Chapter 19

658 84 0
                                    

အပိုင်း(၁၉) ဝက်နံရိုးချိုချဉ်


"အဆင်ပြေ၊ မပြေ ပြန်ပြောပါဦး ခေါင်းဆောင်ရဲ့"

စုန့်ရန်က ဝက်နံရိုး သုံးခု မြည်းပြီးသည့်တိုင်အောင် ကောင်း၊ မကောင်း ပြန်မပြောသေးသဖြင့် ဆုယောင်က စိတ်မရှည် ဖြစ်လာကာ မေးလိုက်တော့သည်။

ထိုအခါမှ စုန့်ရန်က အရသာ သေချာခံကာ "ချိုချဉ်အရသာက ကွက်တိပဲ။ အငံ အရသာလည်း အနေတော်ပဲ။ ကြော်ထားတဲ့ အပူချိန်ကလည်း ကောင်းတယ်" ဟု ပြောလိုက်သည်။

"ဟုတ်လား"

စုန့်ရန်ထံမှ ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ ဆုယောင်က ကျေနပ် ပီတိဖြစ်သွားခဲ့သည်။

"မင်း ဘာလို့ ကိုယ့်ဘာသာ မမြည်းကြည့်တာလဲ" ဟုစုန့်ရန်က ဆုယောင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဟွန်း၊ ဒါလေး ပြောရတာ ဘာများ ပင်ပန်းသွားမှာမို့လို့လဲ" ဟု ဆုယောင်က စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်သော်လည်း စုန့်ရန်ထံမှ ချီးကျူးစကား ထွက်လာသည့်အတွက် ကျေနပ် ပျော်ရွှင်နေသေးသည်။

"ဟင်းပွဲက လေးပွဲအပြင် ပွဲကြီးတွေဆိုတော့ ဝိုင်းသယ်ပေးပါလား၊ ခေါင်းဆောင်"

"အင်း"

စုန့်ရန်က ဝက်နံရိုးချိုချဉ် ပန်းကန်ဆီသို့ တန်းသွားကာ ယူရန် ပြင်လိုက်သည်။

သို့သော် တည်းခိုသည့်နေရာနှင့် မီးဖိုခန်း၏ အကွာအဝေးကို တွက်ပြီး မိုးများလည်း ညိုနေသဖြင့် ပန်းကန်ကို ပြန်ချကာ "နွေးနွေးလေး စားလို့ရအောင် တခြားသူတွေကို သွားခေါ်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ဆုယောင်က ခေါင်းညိတ်ပြလိုက်ပြီး မီးဖိုကို သန့်ရှင်းရေး ပြန်လုပ်နေကာ အခြားသူများကို စောင့်နေလိုက်သည်။

"အဲ့ဒါ ဆုရဲ့ကောင်လေးလား"

စုန့်ရန်နှင့် သူ၏ ပိီဒီတို့ မီးဖိုခန်းထဲမှ ထွက်သွားချိန်တွင် ဘေးမှ ကြည့်နေသော လော်ရိန်းက ထိုသို့ လှမ်းမေးလိုက်သည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သူက ကျွန်မရဲ့ ခေါင်းဆောင်ပါ။ ကောင်လေး မဟုတ်ပါဘူး လော်ရိန်းရယ်။ အထင်မလွဲပါနဲ့"

"ဟုတ်လို့လား။ ဒါပေမယ့် မင်းတို့ နှစ်ယောက်ကို ကြည့်ရတာ အရမ်း ရင်းနှီးနေသလိုပဲနော်"

အစားအသောက်များ ချက်ပြုတ်ပြီး မြည်းစမ်းနေသည့် ပုံစံမှာ သူမနှင့် သူမ ခင်ပွန်းတို့၏ ကြင်စဦး ဇနီးမောင်နှံ ဖြစ်ခဲ့ချိန်ကနှင့် တူနေသဖြင့် လော်ရိန်းက ပြုံးကာ ထိုသို့‌ မေးလိုက်သည်။

