်း မဟုတ်။

ဆုယောင်သည် ဟင်းပွဲအား မြည်းစမ်းပြီးနောက်တွင်မူ ပြောစရာ စကားများပင် ကင်းမဲ့သွားလေတော့သည်။ နှစ်ပေါင်းကြာရှည်စွာ အစားအသောက် လောကတွင် ကျင်လည်ခဲ့သူအနေနှင့် ဤဟင်းပွဲ၏ အရသာသည် လက်ခံနိုင်စရာ အကြောင်း မရှိပေ။ တစ်နှစ်ကျော် နှစ်နှစ်မျှ အချက်အပြုတ် ပညာအား သင်ကြားထားသည့် စားဖိုမှုးလက်သစ်များအနေနှင့် ဤဟင်းပွဲက လက်ခံစရာအကြောင်း မရှိ။

ဆုယောင်သည် သူမ၏ မျက်လုံးကို ပိတ်ကာ စိတ်ထိန်းထားလိုက်ပြီး ပါးစပ်ထဲရှိ ဟင်းဖတ်အား ထပ်ကာ မဝါးတော့ပေ။ ဆုယောင်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ ဝူရွန်းက သည်းမခံနိုင်တော့။

"နောက်ထပ် ထွေးထုတ်ဦးမလို့လား။ ဘယ်လောက်ပဲ ကျွန်တော် ချက်ထားတဲ့ စတူးဟင်းက ဆိုးနေလို့ စားတောင် မစားနိုင် ဖြစ်နေရတာတုန်း။ တခြားအကဲဖြတ် ဒိုင်လူကြီးတွေ အားလုံးက အရသာရှိတယ်လို့ မှတ်ချက်ပေးထားတာကို မင်းက ဝင်ခွင့်တောင် မပေးချင်တဲ့ သဘောမျိုး လုပ်ပြနေတာလား"

"ဒီဟင်းပွဲက တကယ်ပဲ အရသာ မရှိနေတာဆိုရင်လည်း ဘာက အရသာမရှိနေတယ်ဆိုတာလေး သေချာရှင်းပြပြီး ဘာကို မကြိုက်လို့ လက်မခံနိုင်ဘူးဆိုတာကို သေချာလေး ရှင်းပြ သင်ကြားပေးလို့ရမလား အစ်မကြီး ....ဆုယောင် ခင်ဗျား"

ဝူရွှန်းသည် အံကိုကြိတ်ကာ ဆုယောင်အား မေးလိုက်တော့သည်။ ဝူရွှန်း၏ အမြင်တွင်မူ ဆုယောင်သည် အခွံသာလျှင် ရှိသော လေကြီးနေသည့် မင်းသမီး သက်သက်သာလျှင် ဖြစ်ပြီး အချက်အပြုတ်ပိုင်းတွင်လည်း သူမ နားလည်သည့်အရာ မရှိ ဟူ၍ ဖြစ်၏။ သူ ယခု ဖန်တီးထားသော အသားစင်းကော စတူးဟင်းသည် အဆင့်များစွာပါရှိလေပြီး ပါဝင် ပစ္စည်းများကလည်း ရှုပ်ထွေးပေသည်။ ချက်ပြုတ်ရာတွင် အမှား အနည်းငယ် ရှိထားသော်လည်း သူက ထိုအမှားများအား မမြင်သာစေရန်အတွက် နည်းလမ်း တချို့ကို သုံးကာ ဖာထားထေးထား လုပ်ထားပြီး ဖြစ်၏။ ဤသည်ကိုပင် ဆုယောင်က ပြောလာသောကြောင့် သူက ထိုကဲ့သို့ မကျေမနပ်နှင့် အငေါ့တူးကာ ဆုယောင်အား ပြောခြင်းဖြစ်သည်။ တခြားအကဲဖြတ်ဒိုင်များကလည်း သူ၏ ဟင်းပွဲအား ချီးကျူးထားကြသည်မို့ သူက ဟင်းပွဲအပေါ်တွင် ယုံကြည်ချက် အပြည့်ရှိနေ၏။

