Chapter 17

715 81 0
                                    

အပိုင်း (၁၇) ကန်စွန်းဥ မုန့်


ဆုယောင် ချက်လာခဲ့သော သုံးမျိုးရော စွပ်ပြုတ်ဟင်းရည်က အများကြီးဟု ထင်ရသော်လည်း စုန့်ယန်က သုံးပန်းကန်၊ ဟဲယွမ်ဟန်က တစ်ပန်းကန်ခွဲနှင့် ကျန်လေးယောက်က နည်းနည်းစီဖြင့် လူ (၇) ယောက် ခွဲဝေ စားသောက်လိုက်သောအခါ ကုန်သွားတော့သည်။

ဆုယောင်က ပြောင်သလင်းခါသွားသော စွပ်ပြုတ်အိုးကို ကြည့်ကာ ကျေနပ် ပီတိ‌ ဖြစ်သွားပြီး ပျော်ရွှင်သွားတော့၏။

ဆုယောင်၏ မျက်နှာပေါ်မှ အပြုံးများကို တိတ်တဆိတ် အကဲခတ်နေသော စုန့်ရန်က "ဒီလောက်တောင် ကျေနပ်နေတာကို ငါ့ရဲ့ ကမ်းလှမ်းချက်ကိုကျတော့ ဘာလို့ လက်မခံတာလဲ" ဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။

အစားအသောက်ဖြင့် လူတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်နိုင်၍ လေးယောက် အုပ်စုတွင် လင်းရန်ချီက အစားအမြန်ဆုံး ဖြစ်၏။

ဆာလောင်စွာ ဖြတ်သန်းခဲ့ရသော တစ်နေ့တာအတွက် လင်းရန်ချီက ဆုယောင်၏ စွပ်ပြုတ်ကို ခံတွင်းတွေ့သွားကာ ကျန်နေသော စွပ်ပြုတ်များကို အကုန်ယူစားရန် ပြင်လိုက်တော့သည်။

"ဒေါင် ..."

လင်းရန်ချီ၏ ဇွန်းက စွပ်ပြုတ်အိုးထဲသို့ ထည့်လိုက်သောအခါ စွပ်ပြုတ်ရည်များ မရှိတော့သဖြင့် အိုး၏ အောက်ခြေနှင့် သွားထိကာ အသံထွက်သွားတော့၏။

လင်းရန်ချီက အိုးအလွတ်ကို ကြည့်ပြီး မော့ကြည့်လိုက်သောအခါ လေးပန်းကန်မြောက်ကို အေးအေးဆေးဆေး စားနေသော စုန့်ရန်ကို တွေ့လိုက်ရသည်။

ထို့နောက် လတ်တလော နာမည်ကြီးနေသော "ချိုချို စပ်စပ် ငံငံလေး" အစီအစဉ်တွင် ဆုယောင်နှင့် စုန့်ရန်တို့ အတူ အကဲဖြတ်ဒိုင် လုပ်ခဲ့သည့်အကြောင်းကို သတိရသွားတော့၏။

"အဲ့အစီအစဉ်မှာ သူတို့နှစ်ယောက် အခန်းတွေက တော်တော်များပြီး ရှာဖွေမှု အများဆုံးဖြစ်နေတာ။ ဟင်းမြည်းတဲ့ အချိန်ပဲ ရင်းနှီးပြီး ကျန်တဲ့အချိန် အဆက်အသွယ် မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ အဲ့ဒါကြောင့် နှစ်တိုင်း ခြောက်ယောက်ပဲ ပါနေကြ အစီအစဉ်က ဒီနှစ် ခုနှစ်ယောက် ဖြစ်သွားတာ ဖြစ်မယ်။ ပြီးတော့ စုန့်ရန်က ဝင်လာကတည်းက ဘယ်သူ့ကိုမှ မပြုံးပြဘဲ နေနေတာ။ အိမ်သာ ထသွားတာတောင် မပြောသွားဘဲနဲ့ ဆုယောင် ရောက်လာမှ ပစ္စည်း ဝိုင်းသယ်ပေးပြီး ဆုယောင် ဘေးနား ဝင်ထိုင်တာဆိုတော့ ဘာဖြစ်နိုင်မလဲ"