"ကျွန်မက စာဖိုမှူးဆိုတော့ တစ်ယောက်ယောက်ကို မြည်းကြည့်ခိုင်းတာက အကျင့်ဖြစ်နေလို့ပါ" ဟု ဆုယောင်က ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ပြီး "လော်ရိန်းလည်း မြည်းကြည့်ဦးလေ" ဟု ဖိတ်ခေါ်လိုက်သည်။

"ဒါဆို အားမနာတော့ဘူးနော်"

လော်ရိန်းက လူငယ် စုံတွဲကို နောက်ပြောင်နေသော်လည်း တရုတ် အစားအစာများကို မြည်းစမ်းရမည့် အခွင့်အရေးကို လက်မလွှတ်နိုင်ပေ။

"ဆု၊ မင်း ဒီမှာသာ တရုတ်စားသောက်ဆိုင် ဖွင့်မယ်ဆိုရင် ငါ အမြဲတမ်း ဖောက်သည် ဖြစ်မှာ သေချာတယ်"

ဆုယောင်၏ ဝက်နံရိုး ချိုချဉ်က စုန့်ရန်ကို အကြိုက်တွေ့စေရုံသာမက လော်ရိန်းကိုပါ အကြိုက် ဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် လော်ရိန်းက ကျေနပ်သည့် အပြုံးဖြင့် ပြုံးပြကာ လက်မနှစ်ချောင်း ထောင်ပြလိုက်သည်။

ဆုယောင်က လော်ရိန်း၏ ချီးကျူးစကားကြောင့် ကျေနပ်သွားသဖြင့် ပန်းကန်အလွတ်ကို ယူကာ ဝက်နံရိုး ချိုချဉ်များ ခွဲထည့်ပြီး လော်ရိန်းကို ပေးလိုက်၏။

လော်ရိန်းကလည်း သူမ ချက်ထားသည့် အမဲသား ပါစတာနှင့် ဆလပ်ကို ခွဲပေးလိုက်သည်။

ခဏအကြာတွင် စုန့်ရန်က လင်းရန်ချီ၊ ဂျီအန်းဝမ်နှင့် ဟဲယွမ်ဟန်တို့ကို ခေါ်လာခဲ့၏။

ဟင်းပွဲ သုံးပွဲနှင့် ဟင်းရည်၏ အပြင်အဆင်နှင့် အရောင်အဆင်းက အလွန်လှပ မွှေးကြိုင်နေသဖြင့် အားလုံးက တွေ့လိုက်သောအခါ "ဝိုး..." တလိုက်ကြသည်။

အထူးသဖြင့် အသက် (၂၅) နှစ် ဖြစ်သော လင်းရန်ချီက အခြားသူများထက် ပိုလျင်ကာ "ဆုယောင်က အရမ်းတော်တာပဲ။ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီး ပြင်ထားတာပဲ။ ကျွန်တော်တော့ ဒီနေ့ အများကြီး စားတော့မယ်" ဟု ချဲ့ကား ပြောဆိုလိုက်သည်။

လင်းရန်ချီ၏ ပိန်ပါးသော ခန္ဓာကိုယ်ကို ကြည့်ပြီး အားလုံးက ချဲ့ကား ပြောဆိုနေကြောင်း မှတ်ချက် ပေးလိုက်ကြ၏။

သို့သော် ကင်မရာများ ရှိနေသဖြင့် ဘာမှ မပြောကြတော့ဘဲ "မြန်မြန်သွားကြမယ်" ဟု စုန့်ရန်က စပြောလိုက်သည်။

ထို့ကြောင့် တစ်ယောက်ကို ဟင်းတစ်ပွဲစီ ကိုင်ကာ တည်းခိုသည့် နေရာသို့ ပြန်သွားကြတော့၏။