ဆုယောင်ကမူ သူမ၏ ပါးစပ်ထဲတွင် ရှိနေသော အသားဖတ်အား ကြိတ်မှိတ်ကာ မြိုချလိုက်ပြီး မျက်လုံးကိုဖွင့်ကာ ဝူရွှန်းအား ကြည့်လိုက်သည်။

"ရှင်က ဒီဟင်းပွဲကို  အရသာရှိတယ်လို့ ပြောစေချင်နေတာလား။ စိတ်မကောင်းပါဘူး။ ကျွန်မ အနေနဲ့ ဒီလို ဟင်းပွဲကို အရသာခံပြီး စားဖို့နေနေသာသာ ဒီအတိုင်း မြိုချဖို့တောင် ခက်နေတယ်။ ပြီးတော့ စားဖိုမှုး တစ်ယောက်အနေနဲ့ ဒီဟင်းပွဲမှာ ဘာအမှားတွေလုပ်ထားလဲဆိုတာ ရှင့်ကိုယ်ရှင်လည်း သိမှာပါ"

"မင်း ဘာပြောချင်တာလဲ"
ဝူရွှန်းက ဆုယောင်၏ စကားကြောင့် မလုံမလဲ ဖြစ်သွားသော်လည်း မသိဟန်သာ ဆက်ဆောင်ကာ ဟန်ကိုယ်ဖို့ နေနေလိုက်လေသည်။ နံဘေးတွင် ရှိနေသော လူများကမူ အခြေအနေအား ကြည့်ကာ ဆုယောင်သည် တမင်ပင် ဇီဇာကြောင်ကာ သူမ၏ လှည့်စားမှုများကို ထုံးစံအတိုင်း ဆက်လုပ်နေသည်ထင်၍ သက်ပြင်းသာ ချနေကြလေတော့၏။ အသံသာ ကျယ်ပြီး အဆန်မရှိသည့် သင်္ကြန်အမြောက် ဆုယောင်သည် သူမ၏ ထုံးစံအတိုင်း ဇာတ်လမ်းစနေလေပြီ ဖြစ်သည်။

"ဟုတ်ကဲ့ ခင်ဗျာ။ တစ်ယောက်နဲ့ တစ်ယောက်အရသာခံပုံ မတူကြလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒိုင်လူကြီး ဆုကတော့ ဒီဟင်းပွဲကို လက်မခံနိုင်ဘူးပြောနေတဲ့အတွက် ဒိုင်လူကြီး ဆုရဲ့ အကဲဖြတ်မှုလေးကို တစ်ချက်လောက် နားဆင်ကြည့်ကြရအောင်ဗျ"

ဘေးနားရှိ အစီအစဉ် တင်ဆက်သူကတော့ ဆုယောင်နှင့် ဝူရွှန်း အကြားတွင် မီးမွှေးနေပြီ ဖြစ်လေသည်။ ဘေးနားရှိ လူအပေါင်း၏ မျက်လုံးများကလည်း 'ချချ' ဟူ၍ အားပေးနေကြသယောင်ပင်။ ဒိုင်နှင့် ပြိုင်ပွဲဝင် စားဖိုမှုး ရန်ဖြစ်ကာ ပရမ်းပတာများဖြစ်ကြသည်က ကြည့်ရှုနှုန်းကို မိုးထိုးမတတ်တက်စေမည့် အရာများပင် ဖြစ်၏။

ဆုယောင်သည် ယခင်အပတ်ကကဲ့သို့ အစားအသောက်များအား အမှိုက်ပုံးတွင်းသို့ လွှင့်ပစ်လိုက်ခြင်း မရှိဘဲ ဝူရွန်း၏ အမှားများကိုလည်း ဝူရွှန်းအား လေးစားသမှု ထားသည့်အနေနှင့် လူတိုင်းရှေ့တွင် ထုတ်ပြောခြင်း မရှိပေ။ ဤသည်ကိုက ဆုယောင်သည် အချက်အပြုတ်တွင် အာပလာဟု လူတိုင်း အထင်ရောက်နေစေခြင်း ဖြစ်သည်။