တစ်စက္ကန့်အတွင်း လင်းရန်ချီ၏ စိတ်ထဲ၌ အတွေးများစွာ ပေါ်လာခဲ့သည်။

ထို့နောက် ဇွန်းကိုချကာ အကုန် စားပြီးသွားသော ပန်ကန်လုံးကို ဆုယောင်ကိုပြပြီး "ဒီနေ့ ဆုယောင် ချက်လာတဲ့ စွပ်ပြုတ်က အရမ်း စားကောင်းတာပဲ။ စားသောက်ဆိုင်က စာဖိုမှူးတွေထက်တောင် ကောင်းသေးတယ်။ မင်းက ဒီအစီအစဉ်နဲ့ အဆင်ပြေမှာ‌ သေချာတယ်။ နောက်ဆို တစ်ခုခု လိုအပ်တာရှိရင် ပြောနော်။ ကျွန်တော် ကူညီပေးနိုင်တာဆိုရင် ကူညီပေးမယ်" ဟု ပြောလိုက်၏။

"ကျေးဇူးပါ ရန်ချီ။ ဒီနေ့ ကျွန်မ ပြင်ဆင်လာခဲ့တဲ့ အစားအသောက်က နည်းနည်းတော့ ကတိုက်ကရိုက် ဖြစ်သွားတယ်။ အခွင့်အရေးရရင် ကျွန်မ ရှင့်ကို လတ်လတ်ဆတ်ဆတ် ချက်ကျွေးပါ့မယ်" ဟု ဆုယောင်က ပြုံးကာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ"

စုန့်ရန်က လင်းရန်ချီ ပြောလိုက်သော စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိနေသဖြင့် ဆုယောင်ကို အနည်းငယ် စိတ်ပျက်သွားသော မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။

"အ,လိုက်တာ။ အခုချိန်အထိ အနုပညာ လောကထဲမှာ ဘယ်လိုနေနေခဲ့တာပါလိမ့်"

....

"အားလုံး စားပြီးလောက်ပြီ ထင်တယ်"

အခန်းတွင်းရှိ အခြေအနေက အေးစက်နေသည့် အချိန်တွင် ဒါရိုက်တာ ကွမ်က တံခါးဖွင့် ဝင်လာပြီး နှုတ်ဆက်လိုက်သည်။

"နောက်ထပ် အစီအစဉ်ကို ပြောကြတာပေါ့"

ဒါရိုက်တာ ကွမ်ကို မြင်လိုက်သောအခါ အားလုံးက မတ်တတ် ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။

စုန့်ရန် တစ်ယောက်တည်းသာ ထိုင်ရာမှ မထဘဲ တောင့်တောင့်ကြီး ထိုင်နေခဲ့၏။

ရက်ပေါင်းများစွာ ကောင်းကောင်း မစားခဲ့ရသော စုန့်ရန်က သက်တောင့်သက်သာ ဖြစ်သွားသည့် ပုံစံဖြင့် ရေကို ဖြည်းဖြည်းချင်း‌ သောက်နေကာ ကျေနပ်နေသည့် မျက်နှာဖြင့် ထိုင်နေတော့သည်။

"အားလုံးပဲ၊ ထိုင်ကြ ထိုင်ကြ။ ဒီတစ်ခေါက် အစီအစဉ်ကတော့ ငါတို့ ရိုက်ကူးခဲ့တဲ့ အစီအစဉ်တွေထဲမှာ ဧည့်သည်‌ အများဆုံး အစီအစဉ် တစ်ခု ဖြစ်သွားတယ်။ လူလည်းများသလို လုပ်စရာလည်း များတယ်။ ဒီတစ်ခေါက် အစီအစဉ်က အရင် အစီအစဉ်တွေနဲ့ မတူဘူးဆိုတာ သိကြတယ်မလား"