လူလေးယောက် ဟင်းပွဲ လေးပွဲ အချိုးကျ သယ်သွားသဖြင့် ဆုယောင်က ဘာမှ မသယ်ရတော့ပေ။

စုန့်ရန်ကမူ အခြားဟင်းပွဲများကို စိတ်မဝင်စားဘဲ ဝက်နံရိုးချိုချဉ် ဟင်းပွဲကိုသာ အရယူကိုင်လိုက်သည်။

မီးဖိုခန်း အပြင်သို့ ရောက်သောအခါ မိုးဖွဲလေးများ စတင်ကျလာတော့၏။

ဆုယောင်က မီးဖိုခန်းထဲတွင် မီးအပူချိန်ဖြင့် အိုက်နေသော်လည်း အပြင်ဘက်ရှိ လေအေးများနှင့် ထိတွေ့လိုက်သောအခါ ချမ်းလာသဖြင့် သူမ၏ ဂျပ်ကပ်အင်္ကျီကို လည်ပင်းအထိ ဇစ်ဆွဲတင်လိုက်သည်။

ဦးထုပ်ကို ဆောင်းပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားလိုက်ရာ အဝေးက ကြည့်လိုက်လျှင် လူပုလေးနှင့်ပင် တူနေတော့သည်။

"ထီးသွားပေးလိုက်၊ ဂျီအန်းဝမ်"

"ဟမ်"

ထီးယူလာသော ဂျီအန်းဝမ်ကို စုန့်ရန်က မေးငေါ့ပြီး ဆုယောင်ကို ထီးပေးခိုင်းလိုက်သည်။

ဂျီအန်းဝမ်က မသိချင်ယောင်ဆောင်နေခဲ့သော်လည်း စုန့်ရန်၏ အမိန့်ကြောင့် မတတ်သာဘဲ ဆုယောင်ကို ထီးသွားပေးလိုက်ရသည်။

တည်းခိုသည့်နေရာသို့ ရောက်သောအခါ ချောင်မန်လင်းက ဆီးကြို၍ "ဘာတွေ ချက်ထားတာလဲ၊ ကြည့်ရအောင်" ဟု ပြောလိုက်၏။

ချောင်မန်လင်းက ဆုယောင်၏ အစားအသောက်ရှိုးများကို ကြည့်ဖူးသော်လည်း ဆုယောင်နှင့် ရိုက်ကူးရေး အဖွဲ့ ပူးပေါင်းကာ လုပ်ကြံ ရိုက်ကူးထားသည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ဈေးသွားဝယ်သည့် အချိန်၌ ပစ္စည်းများ ရွေးဝယ်နေသည့် ဆုယောင်၏ အနေအထားက ဟင်းချက်တတ်သည့် ပုံစံ ဖြစ်နေကြောင်းကို ယုံကြည် သိရှိသွားခဲ့၏။

သို့သော် အိမ်ချက် ချက်တတ်သူမှာ အထင်ကြီးစရာ ကောင်းလိမ့်မည် မဟုတ်ဟု ချောင်မန်လင်းက တွက်ချက်ထားသည်။

ချောင်မန်လင်းက စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်လိုက်ပြီး "ဟင်း....ဘာလို့ ဟင်းတွေက ဆီတွေအရမ်းများနေတာလဲ။ အနုပညာရှင် တစ်ယောက်က အဲ့လောက် ဆီများတာတွေ မစားသင့်ဘူးလေ။ အိမ်မှာရော ဒီလိုပဲ စားနေတာလား ဆုယောင်" ဟုမဲ့ရွဲ့ကာ ပြောလိုက်သည်။

"ဟုတ်တယ်လေ၊ အစ်မ မန်လင်း"

"ဒီလိုဆီများတဲ့ အစားအသောက်တွေ စားနေတာတောင် မင်းရဲ့ ခန္ဓာကိုယ်က ပိန်နေတာဆိုတော့
တကယ် အံ့ဩစရာပဲနော်"