ဆုယောင်သည် မည်သို့ ဆက်ကာ လုပ်ဆောင်ရမည်ကို စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ပြီးခဲ့တဲ့ အပတ် ပြိုင်ပွဲတုန်းက ကျွန်မ ပြောတာ အတော်လေး လွန်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီတစ်ပတ် ဟင်းပွဲကလည်း အရသာ မရှိသေးဘူး။ အရသာ မရှိအောင်လည်း အမှားတစ်ချို့ ရှိနေတယ်ပေါ့နော်။ တကယ်ဆို ဒီဟင်းပွဲက ကျွန်မ အကြိုက်ဆုံး ဟင်းပွဲတွေထဲက တစ်မျိုးပါ။ အိမ်မှာလည်း အမြဲလိုလို ချက်စားဖြစ်တယ်"

"အဲ့တာဆိုလည်း မင်းချက်တဲ့ စတူးကို စားဖိုမှုး ဝူကို ပြန်မြည်းခိုင်းလိုက်ပေါ့။ လက်ရာက ဘာတွေကွာနေလဲ သိရအောင်"

နံဘေးရှိ လူအုပ်ထဲမှ အသံက ထွက်လာလေပြီး အခြေအနေအား မီးလောင်ရာ လေပင့်လေတော့သည်။ အဆုံးသတ်တွင်မူ ဤရှိုးပွဲ ထုတ်လွှင့်သူများ၏ ရည်ရွယ်ချက်ကို ဆုယောင် နားလည်လိုက်ပြီ ဖြစ်၏။ သူမ၏ ပရမ်းပတာ ဟင်းချက်စွမ်းရည်များကို ပရိတ်သတ်ရှေ့တွင် ချပြပြီး ကြည့်ရှုနှုန်း တက်လာစေရန် တဖက်တလမ်းမှ လမ်းခင်း ကြိုးစားနေခြင်း ဖြစ်သည်။

ဆုယောင် သူမအား ချောက်ထဲသို့ ထိုးချနေသော ထိုလူများကို စကားများများ ထပ်ကာ မပြောတော့ပေ။ သူမ၏ အင်္ကျီလက်များကို ခေါက်ကာတင်လိုက်ပြီး စားပွဲပေါ်မှ ဝက်ပေါင် ရင်းသားကို ယူကာ ဟင်းချက်စင်တွင် စတင်ကာ လှီးဖြတ်လိုက်လေတော့သည်။

ဓါးရောင် တစ်ချက် လက်သွားပြီးနောက်တွင်မူ အတုံးညီညီနှင့် သေသေသပ်သပ် လှီးဖြတ်ထားသော ဝက်သားတုံးများက  ဆုယောင်၏ ညာဘက်တွင်ရှိသော ပန်းကန်းလုံးထဲတွင် ပြည့်လာတော့သည်။

ဆုယောင်က တစ်ခါတည်း ဟင်းချက်ပြတော့မလို့လား။

ဆုယောင် အသားကိုင်နေသည်ကို ကင်မရာက အကျယ်ချဲ့ ဆွဲကာ သူမ၏ လှုပ်ရှားမှု မှန်သမျှကို မှတ်တမ်းတင် ရိုက်ကူးနေလေသည်။ ဆုယောင် အသားကိုင်နေသည့်ပုံက ဝါရင့် စားဖိုမှုးကြီးများလိုပင် ကျွမ်းကျွမ်းကျင်ကျင် ရှိလှပြီး မျက်စိပဒဿလည်း ဖြစ်ပေသည်။ ဆုယောင်ကမူ ဓါးအား လက်နှင့် ထိလိုက်သည်နှင့် ပတ်ဝန်းကျင်အား အာရုံ မရှိတော့ဘဲ ချက်ပြုတ်ခြင်းအမှုတွင်သာ အာရုံလုံးလုံးလျားလျား ရောက်သွားတော့သည်။