ဒါရိုက်တာကွမ်၏ စကားကို အားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

"ဒီ 'လည်လည်သွားမယ်' အစီအစဉ်က အပိုင်းဆက်တွေ အများကြီး ထုတ်လွှင့်ခဲ့တာ ကြာပြီ။ အပိုင်းဆက်တွေ အကုန်လုံးကလည်း လျှောက်သွား  လျှောက်စားတာတွေချည်းပဲ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ခရီးသွားရမယ်"

ဒါရိုက်တာ ကွမ်ဂျောင်းက ထိုသို့ပြောပြီး စာအိတ်နှစ်အိတ်ကို ထုတ်လိုက်ကာ "ဒီတစ်အိတ်က မင်းတို့ အားလုံးအတွက် (၂၁) ရက်စာ ခရီးစရိတ်။ နောက်တစ်အိတ်က ခရီးအစီအစဉ် အကြောင်း ရေးထားတဲ့ စာရွက်။ ပိုက်ဆံ ကိုင်မယ့်လူ တစ်ယောက်၊ ခေါင်းဆောင် တစ်ယောက် လိုတယ်" ဟု ပြောလိုက်သည်။

ဧည့်သည် ခြောက်ယောက်ထဲတွင် စိတ်အားထက်သန်စွာ သွားချင်နေကြသူများ ရှိသလို စိတ်မဝင်စားဘဲ ခေါင်းရှောင်ချင်ကြသူများလည်း ရှိကြ၏။

"ဒီတစ်ခေါက် ငါတို့ အစီအစဉ် အတွက် ရိုက်ကူးရေးက အကုန် အခမဲ့ပဲ။ မင်းတို့မှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှိကြတယ် ဆိုရင်တော့ ခရီးသွား အစီအစဉ်ကို လိုမှာ မဟုတ်ဘူး" ဟု ဒါရိုက်တာ ကွမ်က ပြောကာ ခရီးသွား အစီအစဉ် ထည့်ထားသည့် စာအိတ်ကို ပြန်ယူရန် ပြင်လိုက်သည်။

ထိုအခါ အားလုံးက "လိုတယ်။ အဲ့ဒါ လိုတယ်" ဟု ထအော်ကြတော့၏။

....

ကွမ်ဂျောင်းက ညွှန်ကြားချက် အနည်းငယ် ပြောကြားပြီးနောက် ချောင်မန်လင်းကို အားလုံး၏ အရှေ့တွင် ပိုက်ဆံ ကိုင်မည့်သူအဖြစ် သတ်မှတ်လိုက်သည်။

ထို့နောက် စုန့်ရန်ကို ခေါင်းဆောင် ကိုင်ဆောင်ရမည့် မှတ်စု စာအုပ်ကို ပေးကာ "စုန့်ရန်က ထုတ်လုပ်ရေးအဖွဲ့က ဖိတ်ခေါ်ထားတဲ့ အထူးဧည့်သည်ဆိုတော့ ခေါင်းဆောင် နေရာထားရမယ်။ ပြီးတော့ စုန့်ရန်က မကြေညာထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်ပဲ။ အဲ့ဒါကြောင့် (၂၁) ရက်အတွင်း သူက မင်းတို့ကို ဦးဆောင် ခေါ်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။

စုန့်ရန်က လေးပင်စွာဖြင့် မတ်တတ်ထရပ်ကာ "ဒီကိုးနိုင်ငံကို ခရီးသွားမယ့် အစီအစဉ်က ကျွန်တော် စီစဉ်ထားတာ။ ကျွန်တော့်မှာ အစီအစဉ်တွေ ရှိပြီးသား။ ပြန်ယူထားလိုက်" ဟု ပြောလိုက်၏။

အားလုံး : "..."

....