"ဟုတ်တယ် အစ်မ မန်လင်း။ ကျွန်မရဲ့ ခန္ဓာကိုယ်က ဘယ်လောက်စားစား မဝတဲ့ ခန္ဓာကိုယ်မျိုး။ တကယ်လို့ အစ်မ ဝမှာ ကြောက်ရင် နောက်နေ့ အာရှဈေးကို သွားပြီး ဟင်းသီဟင်းရွက်တွေ သွားဝယ်ကြမယ်လေ" ဟု ဆုယောင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ဆုယောင်၏ စကားကြောင့် ချောင်မန်လင်းက နှုတ်ခမ်းများက ပြုံးနေသော်လည်း မျက်လုံးများက ကြောက်စရာကောင်းလာခဲ့၏။

တင်းမာနေသော အခြေအနေကြောင့် "ကဲ ကဲ၊ ဟင်းတွေက အေးသွားရင် စားမကောင်းဘူး။ စားကြမယ်။ တစ်နေ့လုံးလည်း ကောင်းကောင်း မစားရသေးတော့ ထမင်းပူပူလေးနဲ့ စားကြမယ်" ဟုဟဲယွမ်ဟန်က ပြောကာ ဝင်ထိန်းလိုက်သည်။

"ဟုတ်တယ်၊ စားကြမယ်"

"အင်း"

စုန့်ရန်ကမူ တိတ်ဆိတ်ပြီး ဆုယောင် ဘေးတွင် ဝင်ထိုင်ကာ ဆုယောင်ကို လေးစားသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ချောင်မန်လင်းမှ လွဲ၍ အားလုံးကလည်း စားပွဲပေါ်ရှိ အစားအသောက်များတွင်သာ အာရုံရောက်ပြီး ဆုယောင်တို့ ကိစ္စကို အာရုံ မရှိတော့ပေ။

အပူခံအိုးအဖုံးကို ဖွင့်လိုက်သောအခါ ဟင်းပွဲများ၏ မွှေးရနံ့က ပျံ့လွင့်လာခဲ့သည်။

တစ်နေ့လုံး ဆာလောင်နေကြသော ဧည့်သည်များက အခြားသူများကိုပင် ဂရုမစိုက်အားတော့ဘဲ ခေါင်းကို ငုံ့ကာ စားကြတော့၏။

ဂျီအန်းဝမ်က အာလူးမျှင်ချဉ်စပ်ကြော်နှင့် ကြက်ဥခရမ်းချဉ်သီး ဟင်းရည်ကို အားပြု စားနေပြီး ဝမ်ယုက အမဲသားငရုတ်ကောင်းချက်ကို အားပြုစားနေသည်။

ဟဲ့ယွမ်ဟန်နှင့် လင်းရန်ချီကမူ ဟင်းပွဲ အကုန်လုံးကို ယူစားကြ၏။

စုန့်ရန် တစ်ယောက်တည်းသာ စစားသည့်အချိန်မှ စ၍ ဝက်နံရိုး ချိုချဉ် တစ်ခုတည်းကိုသာ ယူစားပြီး အခြား ဟင်းပွဲများကို လုံးဝမထိပေ။

အချိန်ခဏလေးအတွင်း စုန့်ရန်၏ အရှေ့၌ ဝက်နံရိုးအရိုးများ ပုံလာတော့သည်။

အခြားသူများက ပျော်ရွှင်စွာ စားသောက်နေကြချိန်၌ မပျော်မရွှင် ဖြစ်နေသော သူမှာ ချောင်မန်လင်း ဖြစ်သည်။

"ဟွန့်၊ ဒီလောက်လေးနဲ့ လာဆွဲဆောင်လို့ ရမယ်များထင်နေလား"

"အဟမ်း အဟမ်း"