ဝူရွန်း၏ အသားစတူးသည် အသားဖတ်များက ညီညာခြင်း မရှိဘဲ အကျက် မညီပေ။ ထိုမျှသာမက အချို စတူးဟင်းရည်တွင် ပါဝင်သော ချိုချဉ်ဓါတ်ကလည်း ညီမျှခြင်း မရှိဘဲ အသားအပြင်တွင် နူးညံ့ကာ အထဲတွင်တော့ ခြောက်နေ၏။ အရည်ရွမ်းခြင်း မရှိ။ ဟင်းချက်ဝိုင်၏ အရသာက အသားအရသာနှင့် တစ်သားတည်း ဖြစ်မနေဘဲ ကွဲထွက်ပြီး အရသာက တသီးတသန့်စီဖြစ်ကာ ပေါင်းစပ်မရ ဖြစ်နေသည်။ ဤသည်များကို ဆုယောင်က ထုတ်ဖော်ကာ ပြောဆိုနေခြင်း မရှိဘဲ စတူးဟင်းတစ်ခွက်ကိုသာ လက်တွေ့ ချက်ပြရန် စတင်လိုက်တော့သည်။

ဆုယောင်သည် ညီညီညာညာ လှီးဖြတ်ကာ အရသာနှပ်ထားသော အသားများကို ဆီအိုးထဲသို့ ထည့်၍ကြော်လိုက်သည်နှင့် မွှေးပျံ့သော အသားကြော်ရနံ့က လျှံတက်လာလေသည်။

"အနံ့လေးက မွှေးလိုက်တာ"

"အကြွပ်ကြော်လို ကြော်နေတဲ့ဟာက ဒီလို အနံ့ထွက်လာတာတဲ့။ အဓိပ္ပါယ် မရှိတာ။ စားဖိုမှုး ဝူ ကြော်တုန်းက အဲ့လို အနံ့ထွက်လာတာပဲလေ"

"ငါတော့ အနံ့က မတူဘူးလားလို့"

"ဟမ် ... နှစ်ယောက်လုံးက ကြော်ကြတာချင်း အတူတူပဲကို။ အနံ့က မတူဘူးလား"

ဆုယောင် ချက်ပြုတ်နေသည်ကို ကြည့်နေကြသော လူများကမူ နောက်ကွယ်တွင် တိုးတိုးကြိတ်ကြိတ် ဆွေးနွေးရင်းဖြင့် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ ဝူရွန်းကမူ မနေနိုင်စွာဖြင့် ဆုယောင် ကြော်ထားသည့် အသားပန်းကန်ထဲမှ အသားတစ်ဖက်အား တူနှင့်ကောက်ကာ စားလိုက်၏။

အသားသည် အနပ်ညီနေပြီး အပြင်ဘက်က ကြွပ်ရွကာ အနည်းငယ်လေးသော အရသာက ရှိနေသည်။ ဝါးနေရင်းမှပင် လေးနေသော အရသာက ပျောက်သွားပြီး  အထဲရှိ အသားများမှ ထွက်လာသော အဆီနှင့် ပျော်ဝင်ကာ အရသာကို အနေတော်ထိန်းသွားလေပြီး လျှာပေါ်ဝင် ပျော်ဝင်စွဲထင်သွားစေသည်။ အသား၏ အနံ့ကို ဟင်းချက်ဝိုင်က ထိန်းထားပေးပြီး အရသာကို ပိုမိုပေါ်လွှင်စေ၏။