နှစ်ရက်ကြာပြီးနောက် အစီအစဉ်ကို စတင် ရိုက်ကူးလိုက်ကြသည်။

ဆုယောင်က အထုတ်ကြီး အထုတ်ငယ်များကို သယ်ကာ ကားပေါ်သို့ တင်လိုက်၏။

ဆုယောင်က ရသစုံ အစီအစဉ် အတွေ့အကြုံ ရှိသော်လည်း ကင်မရာ အသေ တပ်ဆင်ထားသော ဟင်းချက် ပြိုင်ပွဲများတွင်သာ ပါဝင်ခဲ့ဖူးသည်။

သို့သော် ယခု "လည်လည်သွားမယ်" အစီအစဉ်က ရိုက်ကူးရေး နေရာ မတူသောကြောင့် အိမ်ကထွက်သည်မှအစ ကားပေါ်တက်သည်အထိ ပီဒီက လိုက်လံ ရိုက်ကူးနေခဲ့၏။

ဆုယောင်၏ ဘေးတွင် ထိုင်နေသော ပီဒီက အရပ်ရှည်ရှည်၊ အသားညိုညိုနှင့် သန်မာသော ယောက်ျားကြီး တစ်ယောက်ဖြစ်ကာ အရယ်အပြုံးမရှိ‌သည့် ကြောက်စရာ ကောင်းသော လူတစ်ယောက် ဖြစ်သည်။

ဆုယောင်က တိတ်တဆိတ် အကဲခတ်လိုက်ကာ ယူလာသော အိတ်ကို ဖွင့်ပြီး မုန့်ဘူးကို ထုတ်ယူလိုက်သည်။

ထို့နောက် အဖုံးကို ဖွင့်ကာ ပီဒီထံ ကမ်းပေးလိုက်ပြီး "စားပါဦး ပီဒီကြီး။ ဒီကန်စွန်းဥမုန့်ကို မနက်ပိုင်းမှာ စားရင် အစာအိမ်အတွက် ကောင်းတယ်။ ကျောက်ကပ်ကို အားဖြည့်ပေးပြီး အဆုတ်အားကောင်းစေတယ်" ဟု ပြောလိုက်၏။

ပီဒီက လေထဲတွင် ပျံ့လွင့်လာသော အနံ့မွှေးမွှေးကို ရှုရှိုက်ပြီး စိတ်လှုပ်ရှားသွားသော်လည်း မုန့်အချို၏ အကျိုး သက်ရောက်မှုများကို ကြားလိုက်သောအခါ တိတ်ဆိတ်သွားတော့သည်။

ထိုအခါမှ ဆုယောင်က သူမ စကား‌ မှားပြောမိလိုက်ပြီဟု တွေးကာ မျက်နှာကို အုပ်ပြီး မုန့်ဘူးကို ပြန်ယူလိုက်တော့သည်။

ဆု‌ယောင်၏ အိမ်မှာ လေဆိပ်နှင့် အတော်လှမ်းသဖြင့် လေဆိပ်သို့ နောက်ကျမှ ရောက်လာခဲ့သည်။

"မင်းကို စောင့်နေတာ ဆုယောင်"

"မြန်မြန်လုပ်၊ လေယာဉ် မလွတ်အောင် မြန်မြန်သွားရမယ်"

"ပစ္စည်းတွေ အကုန်လုံးရော၊ ပါလာရဲ့လား"

....

ရောက်နှင့်နေပြီးသော အခြား ဧည့်သည်များက
နောက်ကျနေ၍ အပြေးအလွှား ရောက်လာသော ဆုယောင်ကို ကြည့်ကာ ပြောဆိုနေကြတော့သည်။

ဆုယောင်က စုန့်ရန်နှင့် လင်းရန်ချီမှ လွဲပြီး အခြားသူများကို အားနာစွာဖြင့် တောင်းပန်လိုက်၏။

"အခု အချိန်မှီ ရောက်လာတာပဲ။ အဆင်ပြေပါတယ်။ အခု သွားရမယ့် အချိန်ရောက်ပြီ။ သွားကြမယ်"