လုံးဝ စမစားရသေးသော ချောင်မန်လင်းက မဟာမိတ်များ၏ စားသောက်နေပုံကို ကြည့်ပြီး စိတ်တိုလာသဖြင့် ဝမ်ယုကို စားပွဲခုံအောက်မှ လှမ်းတို့လိုက်သည်။

"အစ်မ မန်လင်း၊ ကျွန်မကို ဘာလို့ တို့လိုက်တာလဲ"

ဝမ်ယုက အကျယ်ကြီး ထပြောလိုက်သဖြင့် "ဆောရီး။ ငါ မတော်တဆ ထိမိသွားတာ" ဟု ချောင်မန်လင်းက ပြန်ပြောလိုက်သည်။

"ဪ၊ ရပါတယ်။ အစ်မလည်း စားတော့လေ"

ဝမ်ယုက အစားအသောက်များကို နှစ်ခြိုက်နေသဖြင့် ချောင်မန်လင်း၏ အရိပ်အကဲပြမှုကိုပင် မသိတော့ချေ။

ထိုအခါ ချောင်မန်လင်းက ဘယ်ဘက်တွင် ထိုင်နေသော ဂျီအန်းဝမ်ကို ထပ်တို့လိုက်ရာ "ဘာလို့လဲ၊ အစ်မ မန်လင်း။ ထမင်း ထပ်ယူမလို့လား" ဟု ဂျီအန်းဝမ်က နားမလည်ဘဲ ထမေးလိုက်သည်။

"စား စား၊ ထားလိုက်တော့"

ချောင်မန်လင်းက စိတ်တိုစွာဖြင့် ဟင်းပွဲများကို ယူစားလိုက်လေရာ အကြိုက်တွေ့သွားပြီး မကြာခင်တွင် အခြားသူများနှင့်အတူ ခေါင်းငုံ့ကာ စားလိုက်တော့သည်။

.....

ခဏကြာသောအခါ လော်ရိန်း၏ ဟင်းပွဲများအပါအဝင် ဟင်းပွဲများ အားလုံး ကုန်သွားတော့သည်။

"ကျွန်တော့်ရဲ့ ဇာတိက ကျန်းစုနဲ့ ကဲချန်ဆိုတော့ အိမ်မှာလည် ဝက်နံရိုး ချိုချဉ်ဟင်းကို အမြဲချက်စားဖြစ်တယ်။ ကျွန်တော့် အိမ်က ချက်တာကိုပဲ အကောင်းဆုံးလို့ ထင်နေတာ။ ဆုယောင် ချက်ထားတာကို စားလိုက်မှပဲ ဘာက အကောင်းဆုံးလည်း ဆိုတာ သိသွားတော့တယ်။ မင်း အဲ့ဟင်းကို စားသောက်ဆိုင် ဖွင့်ပြီး တစ်ပွဲ တစ်ထောင်နဲ့ ရောင်းမယ်ဆိုရင်တောင် လာစားကြမယ့် သူတွေ အများကြီး ရှိမှာပဲ" ဟု လင်းရန်ချီက မြှောက်ပင့်ပြောဆိုလိုက်သည်။

"ကျေးဇူးပါ"

ထမင်းစားပွဲရှိ လူများက ဆုယောင်၏ လက်ရာကို ချီးကျူးနေကြပြီး ဂျီအန်းဝမ်နှင့် ဝမ်ယုတို့ကပင် သူတို့၏ အကြိုက်နှင့် ထပ်တူကြသည်ဟု ပြောဆို ချီးကျူးနေကြသည်။