ဝူကျင်း အံဩသွားသည်က ဟန်ဆောင်၍ပင် မရချေ။ သည်လို အနုပညာအသိုင်းအဝိုင်းမှာ ဟန်ပဲရှိတဲ့မင်းသမီးက သည်လို အရသာရှိတဲ့ ဟင်းမျိုး ချက်တတ်တယ်။ ဒါက ဖြစ်နိုင်လို့လား။

ဆုယောင်ကမူ သူမ၏ ဟင်းအိုးနားတွင်သာ တဝဲလည်လည် ဖြစ်နေသော ဝူရွှန်းအား ပြုံးပြကာ  စကားဆိုလေသည်။

"အကဲဖြတ် ဒိုင်တွေ စောင့်တဲ့နေရာက စောင့်နေပေးပါလား။ ကျွန်မရဲ့ ဟင်းပွဲက ရှင် အကဲဖြတ်ဖို့ ရှင့် ရှေ့ကို ရောက်လာမှာပါ။ ဒီတစ်ခါတော့ ရှင် အကဲဖြတ်ပေးရမယ့် အလှည့်ပေါ့"

ထို့နောက်တွင်မူ ဆုယောင်သည် စတူးဟင်းရည်အား ဆက်ကာ ချက်နေပြီး အသား၏ အအီဓါတ်ကို ထိန်းညှိကာ စတူး၏ မူလ အချိုသဘော မပျက်စေရန်အတွက် အချိုနှင့် အချည်ရည်တို့ကို မျှကာ ဟင်းရည်အိုးထဲသို့ ထည့်လိုက်လေသည်။ ဟင်းရည် ဆူလာသည်နှင့်အမျှ အနံ့က ပိုပိုကာ မွှေးလာလေပြီး အခန်းထဲရှိ လူအားလုံးကိုပင် ဟင်းရည်အိုးဆီမှ မျက်စိမလွဲနိုင်အောင် ဆွဲဆောင်ထားလေတော့သည်။ လျှာသပ်သူက သပ်၊ တံတွေးမြိုချသူက မြိုချနှင့် အိန္ဒြေပင် မဆယ်နိုင်ကြတော့ချေ။

ဆုယောင်၏ ဝက်သားစတူး ဟင်းရည်က အဆင့်သင့် ဖြစ်သွားသည့်အခါတွင်မူ ဆုယောင်သည် အကဲဖြတ်ဒိုင်များ ရှိနေသည့်နေရာ အခန်း၏ ဘယ်ဘက်ခြမ်းသို့ ဟင်းပွဲအား သယ်ကာ လာခဲ့လေတော့သည်။ ထိုအချိန်တွင် အခန်း၏ ညာဘက်ခြမ်းမှ အစိမ်းရောင် မျက်လုံးများနှင့် အမျိုးသားက ဆု‌ယောင် ရှိရာသို့ လာခဲ့၏။

ထိုအမျိုးသားသည် ဤအစီအစဉ်အား အဓိကကူညီထောက်ပံပေးသူ၏ ခေါင်းကိုင် ဖခင်ကြီး ဖြစ်လေပြီး သူသည် ထိုကဲ့သို့သော ဟင်းပွဲများကို မည်သို့သောအချိန်မှာမှ မစားဟု ကြွေးကြော်ထားသူလည်း ဖြစ်သည်။

"ကိုယ် နည်းနည်းလောက် မြည်းကြည့်လို့ ရမလားခင်ဗျာ"

ဆုယောင် "... ... ..."

ဝူရွန်း "... ... ..."

အကဲဖြတ် ဒိုင်နှင့် ပရိတ်သတ်များ "... ... ..."

ဟဲလို ....စပွန်ဆာ လူကြီးမင်း ခင်ဗျာ။ လူကြီးမင်း နေမကောင်းဘူးလားဗျာ။ လူကြီးမင်း ပြောတော့ သည်လို ဟင်းပွဲတွေ  တစ်သက် မစားဘူးဆို။ အခုက ဘာပြောလိုက်တာလဲဟင်။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now