စုန့်ရန်က နာရီကို ငုံ့ကြည့်ကာ ဆုယောင်ဘက်မှ ကာပြောပေးလိုက်ပြီး ခရီးဆောင်အိတ်ကို ဆွဲကာ စစ်ဆေးရေး ဂိတ်ဆီသို့ လျှောက်သွားတော့သည်။

စုန့်ရန်၏ စကားကြောင့် အခြားသူများကလည်း ငြိမ်ကျသွားကာ ဆုယောင်ကို ထပ်မပြောရဲကြတော့ပေ။

ဆုယောင်က စုန့်ရန်ကို ကျေးဇူးတင်သွားသည့်အကြည့်ဖြင့် ကြည့်ကာ စုန့်ရန်အပေါ် အမြင်ပြောင်းလဲလာခဲ့သည်။

အထူးသဖြင့် ယနေ့ စုန့်ရန် ဝတ်ဆင်ထားသော အဝတ်အစားမှာ ပုံမှန် မြင်တွေ့နေကြ ဝတ်စုံနှင့်မဟုတ်ဘဲ လူငယ်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထား
သဖြင့် သူ၏ ချောမောခန့်ညားမှုမှာ ပို၍ ပေါ်လွင်နေ၏။

စုန့်ရန်၏ ညွှန်ကြားမှုကြောင့် အားလုံးက မြန်မြန်ဆန်ဆန်ပင် စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်လိုက်ကြသည်။

ယခု ကိုးနိုင်ငံ ခရီးစဉ်မှာ စုန့်ရန် စီစဉ်ထားသော အစီအစဥ်ဖြစ်ပြီး ပထမဆုံး သွားမည့် နိုင်ငံမှာ ဂျာမနီနိုင်ငံ ဖြစ်၏။

နွေရာသီ၊ ခရီးသွား ရာသီ ဖြစ်သဖြင့် လေယာဥ်ပေါ်တွင် ခရီးထွက်လာကြသော လူများက လင်းရန်ချီ၊ ဂျီအန်းဝမ်၊ ဝမ်ယုနှင့် ချောင်မန်လင်းတို့ကို တွေ့သွားသောအခါ အလုအယက် လက်မှတ် ဝိုင်းထိုးခိုင်းကြတော့သည်။

စုန့်ရန်ကမူ ဦး‌ထုပ်ဆောင်းထားသည့်အပြင် ပေါ်ပေါ်ထင်ထင် မနေတတ်သူဖြစ်သဖြင့် စုန့်ရန်ကို သတိမထားမိကြပေ။

ထို့အပြင် ဆုယောင်နှင့် ဟဲယွမ်ဟန်ကိုလည်း တစ်
ယောက်မှ ဂရုမစိုက်ကြချေ။

ထို့ကြောင့် နှစ်ယောက်သား ရှက်ရှက်နှင့် ထိုင်ရမည့် နေရာတွင် ဝင်ထိုင်လိုက်ကြ၏။

ဆုယောင်က ပြတင်းပေါက်ဘေးတွင် ဝင်ထိုင်လိုက်သောအခါ သူမ၏ ပီဒီက ထိုင်ခုံတွင် ဆုယောင်၏ လှုပ်ရှားမှုများကို ရိုက်ကူးထားရန်အတွက် ကင်မရာကို တပ်ဆင်လိုက်သည်။

တပ်ဆင်နေဆဲအချိန်တွင် ထိုင်ခုံလှုပ်သွားသဖြင့် ဆုယောင်က သူမ၏ ဘေးတွင် တစ်ယောက်ယောက် ဝင်ထိုင်လိုက်ကြောင်း သိလိုက်ရသည်။

"မင်း ဒီနေ့ ဘာမုန့်ယူလာသေးလဲ"

စုန့်ရန်က ထိုင်ခုံပေါ်တွင် ထိုင်ချပြီးပြီးချင်း ဆုယောင်ကို မုန့်တောင်းနေသည့် ကြောင်လေး ပုံစံဖြင့် ကြည့်ပြီး လှမ်းမေးလိုက်၏။