"ခေါင်းဆောင်ရော ဘယ်ဟင်းကို အကြိုက်ဆုံးလဲ" ဟု လင်းရန်ချီက မေးပြီး စုန့်ရန်ကို ကြည့်လိုက်သောအခါ အရှေ့တွင် ပုံထားသော ဝက်နံရိုး အရိုးများကို မြင်သွားပြီ "ဆောရီးပါဗျာ။ ကျွန်တော် အရေးမပါတာ မေးလိုက်မိပြီ ထင်တယ်။ ခေါင်းဆောင်က ဝက်နံရိုးချိုချဉ်ကို ကြိုက်တယ်ဆိုတာ မေးစရာကို မလိုတော့ဘူး" ဟု ပြောလိုက်၏။

လင်းရန်ချီ၏ ပြောစကားကြောင့် အားလုံးက ထရယ်လိုက်ကာ ဆုယောင်က စိတ်ထဲမှ "သွားပြီ။ ဒီအပိုင်းသာ ထုတ်လွှင့်လိုက်လို့ကတော့ တည်ငြိမ်တဲ့ သူဌေးရဲ့ ပုံစံတော့ ပျက်ပါပြီ၊ ဟဟ" ဟု ကြိတ်တွေးပြီး ရယ်လိုက်သည်။

ထိုအခါ ချောင်မန်လင်းက ရလာသည့် အခွင့်အရေးကို ဖမ်းဆုပ်လိုက်ကာ "ဇာတိအကြောင်းပြောမှ ဆုယောင်က ဟူနန် အလယ်ပိုင်းက လာတာမလား။ ငါသိသလောက်ဆို အဲ့ကလူတွေက အစပ်ကြိုက်ကြတာတဲ့။ ဒါပေမယ့် ဆုယောင်က အချို ပိုစားနေသလိုပဲနော်" ဟု စောင်းချိတ် မေးမြန်းလိုက်သည်။


ထို့နောက် "ဪ၊ ဟိုတစ်ခါကလည်း စွပ်ပြုတ်အချို ချက်လာသေးတယ်နော်။ အဲ့တုန်းကလည်း အရမ်း စားကောင်းတာပဲ။ ခေါင်းဆောင်ဆို အများကြီး စားတာလေ။ ကြည့်ရတာ ဆုယောင်နဲ့ ခေါင်းဆောင်က အကြိုက်တူတယ် ထင်တယ်" ဟု အဓိပ္ပာယ်ပါပါ ဆက်ပြောလိုက်သည်။

ချောင်မန်လင်းက စိတ်ထဲမှ "ဆုယောင်က မစ္စတာစုန့်ရဲ့ အကြိုက်တွေကို စုံစမ်းပြီး တမင်ချဉ်းကပ်နေတာ ဖြစ်မယ်" ဟု တွေးလိုက်၏။

ထို့အပြင် ဘေးချင်းကပ်လျက် ထိုင်နေကြသော ဆုယောင်တို့ နှစ်ယောက်ကို ကြည့်ပြီး ပို၍ တွေးလေလေ သူမ၏ အထင်က ပို၍ သေချာလာလေလေ ဖြစ်လာတော့သည်။

စုန့်ရန်က ချောင်မန်လင်း၏ စကားကြောင့် ဆုယောင် ချက်ကျွေးခဲ့သော ဟင်းပွဲများကို ပြန်စဉ်းစားလိုက်ကာ ဆုယောင်က သူ့ကို အမှန်တကယ်ပင် သဘောကျနေပြီလားဟု ထင်လာတော့သည်။

"ဒါဆို ဘာလို့ ငါ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တာလဲ"

ချောင်မန်လင်းက ဆုယောင်နှင့် ပြဿနာ ဖြစ်မည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ဆုယောင်ကမူ စိတ်ထဲမှ "ငါ့ဘာသာငါ အချိုပဲ ကြိုက်ကြိုက်၊ အစပ်ပဲ ကြိုက်ကြိုက် ငါက အရသာငါးမျိုးလုံးကို ကြိုက်တာ ဘာပြဿနာ ရှိလို့လဲ" ဟုမကျေမနပ် ရေရွတ်လိုက်၏။


...…….................................
.........................................


အပိုင်း (၁၉) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now