စုန့်ရန်၏ ပုံစံက ချစ်စရာ ကောင်းနေသည့်အပြင် ခုနက ကယ်တင်ပေးထားသည့်‌ အကြွေးလည်း ရှိနေသောကြောင့် ဆုယောင်က မနေနိုင်တော့ဘဲ သူမ၏ အိတ်ထဲမှ မုန့်ဘူးကို ထုတ်ကာ "ဒီနေ့မှ လတ်လတ်ဆတ်ဆတ် လုပ်လာတဲ့ ကန်စွန်းဥ မုန့်ပါတယ်" ဟု ပြောလိုက်သည်။

"ဪ၊ ဒါလုပ်နေလို့ နောက်ကျနေတာလား"

စုန့်ရန်က မုန့်ဘူးကို ဖွင့်ကာ မုန့်တစ်ခုကို ယူစားပြီးနောက် အေးစက်နေသည့် မျက်နှာက နူးညံ့သွားသည့် ပုံစံပေါက်သွားတော့သည်။

စုန့်ရန်က ကန်စွန်းဥမုန့် တစ်ခုကို နှစ်ကိုက်သာ ကိုက်ပြီး ပလုတ်ပလောင်း စားနေကာ မုန့်ဘူးကို သူ့ဘက်သို့ ဆွဲယူလိုက်ပြီး "အများကြီးလည်း မပါဘူး" ဟု ပြောလိုက်၏။

စုန့်ရန်က နောက်ထပ် မုန့်နှစ်ခုကို ထပ်ယူစားကာ အရသာခံလိုက်ပြီး "ဒီထဲမှာ ကန်စွန်းဥအပြင် ဘာထည့်ထားသေးလဲ။ အရသာက နည်းနည်း ထူးဆန်းတယ်။ ဆေးတစ်ခုခု ပါသလိုပဲ။ ဒါပေမယ့် အနံ့တော့ မရဘူး" ဟု ဆုယောင်ကို မေး‌ပြောပြောလိုက်သည်။

"တရုတ် တိုင်းရင်းဆေး တစ်မျိုး ထည့်ထားတယ်"

"ဘာအတွက် အကျိုးရှိလဲ"

ဆုယောင်က ခေါင်းမော့လိုက်သောအခါ သူမ၏ ပီဒီနှင့် အကြည့်ချင်းဆုံသွား၍ ရှက်သွားကာ "ကျန်းမာရေးအတွက် ကောင်းတယ်" ဟု အတိုချုံးရှင်းပြလိုက်တော့သည်။

"ဪ....ဒီမုန့်က အရမ်း စားလို့ ကောင်းတယ်။ နောက်တစ်ခေါက်ကျရင် များများလုပ်ပေးနော်"

စုန့်ရန်က ထိုသို့ပြောပြီး စကား ထပ်‌မပြောတော့ဘဲ မုန့်ကိုသာ အရသာခံပြီး ပျော်ရွှင်စွာ စားနေတော့သည်။

ထိုအခါ ကင်မရာ တပ်ဆင်နေသော ပီဒီက စုန့်ရန်တို့ကို ကြည့်ကာ "ဒီနှစ်ယောက်က ဒီလောက်တောင် ရင်းနှီးကြတာလား။ ငါ့ကို ကျွေးခဲ့တဲ့ မုန့်ကို မစ္စတာ စုန့်က အရမ်း ကြိုက်နေပါလား" ဟု တွေးပြီး စိတ်ထဲတွင် မစားလိုက်မိသည်ကို နောင်တရလာတော့၏။

မုန့်စားနေသော စုန့်ရန်က ပီဒီ၏ အကြည့်ကို သတိထားမိသွားကာ "ဒီလူကြီးက အချိုမုန့်ကို စားချင်နေတာလား" ဟု တွေးပြီး ထူးဆန်းသွားတော့သည်။


...…….................................
.........................................


အပိုင်း (၁၇) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now